အစ္စလာမ်သာသနာက ဖော်ပြသော သာတူညီမျှအခွင့်ရေး (The Right of Equality)

အစ္စလာမ်ခေါ်ငြိမ်းချမ်းရေးဘဝတည်ဆောက်မှူ လုပ်ငန်းစဉ်တွင် လူဖြစ်ရခြင်း တွင် လည်းကောင်း ၊ တာဝန်နှင့် အခွင့်အရေးတွင် လည်းကောင်း၊ တရားဉပဒေ ရှေ့တွင် လည်းကောင်း ၊ သာတူညီမျှမှု ပြဌာန်းထားပြီးဖြစ်သည်။

(က) ဖန်ဆင်းရှင် မြတ်အလ္လာဟ်ကိုယ်တိုင်က လူသားကို လူဖြစ်ခြင်းကြောင့် ဂုဏ်ပြုထားတော်မူသည်။ (ကုရ်အာန် ၁၇း၇၀)

(ခ)  ထို့ပြင် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ နဖ်စ်ဝိညည်ခေါ် ကိုယ်ရည်ကိုယ်သွေး အမျိုးအစားတခုတည်းမှ ဖန်ဆင်းပုံဖော်ထားခြင်းဖြစ်ရာ အမျိုးသမီးများသည် မွေးရာပါ ဘုန်းနိမ့်ကြသူများမဟုတ်ပဲ အမျိုးသားများကဲ့သို့ပင် ပြည့်ဝသော လူ့အဖွဲ့အစည်းဝင်များ ဖြစ်ကြသည်။ ထိုပြင် သားအိမ်ရှင် အမျိုးသမီးများ၏ အခွင့်အရေးကို အနှိုင်းမဲ့ ကိုးကွယ် ရာ  မြတ်အလ္လာဟ်သိစိတ်ဖြင့် ကာကွယ်စောင့်ရှောက်ပေးရမည်။ (ကုရ်အာန် ၄း၁ )

(ဂ)  ကမ္ဘာလူသားမျိုးနွယ်ထု တရပ်လုံးသည် တခုတည်းသော ကမ္ဘာအိမ်ထောင်စုဝင်များ (ဝါ) ကမ္ဘာရွာသားများဖြစ်ကြသည်။ လူမျိုးစုများ မျိုးနွယ်များကွဲပြားနေခြင်းမှာ တဉီးနှင့် တဉီး သာလွန်မြင့်မြတ်ခြင်းကို မှန်သောအယူ မှန်သောအကျင့် (God Consciousness) ဖြင့်သာ တိုင်းတာမည်ဖြစ်သည်။ (ကုရ်အာန် ၄၉း၁၃ )

       ကမ္ဘာသမိုင်းတွင် အစွန်းရောက် မျိုးချစ်စိတ်ကြောင့် မိမိတို့လူမျိုးသာ သန့်စင်သော မျိုးနွယ် (Pure Race) ဖြစ်သည်ဟုမှတ်ယူကာ အခြားလူမျိုးများကို မသန့်စင်သော မျိုးနွယ်များ သွေးနှောများဟု မုန်းတီးကာ ခွဲခြားဆက်ဆံမှုများ ဖယ်ထုတ်မှုများ လူမျိုး တုန်းအောင်သုတ်သင်မှူများ ဖြစ်ပေါ်ခဲ့ရသည်။ ဉပမာ ဖက်ဆစ်ဝါဒ နာဇီဝါဒနှင့် နိုင်ငံရေး ဇီယွန်ဝါဒတို့ကြောင့် ကမ္ဘာပေါ်တွင် လူ့အသက်သန်းပေါင်းများစွာ သွေးချောင်းစီးခဲ့ ရသည်။ ထိုကြောင့်လည်း UNESCO ခေါ် ကမ္ဘာကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေး မှု အဖွဲ့ကြီးက ၁၉၆၄ခုနှစ် မော်စကိုမြို့ (ဆိုဗီယက်ရုရှားနိုင်ငံ) ၌ လူမျိုးပြဿနာ (Pure Race) နှင့် စပ်လျဉ်း၍ ကမ္ဘာသိပ္ပံရှင်များစွာ ပါဝင်လျှက် ဆွေးနွေးခဲ့ရာ

- လူသားမျိုးနွယ်အားလုံးသည် မူလက တခုတည်းသော လူမျိုးနွယ် (a single species) ဆင်းသက်လာခဲ့ကြပြီး ရေကြည်ရာမြက်နုရာသို့ တစစရွေ့ပြောင်း သွားခဲ့ကြခြင်းပင် ဖြစ်ကြောင်း 

- ယခုအခါ ကမ္ဘာပေါ်တွင် လူမျိုးသန့် (Pure Race ) ဟူ၍ လုံးဝမရှိတော့ပဲ လူမျိုး အားလုံးမှာ သွေးနှော (ဝါ ) ကပြားများသာ ဖြစ်ကြကြောင်း 

- ထိုကြောင့် လူမျိုးခွဲခြားရေးဝါဒီ နိုင်ငံရေးသမားတို့၏အလိုကို ထောက်ခံမှု မပြု ကြရန် ကြေငြာချက်ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။ 

                      လူမျိုးရေးဝါဒီဟူသည် လူမျိုးကို အခြေပြုသောအတွေးအမြင် စနစ် အစွဲ အလမ်းဖြင့် ဘက်လိုက်သောစိတ်ထား ခွဲခြားဆက်ဆံသောအပြုအမူဖွဲ့စည်း တည်ဆောက်ပုံနှင့်ဆိုင်သော အစီအစဉ် စသည်တို့ ပါဝင်ပါသည်။ ခွဲခြားခြင်း ဖယ်ထုတ်ခြင်း ကန့်သတ်ခြင်းနှင့် မျက်နှာသာပေးခြင်း  စသည်တို့လည်းပါဝင်ပါသည်။



ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ