ဘာကြောင့် အစ္စလာမ်ကို ရွေးချယ်သင့်ပါသလဲ - အပိုင်း (၂)

 

၅။ ပြစ်မှုများကို ခွင့်လွှတ်ခြင်း

“အလ္လာဟ်၏ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြလေနှင့်။ ဧကန်စင်စစ် အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးသနားတော်မူသော၊ အလွန်တရာ သနားကြင်နာတော်မူသော အရှင် ဖြစ်ပေသည်။” (ကုရ်အာန် ၃၉:၅၃)
အစ္စလာမ်သည် ယုံကြည်သူတို့ကို ဖန်ဆင်းရှင်၏ ဂရုဏာသက်မှုကိုလည်း မျှော်ကိုး၍ ဖန်ဆင်းရှင်ထံမှ အပြစ်ဒဏ်ခတ်မှုကိုလည်း ကြောက်ရွံ့နေရန် ဆုံးမထားပါတယ်။ ဘဝအပေါ်အကောင်းမြင်စိတ်ရှိရန်နှင့် မိမိကိုယ်ကို နှိမ့်ချတတ်ရန် နှစ်ခုလုံး လိုအပ်ပါတယ်။ကျွန်တော်တို့ဟာ အပြစ်ကင်းစင်စွာမွေးဖွားလာခဲ့ပါတယ်။ သို့သော် မိမိ၏လွပ်လပ်သော စိတ်ဆန္ဒအရ ပြစ်မှုများကျူးလွန်နိုင်ကြပါတယ်။ ဖန်ဆင်းရှင်က ကျွန်ုပ်တို့ဟာ မပြည့်စုံဘူး၊ ပြစ်မှုတွေကျူးလွန် နိုင်တယ်ဆိုတာ သိပါတယ်။ အရေးကြီးသည်မှာ ကျွန်ုပ်တို့ဟာ ကျူးလွန်မိသော ပြစ်မှုများအပေါ် ဘယ်လိုတုံ့ပြန်လဲဆိုတာပဲ ဖြစ်ပါတယ်။ အစ္စလာမ်က ဖန်ဆင်းရှင်ဟာ အလွန်တရာ သနားကြင်နာတော်မူသောအရှင်ဖြစ်ကြောင်း ၊ စိတ်ရင်းမှန်ဖြင့် ဝန်ချတောင်းပန်သူများကို ခွင့်လွှတ်ချမ်းသာ ပေးတော်မူမှာဖြစ်ကြောင်း သင်ပြပေးထားပါတယ်။ နောင်တရအမှားဝန်ချခြင်းရဲ့ လှပသော အဆင့်များမှာ စိတ်ရင်းမှန်ကန်ခြင်း၊ နောင်တရခြင်း၊ ထိုအပြစ်မှရှောင်ကြဉ်ခြင်းနှင့် နောက်တဖန် ထပ်ခါထပ်ခါ မကျူးလွန် တော့ရန် စိတ်တွင်ရည်စူးခြင်းတို့ပါဝင်ပါတယ်။ အစ္စလာမ်က မိမိကိုယ်ကို တိုးတက်ဖို့ မိမိကိုယ်ကို အပြစ်များမှ သန့်စင်စေဖို့ အမြဲကြိုးစားနေဖို့ အားပေးတိုက်တွန်းပါတယ်။ ဤသည်မှာလည်း မိမိနှင့် ဖန်ဆင်းရှင် အကြားတွင် သာ ဖြစ်ပါတယ်။ မိမိ၏ ပြစ်မှုများကို သူတော်စင် (သို့မဟုတ်) ဘုန်းတော်ကြီး တစ်ပါးပါးထံသို့ ဝန်ခံပြောပြရန် လည်း မလိုအပ်ပါ။ ထို့အပြင် ၊ ဖန်ဆင်းရှင်ဟာ ပြစ်မှုတွေကို ခွင့်လွှတ်ရန် မိမိကိုယ်ကိုအနစ်နာခံ စရာလည်း မလိုအပ်ပါ၊ ပြစ်မှု ဒုစရိုက်၌ မွေးဖွားလာသူလည်း မဟုတ်ပါ။ 


၆။ တာဝန်ခံမှုနှင့် တရားမျှတမှု၏ အထွပ်အထိပ်

အစ္စလာမ်တွင် ဖန်ဆင်းရှင်ဟာ တရားမျှတမှုအရှိဆုံးဖြစ်တော်မူပြီး တရားစီရင်သောနေ့တွင် လူတိုင်း ဟာ မိမိပြုခဲ့သော အမှုကိစ္စမှန်သမျှ နှင့်ပတ်သတ်၍ တာဝန်ယူဖြေရှင်း ရမည်ဖြစ်ကြောင်း အသိပေး ဆုံးမ ထားပါတယ်။ လူတစ်ယောက်ချင်းစီဟာ အမှန်အမှားကို ခွဲခြားတတ်သော အသိဉာဏ်နှင့် ‌လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့်ရှိတာကြောင့် မိမိ၏ လုပ်ဆောင်ချက်များအပေါ် တာဝန်ခံဖြေရှင်းရမှာဖြစ်ပါတယ်။ 
ကောင်းမှုများအတွက် ချီးမြင့်ရန်၊ ပြစ်မှုများအတွက်အပြစ်ဒဏ်ချမှတ်ရန် တရားစီရင်သောနေ့ရှိခြင်းဟာ တရားမျှတမှုအတွက် သေချာပေါက်လိုအပ်ပါတယ်။ ဒီကမ္ဘာမှာက စစ်မှန်သော တရားမျှတမှု မရရှိနိုင်တာ ကြောင့် ထိုသို့တရားစီရင်သောနေ့မရှိပါက ဘဝဟာ မတရားဘူးဖြစ်ပါလိမ့်မယ်။ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ တာဝန်တွေကို ဘယ်လောက်ထိကျေပွန်ခဲ့သလဲ၊ ကျွန်ုပ်တို့၍ စိတ်ဆန္ဒကို မည်မျှချိုးနှိမ်ခဲ့သလဲ သေချာပါက် စစ်ဆေးမေးမြန်း စီရင်ခြင်းခံရမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ပြုမူသမျှကို သိမြင်တော်မူသော ၊ အလုံးစုံကိုသိရှိ တော်မူသော ဉာဏ်ပညာအပေါင်း၏အရှင်သခင် ဖန်ဆင်းရှင်၏စီရင်ဆုံးဖြတ်ခြင်းကို ခံကြရမှာဖြစ်ပါတယ်။ ဒီလိုအသိရှိခြင်းက ပို၍ ဟန်ချက်ညီသော လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကို ဖြစ်စေပြီး နောက်ဆုံးတွင် တရားမျှတမှုက အနိုင်ရရှိမှာ ဖြစ်ကြောင်း လူသားတို့ သိရှိကာ ကျေနပ်ရောင့်ရဲစေပါတယ်။

၇။ လက်တွေ့ကျ၍ မျှတသော ဘဝနေထိုင်နည်း

အစ္စလာမ်ဟာ တည်ငြိမ်အေးချမ်းသော ဘဝအတွက်လိုအပ်သော သစ္စာတရားနှင် အပြုအမူ နှစ်ခုလုံး၏ မျှတသော အခြေအနေကို ပေးစွမ်းပါတယ်။ အခြေအနေ အနေအထားအမျိုးမျိုး အတွက်လမ်းညွှန်မှုကိုလဲ ပေးစွမ်းပါတယ်။ အစ္စလာမ်ဟာ လူသားတို့ရဲ့ ဝိဉာဉ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှင့် လူမှုရေး ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် လက်တွေ့ကျသော ခဝပ်ဆည်းကပ်မှုများနှင့် လက်တွေ့ ကျသော ဘာသာတရားဖြစ်ပါတယ်။ 
 အကျိုးကျေးဇူးများစွာရှိသော လက်တွေ့ကျသော ခဝပ်ဆည်းကပ်မှုများမှ ဥပမာ များကိုဖော်ပြပါမယ်။

နေ့စဉ်ငါးကြိမ်ဝတ်ပြုမှု - ယနေ့ခေတ်ရဲ့ အလုပ်များသော လူနေမှုဘဝတွင်  ဖန်ဆင်းရှင်နှင့် ပုံမှန် အဆက်အသွယ်ရှိနေ၍ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း၍ စိတ်ဝိဉာဉ်ကို ကြွယ်ဝစေပါတယ်။ ဖန်ဆင်းရှင်အား ဦးညွှတ်ခြင်း၊ ဦးချခြင်းဖြင့် မိမိကိုယ်ကို နှိမ့်ချ စေတတ်ပါတယ်။ အစုအဝေးဖြင့် ဝတ်ပြုခြင်းဖြင့် ယုံကြည်သက်ဝင်သူများ အကြား အတားအဆီး၊ မာနတရား၊ လူမျိုးရေး ခွဲခြားမှုများကို ပပျောက်စေပါတယ်။  ဖန်ဆင်းရှင်၏ ရှေ့မှောက်တွင် ပုံမှန် ရောက်ရှိခြင်းဖြင့် ပြစ်မှု ဒုစရိုက် ကျူးလွန်မှုများမှ ရှောင်ကြဉ်ရန် လွယ်ကူစေပါတယ်။ 
သတ်မှတ်ထားသောပေးကမ်းလှူဒါန်းခြင်း- တကိုယ်ကောင်းဆန်ခြင်းမှ သန့်စင်ပေးပါတယ်။ သူဆင်းရဲ တို့အပေါ်စာနာတတ်စေပြီး ဖန်ဆင်းရှင်ထံမှကောင်းချီးမဂ်လာ များကို သတိရ ကျေးဇူးတင်တတ်စေပါတယ်။ ဆင်းရဲမှု၊ ဆင်းရဲ ချမ်းသာကွာဟမှုတို့ကို လျှော့ကျစေပါတယ်။ 
ဥပုသ်လ(ရမသွာန်)တွင် ဥပုသ်စောင့်ထိန်းခြင်း-စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်စေပြီး မိမိစိတ်ကို စင်ကြယ်စေပါတယ်။ သိပ္ပံ ပညာအရ လည်းကျန်းမာရေးကို အထောက်အကူဖြစ်စေကြောင်း သက်သေပြ ထားပါတယ်။ မရှိဆင်းရဲသားတို့ကို ကိုယ်ချင်းစာနာတတ်စေပါတယ်။ ဖန်ဆင်းရှင် ကို နာခံကျိုးနွံတတ်စေရန် လေ့ကျင့်ပေးပါတယ်။ 
ဘုရားဖူးခရီး(ဟဂျ် ခေါ် ဖန်ဆင်းရှင်၏ အိမ်တော်ကိုသွားရောက်ဖူးမျှော်ခြင်း)-တူညီသော အဝတ်အစားကို ဝတ်ဆင်ကာ အတူစုဝေး၍ ဝတ်ပြုခြင်းနှင့်ကောင်းမှုများပြုခြင်းဖြင့် အရောင်စုံ၊ လူမျိုးပေါင်းစုံ၊ အခြေအနေပေါင်းစုံ ၊ နိုင်ငံသားပေါင်းစုံ တို့ကို ပေါင်းစည်း ပေးပါတယ်။ 
အစ္စလာမ်သည် ဖန်ဆင်းရှင်ထံမှ ဖြစ်တာကြောင့် အစ္စလာမ်က မိန့်ကြားထားသော အဆုံးအမတိုင်းဟာ အင်မတန် ကောင်းမွန်၍ မှန်ကန်စွာ လေ့ကျင့် အသုံးချမယ်ဆိုရင် လူသားတစ်တိုင်းအတွက်ရော လူ့အသိုင်းအဝိုင်း အတွက်ပါများစွာအကျိုးရှိစေပါတယ်။  ကုရ်အာန်၏ ဥပမာများတွင် ရိုးသားခြင်း၊ ခွင့်လွှတ်ခြင်း၊ မှန်ကန်ဖြောင့်မတ်ခြင်း၊ မိမိဇနီးအားကြင်နာခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ တရားမျှတခြင်း၊ အလယ်အလတ်ဖြစ်ခြင်း၊ ကျိုးနွံခြင်း၊ စိတ်ရင်း မှန်ခြင်း၊ လူကြီး မိဘများနှင့် မိသားစုများကို လေးစားခြင်း တို့ပါဝင်ပါတယ်။ ယနေ့ ကမ္ဘာမှာကြုံတွေ့နေရတဲ့ လူမှုရေး ညံ့ဖျင်းမှုများကို တားဆီးလျှော့ချနိုင်တဲ့ အခြေခံ နည်းလမ်းများစွာကိုလည်း အစ္စလာမ်က သင်ပြပေးပါတယ်။

၈။ အချိန်အကန့်အသတ်မရှိသော ကမ္ဘာ့လူသားထု တစ်ရပ်လုံးနှင့် သက်ဆိုင်သော သတင်းစကား

ကမ္ဘာဦးလူသား အာဒမ် ကို ဖန်ဆင်းချိန်မှစ၍ တရားစီရင်မည့်နေ့အထိ ခေတ်အဆက်ဆက် လူသားတိုင်းနှင့် သက်ဆိုင်သော သတင်းစကားတစ်ခု အစ္စလာမ်မှာ ရှိပါတယ်။ ယနေ့ခေတ်အထိရော အမြဲတမ်းအတွက်ပါ အကျုံးဝင်ပါတယ်။ 
"ဖန်ဆင်းရှင်ဟာ လူသားတိုင်း သိရှိနိုင်ပါတယ်။ လူသားတွေဟာ မိမိကိုယ်ကို ခွဲခြား သိမြင်၍ ယုံကြည်မှုနှင့် ကောင်းသော အကျင့်အကြံများမှ တစ်ဆင့်သာ ဖန်ဆင်းရှင်၏ နှစ်သက်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။အရှင်မြတ်၏ နှစ်သက်မှုကို လူမျိုးဂုဏ်၊ ချမ်းသာကြွယ်ဝမှု၊ ကျား/မ၊ နိုင်ငံသား ၊ လူနေမှုအဆင့်အတန်း တို့တွင် ရှာဖွေ၍မရနိုင်ပါ။’

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ