ဟီဂျဗ်ဆိုတာ ဘာလဲ?

 ဟီဂျဗ်        

ဖန်ဆင်းရှင်အားရိုသေကိုင်းရှိုင်းခြင်း၊ ဣန္ဒြေရှိခြင်း၊ ဂုဏ်သိက္ခာရှိခြင်း


ဟီဂျဗ်ဆိုတာ ဘာလဲ? 

ဟီဂျဗ်ဆိုတဲ့စကားလုံးဟာ မူလအရဗီစာလုံး “ဟဂျဗ” မှဆင်းသက်လာပြီး ဖုံးကွယ်ခြင်း၊ ဖုံးအုပ်ခြင်းလို့  အဓိပ္ပာယ် ရပါတယ်။ အစ္စလာမ့်တရားဘောင်အတွင်းမှာ ဟီဂျဗ်ဆိုတာ အရွယ်ရောက်ပြီးတဲ့ မွတ်စလင်မ်  အမျိုးသမီးတိုင်း ဝတ်ဆင်ဖို့လိုအပ်တဲ့ အဝတ်အစားကို ရည်ညွှန်းပါတယ်။ ဟီဂျဗ်မှာ လက်နှစ်ဖက်နှင့် မျက်နှာမှ လွဲပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားဖို့ လိုအပ်ပါတယ်။ အချို့ကတော့ မျက်နှာနှင့်လက်တွေကိုပါ ဖုံးအုပ်ဖို့ ရွေးချယ်ကြပြီး အဲ့ဒါကိုတော့ ဘုရ်ကာ သို့မဟုတ် နိကာဗ် လို့ခေါ်ပါတယ်။ အမျိုးသမီးတွေနဲ့ ဆွေမျိုးရင်းချာ အမျိုးသားများပဲ ရှိနေတဲ့ အခြေအနေတွေမှာတော့ ဟီဂျဗ်ကို မလိုအပ်ပါဘူး။ သို့ပေမယ့် ဟီဂျဗ်ဆိုတာ  အပြင် ပန်းသက်သက်မဟုတ်ပါဘူး။ မွန်မြတ်ခြင်း၊ ဣန္ဒြေရှိခြင်းနှင့် သိက္ခာရှိခြင်းတို့လည်း ပါဝင်ပါတယ်။ အဲ့ဒီလို သမာ ဓိရှိတဲ့ အပြုအမူတွေဟာ အမျိုးသားတွေမှာလည်း လိုအပ်ပါတယ်။ 

မွတ်စလင်မ် အမျိုးသားများဟာလည်း သူတို့ရဲ့ ဣန္ဒြေနဲ့ သိက္ခာကို ထိန်းသိမ်းဖို့အတွက် ချောင်ချိပြီး လုံခြုံ တဲ့ အဝတ်အစားများကိုသာ ဝတ်ဆင်ကြဖို့ လိုအပ်ပါတယ်။ 


ဟီဂျဗ် ဟာ အမိန့်နာခံခြင်းဖြစ်တယ်

ဟီဂျဗ်ရဲ့အကျိုးကျေးဇူးများစွာထဲကမှ၊ ပထမဦးဆုံး ဒါဟာ ဖန်ဆင်းရှင်ထံမှ အမိန့်တော်ဖြစ်ပါတယ်။ ဒါကြောင့် ဟိဂျဗ်ဝတ်ဆင်ခြင်းဟာ ဖန်ဆင်းရှင်အား ယုံကြည်ခြင်းနဲ့ နာခံခြင်းရဲ့ အမှတ်အသား တစ်ခုဖြစ်ပါ တယ်။ ကျမ်းမြတ်ကုရ်အာန်မှာ ဤသို့ဖော်ပြထားပါတယ်။ 

“အို-နဗီတမန်တော်၊ အသင်သည် မိမိ၏ ကြင်ယာတော်များ၊ မိမိ၏ သမီးတော်များ၊ သက်ဝင်ယုံကြည်သူများ၏ ဇနီးမိန်းမများအား သူတို့သည်(သူမတိုအိမ်အပြင်ထွက်စဉ်နှင့်ထိမ်းမြားခြင်းတရားဝင်သော အမျိုးသားတို့၏ ရှေ့သို သွားရောက်စဉ်) သူမတို့၏ အပေါ်ရုံဝတ်ရုံများကို မိမိတို့ (ဦးခေါင်း၊မျက်နှာနှင့် ရင်ဘတ်)အပေါ်၌ အနည်းငယ်တွဲလဲချထားကြရမည်ဟု ပြောကြားပါလေ။” (ကုရ်အာန် - ၃၃:၅၉)

ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော ဖန်ဆင်းရှင်က သူ့ရဲ့ အဖန်ဆင်းခံတို့အတွက် ဘာကအကောင်းဆုံးလဲ ဆိုတာ သိတော်မူပါတယ်။ ဒါ့ကြောင့် လူသားတို့အကျိုးအတွက် လမ်းညွှန်မှုကို ပေးထားတာဖြစ်ပါတယ်။ ဖန်ဆင်းရှင်၏ အခြားသောအမိန့်တော်များကို နာခံခြင်းကဲ့သို့၊ ဟီဂျဗ်ဝတ်ဆင်ခြင်းသည်လည်း ဖန်ဆင်းရှင်နှင့် နီးကပ်စေပြီး ဝတ်ဆင်သူအား ကျေနပ်မှု၊ ရောင့်ရဲမှု ရရှိစေပါတယ်။

ဟီဂျဗ်ဝတ်ဆင်ခြင်းဟာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်နိမ့်ကျတဲ့သဘော လုံးဝ မသက်ရောက်ပါဘူး။


ဟီဂျဗ် ဟာ ဣန္ဒြေရှိခြင်း ဖြစ်ပါတယ်

အစ္စလာမ်က လူ့အသိုင်းအဝိုင်းအတွင်းမှာ ဣန္ဒြေရှိခြင်းနဲ့ ယဉ်ကျေးသိမ်မွေ့ခြင်းကို အားပေးပြီး စာရိတ္တ ပျက်ပျားခြင်းကို အနည်းဆုံးဖြစ်အောင် သင်ပြပါတယ်။ အခြားသောအရာများထက် ဟီဂျဗ်က ဒီဦးတည်ချက်ကို ရရှိဖို့ကူညီပါတယ်။ 

“အို-တမန်တော်၊ အသင်သည် သက်ဝင်ယုံကြည်သူ အမျိုးသားများအား ဤသို့ပြောကြားပါ။ မိမိတို့၏ မျက်လွှာများကို နှိမ့်ချထားကြကုန်။ မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြကုန်။ ဤသည် သူတို့အဖို့ အသန့်ပြန့်ဆုံးဖြစ်ပေသည်။ဧကန်စင်စစ် အလ္လာဟ်သည် သူတို့ပြုလုပ်နေသည်များကို အကြွင်းမဲ့ သိတော်မူသည်။ အသင်သည် သက်ဝင်ယုံကြည်သူ အမျိုးသမီးများကို ဤသို့ပြောကြားပါ။ မိမိတို့၏ မျက်လွှာများကို နှိမ့်ချထားကြကုန်။ မိမိတို့၏ အရှက်အင်္ဂါများကို ထိန်းသိမ်းကြကုန်။ ပေါ်၍နေတတ်သော အလှအပများမှတစ်ပါး ကျန်အလှအပများကို မဖော်ကြနှင့်။ မိမိတို့၏ ဦးခေါင်းခြုံလွှာများကို မိမိတို့၏ ရင်ဘတ်များအပေါ်သို့ ချထားကြကုန်…”  (ကုရ်အာန် ၂၄ : ၃၀-၃၁)

အထက်က ကျမ်းစာပိုဒ်မှာ သတိထားကြည့်ပါ။ မျက်လွှာချပြီး ဣန္ဒြေကို ထိန်းသိမ်းဖို့  အမျိုးသားတွေကို အရင်မိန့်ဆိုထားတာတွေ့ရပါတယ်။ ဒါဟာ မိမိရဲ့ ဣန္ဒြေကို ထိန်းသိမ်းဖို့ တာဝန်အားလုံးဟာ အမျိုးသမီးတွေမှာပဲ ရှိတာ မဟုတ်ကြောင်း ဖော်ပြနေပါတယ်။ 


ဟီဂျဗ်ဟာ အကာအကွယ် တစ်ခုဖြစ်ပါတယ်။

ဟီဂျဗ်ဟာ လူ့အဖွဲ့အစည်းမှာ စိတ်ဓာတ်ပျက်ပြားမှုကို တတ်နိုင်သမျှနည်းပါးစေပါတယ်။

. မလိုလားအပ်သော ချဉ်းကပ်မှုများမှ ကာကွယ်ပါတယ်။ 

. မကောင်းသော အကြည့်များမှ ကာကွယ်ပါတယ်။ 

. အမျိုးသမီးများ လိင်စော်ကားခံရနိုင်မှုမှ ကာကွယ်ပါတယ်။ 

. ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး အမြတ်ထုတ်ခြင်းမှ ကာကွယ်ပါတယ်။ 

. မကောင်းသော တက်မက်မှုများမှ ကာကွယ်ပါတယ်။ 


ဟီဂျဗ်ဟာ ဂုဏ်သိက္ခာ ဖြစ်ပါတယ်

ဟီဂျဗ်ဟာ အမျိုးသမီးရဲ့ ဘဝအဆင့်အတန်းကို မဖိနှိပ်သည့် အပြင် ပိုပြီးမြင့်မားစေပါတယ်။ ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး အပေါ်ယံ အကဲဖြတ်ခြင်းများကို ဆန့်ကျင်ရုံမက မိမိတို့ရဲ့ ကိုယ်ပိုင် ဖြစ်တည်မှုကို တန်ဖိုးထားတတ်စေပြီး ဂုဏ်သိက္ခာရှိစေပါတယ်။ ဟီဂျဗ်ဟာ အမျိုးသမီးတွေကို သူတို့ရဲ့ ပုံပန်းသဏ္ဍာန်၊ သူတို့ရဲ့ဝင်ငွေကို ကြည့်ပြီး လူ့အသိုင်းအဝိုင်းရဲ့ ဆုံးဖြတ်ချက်တွေထက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ မှန်ကန်ဖြောင့်မတ်ခြင်း၊  အသိပညာနဲ့ လူထုကို အကျိုးပြုနိုင်မှု စတဲ့ အရည်အချင်းတွေနဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကို မြင့်မားစေပါတယ်။ 

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် သဝက္ကုလ် ကာမန် “ယီမင်နိုင်ငံ တေတာ်လှန်ရေးမိခင်ကြီး” ကို ဂျာနယ်လစ်တွေက သူမရဲ့ ဟီဂျဗ်နဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ၊ သူမရဲ့ ဉာဏ်ရည်၊ ပညာအရည်အချင်းနဲ့ မသင့်တော်ဘူးလို့ ပြောကြတဲ့အခါ သူမကဒီလိုပြန်ချေပခဲ့ပါတယ်။ 

“ကမ္ဘာဦး လူသားတွေဟာ ကိုယ်လုံးတီး နီးပါးနေခဲ့ကြတယ်။ ဉာဏ်ရည်တိုးတက်လာတာနဲ့အမျှ အဝတ်အစား ဝတ်ဆင်တတ်လာခဲ့ကြတယ်။ ယနေ့ ကျွန်မနဲ့ ကျွန်မရဲ့ ဝတ်စားဆင်ယင်မှုဟာ လူသမိုင်းတစ်လျှောက် ရရှိခဲ့တဲ့ အမြင့်ဆုံး ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပြီး ခေတ်နောက်ပြန်ဆွဲနေတာ မဟုတ်ပါဘူး။ အဝတ်အစားတွေကို ပြန်လည် ဖယ်ရှား (မလုံမခြုံ) ဝတ်ဆင်နေကြတာကသာ ရှေးခေတ်ကို ခေတ်နောက်ပြန်ဆွဲနေတာ ဖြစ်ပါတယ်။”

ဖန်ဆင်းရှင်ရဲ့ ရှေ့တော်မှောက်မှာ တန်းတူဖြစ်ဖို့အတွက် အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ တစ်ပုံစံတည်း ဖြစ်နေစရာမလိုပါဘူး။ ဒါကို ဖန်ဆင်းရှင် ချမှတ်ထားတဲ့ မတူညီတဲ့ ကဏ္ဍတွေနဲ့ တာဝန်ဝတ္တရားတွေကို ကြည့်ပြီး သိနိုင်ပါတယ်။ 


ဟီဂျဗ်ဟာ ဂုဏ်ပေးလေးစားမှု ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာရဲ့တန်ဖိုးဟာ ရုပ်ရည်ဆွဲဆောင်မှုပေါ်မှာ မူတည်နေတယ်လို့ ထင်မှတ်ပြီး လူတွေသတ်မှတ်ထားတဲ့ အပေါ်ယံ အလှအပ စံညွှန်းတွေကို လိုက်မှီဖို့၊ လူတွေရဲ့ နှစ်သက်လက်ခံမှုကို ရဖို့ကြိုးစားတာထက် တကယ်အရေးကြီးတဲ့ အတွင်းစိတ်ထားလှပဖို့၊ ပညာအရည်အချင်း တိုးတက်အောင်ကြိုးစားဖို့က ပိုပြီး လိုအပ်ပါတယ်။ 

အမျိုးသမီးတစ်ယောက်ကို သူမ ထိန်းချုပ်ပြောင်းလဲလို့မရတဲ့ အပေါ်ယံ ပုံပန်းသဏ္ဍာန်အလှအပထက် သူမရဲ့ အကျင့်စာရိတ္တ၊ အပြုအမူ ကို ကြည့်ပြီး ဂုဏ်ပေးလေးစားဖို့ အစ္စလာမ်က သင်ပြပေးထားပါတယ်။ လူ့အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု၊ လက်ခံမှုကို ရရှိဖို့အတွက် သူမရဲ့ ခန္ဓာကိုယ်ကို အသုံးချစရာ မလိုအပ်ပါဘူး။ ဟီဂျဗ်ဟာ မိမိရဲ့တန်ဖိုးကို အပြင်ပန်းအလှအပနဲ့ မဆုံးဖြတ်ဘဲ ဘာသာတရားကိုင်းရှိုင်းမှု၊ အကျင့်စာရိတ္တ ကောင်းမွန်မှု၊ သိမ်မွေ့မှု၊ ပညာပြည့်ဝမှု စတဲ့ အားလုံးတန်းတူ ကြိုးစားရရှိနိုင်တဲ့ ဂုဏ်ရည်တွေနဲ့ ဆုံးဖြတ်ဖို့ သင်ကြားပေးပါတယ်။ 

ဟီဂျဗ် သို့မဟုတ် ဘုရ်ကာ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးချင်းစီတိုင်းဟာ မတူညီကြပါဘူး။ သူတို့ဝတ်ဆင်ထားတဲ့ အဝတ်အစားပေါ်မူတည်ပြီး အားလုံးကို ခြုံပြီး သုံးသပ်တာမျိုးဟာ မပြုလုပ်သင့်ပါဘူး။ 


သမ္မာကျမ်းစာတွင်ပါရှိသော ဟီဂျဗ်

ဟီဂျဗ်ဟာ အသစ်အဆန်းတစ်ခု မဟုတ်ပါဘူး။ မွတ်စလင်မ်အမျိုးသမီးတွေဟာ မေရီ(မရ်ယမ်သခင်မ)၊ ခရစ်တော်(တမန်တော်အီစာ)ရဲ့ မိခင်တို့ကဲ့သို့ ရှေးခေတ်က သူတော်စင် အမျိုးသမီးတွေရဲ့ လမ်းစဉ်ကို လိုက်နာခြင်း ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှ သက်သေအနေနဲ့ အောက်ပါ ကျမ်းပိုဒ်နှစ်ခုပါဝင်ပါတယ်။ 

၁. ကိုရင်သီယန် ၁၁: ၃-၆

၂. တင်မိုသီ ၂: ၉-၁၀


ဟီဂျဗ်ဟာ မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း ဖြစ်ပါတယ်

“ကျွန်မဟီဂျဗ် ဝတ်ဆင်တာဟာ ဖိနှိပ်ခံရလို့မဟုတ်ပါဘူး။ ကျွန်မ ဒါကို ဝတ်ဆင်တာဟာ ကျွန်မရဲ့ လုပ်ပိုင်ခွင့်နဲ့ ဝတ်ဆင်တာဖြစ်ပါတယ်။” (ဂျိုမာနာ, ၂၃နှစ်၊ မလ်ဘုန်းမြို့)

ဟီဂျဗ်ဟာ အမျိုးသမီးတွေ မိမိကိုယ်ကို ယုံကြည်မှု ရှိစေဖို့ ကူညီပေးပါတယ်။ မိမိတို့ဘဝမှာ အမှန်တကယ် အရေးပါတဲ့ အရာတွေကို ပိုပြီး အာရုံစိုက်နိုင်စေပါတယ်။ အပေါ်ယံပုံပန်းသဏ္ဍာန်ကို အရေးပေးလွန်းတာဟာ အန္တရာယ်ရှိပြီး ကျန်းမာရေးချို့ယွင်းတာ တွေပါဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ခေတတ်မှာ အချို့အမျိုးသမီးတွေဟာ လူ့အသိုင်းအဝိုင်းရဲ့ လက်ခံမှုကို ရရှိဖို့ကြိုးစားရင်း မိမိကိုယ်ကို ဘေးဥပါဒ်ကျရောက်စေမယ့် အတိုင်းအတာတွေထိ ရောက်ကုန်ကြလို့ ဖြစ်ပါတယ်။ အဲဒီလို မိမိရဲ့ ပုံပန်းသဏ္ဍာန်နဲ့ မိမိကိုယ်ကို သတ်မှတ်ပြီး ယုံကြည်မှု ပျောက်ဆုံးကာ စိတ်ဒုက္ခ၊လူဒုက္ခရောက်ရခြင်းများမှလည်း ကာကွယ်ပေးပါတယ်။ 


ဟိဂျဗ်က အောက်ပါအချက်တွေ မဟုတ်ပါဘူး…

. ခေတ်နောက်ပြန်ဆွဲခြင်း မဟုတ်ပါဘူး။

. ဖိနှိပ်ခံရခြင်းရဲ့ သင်္ကေတတစ်ခု မဟုတ်ပါဘူး။

. အမျိုးသမီးများနှင့် ဆွေမျိုးရင်းချာ အမျိုးသားများသာရှိတဲ့အခါမှာ ဝတ်ဆင်ဖို့ မလိုအပ်ပါဘူး။

. အမျိုးသမီးတွေဟာ အမျိုးသားတွေထက်နိမ့်ကျတယ်ဆိုတဲ့ ပြယုဂ်တစ်ခု မဟုတ်ပါဘူး။

. အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ အမြင်တွေကို ဖော်ပြခွင့်ကို ကန့်သတ်ထားတာမျိုးလည်းမဟုတ်ပါဘူး။ 

. ရွေ့လျားနိုင်တဲ့ အကျဉ်းထောင်တစ်ခုလည်း မဟုတ်ပါဘူး။ 

. မွတ်စလင်မ်မဟုတ်သူတွေကို ရန်လိုမုန်းတီးခြင်း၊ မခန့်လေးစားပြုခြင်း၊ ဆန့်ကျင်ခြင်းများလည်း မဟုတ်ပါဘူး။ 

. ဒါဟာ အသစ်အဆန်းတစ်ခုလည်းမဟုတ်ပါဘူး။ သမိုင်းတစ်လျှောက် သူမွန်သူမြတ် အမျိုးသမီးတွေရဲ့ ဓလေ့ တစ်ခု ဖြစ်ပါတယ်။ 

. ဒါဟာ လူ့အခွင့်အရေးနဲ့လည်းမဆန့်ကျင်ပါဘူး။ လူသားတစ်ယောက်ကို သူ့ရဲ့ အဝတ်အစား၊ ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး ဆုံးဖြတ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း မပြုရဘူးလို့ လူ့အခွင့်အရေးမှာ ပါဝင်ပါတယ်။ 

. ခြိမ်းခြောက်လိုသောသဘော၊ လူ့ဂွစာလိုသဘောမျိုးနဲ့ ဝတ်ဆင်ခြင်းလည်းမဟုတ်ပါဘူး။


ဟီဂျဗ်နဲ့ ပတ်သက်ပြီး မွတ်စလင်မ်အမျိုးသမီးတို့ပြောခဲ့တဲ့ စကားအချို့ 

ကျွန်မ အသက် ၁၇နှစ်မှာ ဟီဂျဗ် စပြီး ဝတ်ခဲ့တယ်။ စောစောမဝတ်ခဲ့မိတာတောင် နောင်တရမိတယ်။” -ဖတန်,၂၇နှစ်၊ မလ်ဘုန်းမြို့။

“ဒါကိုဝတ်ဆင်ဖို့ အဆင်သင့် ဖြစ်ဖို့မလိုပါဘူး။ ကံကောင်းဖို့ပဲလိုပါတယ်။ -မဒီနာ,၂၂နှစ်၊ မလ်ဘုန်းမြို့။

“ဟီဂျဗ်ဝတ်ဆင်ခြင်းဟာ ကျွန်မရဲ့ လွတ်လပ်မှု၊ ကျွန်မရဲ့ ရွေးချယ်မှုဖြစ်ပါတယ်။ မီဒီယာတွေနဲ့ အမျိုးသားတွေထင်သလို ဖိနှိပ်ခံရမှု မဟုတ်ပါဘူး။” -နူဆေဘား,၄၅နှစ်၊ မလ်ဘုန်းမြို့။ 

“အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုအတွက် ဟီဂျဗ်ကို ဝတ်ဆင်ခဲ့တာကြောင့် ကျွန်မ ဟီဂျဗ် ဝတ်ဆင်ရတာကို နှစ်သက်ပါတယ်။ ကျွန်မဒီလိုတွေးလိုက်တိုင်း ပြုံးမိပါတယ်။” -အာအေရှာ,၁၃နှစ်၊မလ်ဘုန်းမြို့။ 

“ဟီဂျဗ်က ကျွန်မကို ကျောင်းတက်တဲ့အခါမှာရော၊ အလုပ်ခွင်မှာပါ အမျိုးသားတွေရဲ့မကောင်းတဲ့အကြည့်ကို စိတ်ပူစရာမလိုပဲ သွားလာနိုင်ဖို့ အကူအညီပေးပါတယ်။ ပြီးတော့ လူတွေကို ကျွန်မရဲ့ ပုံပန်းသွင်ပြင်နဲ့မဟုတ်ပဲ ကျွန်မရဲ့ အတွေးအမြင်နဲ့ အကျင့်စာရိတ္တကို ကြည့်ပြီး ဆုံးဖြတ်ဖို့ တွန်းအားတစ်ခုဖြစ်စေပါတယ်။ -မစ်.ဖလဗီယာ,၂၂နှစ်၊အမေရိကန်။

“ကျွန်မရဲ့ခန္ဓာကိုယ်ဟာ ကျွန်မနဲ့ပဲသက်ဆိုင်ပါတယ်။ ကျွန်မရဲ့ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ ရှင်းပြနေဖို့မလိုအပ်ဘူးလို့ ထင်ပါတယ်။ ပြီးတော့ ကျွန်မဒါကို ဝတ်ဆင်ဖို့ရွေးချယ်ခဲ့တာဟာ ကျွန်မကို လူသားတစ်ယောက်ထက်ဘာမျှ လျော့နည်းမသွားစေပါဘူး။” -မစ်.ယာစမင်န်,၂၁နှစ်၊ ဩစတေးလျ။ 


နိဂုံး

ဟီဂျဗ်ဟာ မွတ်စလင်မ်အမျိုးသမီးတို့နဲ့ သူမတို့ရဲ့ ဖန်ဆင်းရှင်ကြားက အမိန့်နာခံမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါဟာ ဂုဏ်သိက္ခာရှိမှုနဲ့ လုပ်ပိုင်ခွင့်ရဲ့ ပြဘုဂ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာအဝှမ်း မီလျံနဲ့ချီတဲ့ မွတ်စလင်မ်အမျိုးသမီးတွေဟာ သူမတို့ရဲ့ ယုံကြည်မှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဟီဂျဗ်ကို ဝတ်ဆင်ဖို့ ရွေးချယ်ကြပါတယ်။  ဖိနှိပ်ချုပ်ချယ်မှုနဲ့ဆန့်ကျင်ဖက်ဖြစ်ပြီး ဟီဂျဗ်ဟာ လွတ်မြောက်ခြင်း၊ စင်ကြယ်ခြင်းနဲ့ အရေးအကြီးဆုံး ယုံကြည်ခြင်း ဖြစ်ပါတယ်။ ဟီဂျဗ်ဟာ အစ္စလာမ်က အမျိုးသမီးတွေကို လေးစားဂုဏ်ပေးဖို့ သင်ပြထားကြောင်း ပြယုဂ်တစ်ခုလည်းဖြစ်ပါတယ်။ 

အမျိုးသမီးတွေဟာ တန်ဖိုးရှိတဲ့သူတွေဖြစ်ဖို့အတွက် သူမတို့ကိုယ်သူမတို့ ပြသဖို့မလိုအပ်တဲ့အခါ၊ သူမတို့ရဲ့ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားဖို့ ဆုံးဖြတ်တာကို ရှင်းပြဖို့မလိုအပ်တဲ့အခါ စစ်မှန်တဲ့ တန်းတူညီမျှမှု ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ 



ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ