Intention (ရည်ရွယ်ချက်)

 

Intention (ရည်ရွယ်ချက်) 
ဟဒီးဆ်တစ်ပုဒ်ဆင့်ပြန်လာရှိသည်။ တမန်တော်မြတ်(ဆွ) မိန့်ကြားတော်မူသည်။ 
“ လုပ်ဆောင်ချက်ဟူသမျှဟာရည်ရွယ်ချက်အပေါ်တွင်သာမူတည်တယ်။ လူတိုင်းဟာ သူရည်ရွယ်ခဲ့တာကိုပဲ ရမယ်။ အဲ့ဒါကြောင့် တစ်ဦးတစ်ယောက်ရဲ့ နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်း(ဟိဂျ်ရသ်)ဟာ လောကီ အကျိုးရယူလိုမူအတွက် ဒါမှမဟုတ် အမျိုးသမီးတစ်ဦးဦးကို ထိမ်းမြားလိုမှုအတွက်ဖြစ်ခဲ့မယ်ဆိုရင် သူရဲ့ နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းဟာ သူရည်းစူးခဲ့တဲ့ အရာအတွက်ဘဲ (အကျုံးဝင်မှာ)ဖြစ်တယ် ။ (ဗုခါရီကျမ်း) အထက်ပါဟဒီးဆ်၏ နောက်ခံအကြောင်းမှာ အလ္လာဟ်အရှင်မြတ်က မက္ကာဟ်မှာရှိတဲ့ မွတ်စ်လင်မ်တွေကို မက္ကာဟ်ကနေ မဒီနာကိုရွှေ့ပြောင်းဖို့ အမိန့်ကျလာတဲ့အချိန်ဖြစ်တယ်။ အဲ့အချိန်မှာတမန်တော်မြတ်(ဆွ) နဲ့ အတူ သာသနာအတွက်ရည်ရွယ်ပြီးလိုက်တဲ့သူတွေသည် ၄င်းတို့၏ နိယာသ်အတိုင်းအကျိူးကျေးဇူးတွေရမှာဖြစ်တယ်။ အဲလိုမဟုတ်ဘဲ လောကီရေးရာကစ္စတွေကြောင့် လိုက်တဲ့သူတွေ၊ လက်ထပ်ထိမ်းမြား နေကာဟ်လုပ်ချင်လို့ လိုက်တဲ့သူတွေ၊ တစ်ခြားအကြောင်းတွေကြောင့်လိုက်တဲ့သူတွေလည်း ၎င်းတို့ နိယာသ်အတိုင်း အကျိူးဖြစ်ထွန်းမှာဖြစ်တယ်။ အထက်ပါ ဟဒီးဆ်၏ ဆိုလိုရင်းက ဘယ်သူဘာဘဲ လုပ်လုပ် အရှင်မြတ်သည် ထိုသူရင်ထဲဘာရှိလဲ သိတော်မူတဲ့ အရှင်ဖြစ်တယ်။ လူတွေက သူတို့ စိတ်ထဲမှာဘာကိုရည်ရွယ်ပြီးလုပ်လည်း အဲ့အတိုင်း အကျိူးရရှိမှာဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်။

 

ဥစ္စာပစ္စည်း နဲ့ ပတ်သက်ပြီးလည်း ရှာဖွေတဲ့ နေရာမှာ နည်းမှန်လမ်းမှန်နဲ့ ဟလာလ်ဖြစ်အောင်ရှာဖွေဖို့ အရေးကြီးသလို ပြန်လည်သုံးစွဲတဲ့အခါမှာလည်း  မဖြုန်းတီးဘဲ လိုအပ်တဲ့နေရာမှာ သုံးစွဲဖို့လိုပါတယ်။ ထိုသို့နည်းမှန်လမ်းမှန်နဲ့ရှာဖွေပြီး ကောင်းတဲ့နေရာ၊ လိုအပ်တဲ့နေရာမှာသုံးစွဲခြင်းသည် အရှင်မြတ်ချမှတ်ထားသော လမ်းစဉ်ကိုလိုက်နာခြင်းဖြစ်တဲ့အတွက် အကျိူးစဝါးဗ်များစွာရမှာဖြစ်တယ်။ လူတွေနဲ့ဆက်ဆံတဲ့အခါဖြစ်စေ၊ စီးပွါးရေးလုပ်တဲ့အခါဖြစ်စေ၊ ဘယ်လိုကိစ္စမျိူးမှာမဆို ရှရီအဟ်(အစ္စလာမ့်ဥပဒေ)နဲ့ အညီလုပ်သင့်ပါတယ်။ 
အစ္စလာမ်သာသနာက ကိုးကွယ်ယုံကြည်မှုတစ်ခုဆိုတာထက် ပြီးပြည့်စုံတဲ့လူနေမှုစနစ် တစ်ခုလို့ဆိုရင် ပိုပြီး မှန်ပါတယ်။ ဒါကြောင့် ကိုယ်ဘာပဲလုပ်လုပ် လုပ်မဲ့အရာက လုပ်ပိုင်လား၊ မပိုင်ဘူးလား စမ်းစစ်ဖို့ အရေးကြီးပါတယ်။ ဟဒီးဆ်တစ်ပုဒ်ဆင့်ပြန်လာရှိသည်။ 
“သာသနာတွင် ပြုပိုင်သောအရာများသည် ထင်ရှားပြီးဖြစ်တယ်၊ မပြုပိုင်သောအရာများသည်လည်း ထင်ရှားပြီးဖြစ်တယ်။ အဲ့ဒီနှစ်ခုကြားထဲမှာရှိတဲ့ အရာတွေကတော့ လူအများစု မသိကြတဲ့ သံသယဖြစ်စရာကိစ္စများဖြစ်တယ်။ (မွတ်စလင်မ်ကျမ်း) 
အစ္စလာမ်သာသနာမှာ ဘယ်အရာကလုပ်ပိုင်တယ်၊ ဘယ်အရာတော့လုပ်မပိုင်ဘူးဆိုတဲ့ ကိစ္စတော်တော်များများမှာ ရှင်းရှင်းလင်းလင်းမိန့်ကြားထားတာတွေရှိပါတယ်။ သို့ပေမယ့် အဖြူ၊ အမဲကြား ခဲရောင်ဖြစ်နေတဲ့အခြေအနေလေးတွေလည်းရှိပါတယ်။ ဥပမာ ဒါက လုပ်လို့ရတာလား၊ မရတာလား အဲလိုအခြေအနေမျိူးတွေပေါ့။ အဲလိုအခြေအနေမျိူးကြုံလာရင် အဲ့နယ်ပယ်မှာ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်ကိုအရင်ယူပြီးမှ ဆက်လက်ဆောင်ရွက်သင့်ပါတယ်။ အဲ့ဒီလိုမျိူးလုပ်ဖို့ကိုလည်းသာသနာမှာ အားပေးထားပါတယ်။ ကျွမ်းကျင်တဲ့သူတွေကို မေးမြန်းမှုမပြုနိုင်ဘူးဆိုရင် သံသယ ဖြစ်စရာ ကိစ္စတွေကို ရှောင်ရှားဖို့ တမန်တော်မြတ်(ဆွ) က ယခုလို မိန့်ထားပါတယ်။ 
“မည်သူမဆို သံသယဖြစ်စရာကိစ္စတစ်ခုခုထဲတွင် ပါဝင်ပျော်ရွှင်နေပါက၊ မကြာမီသူဟာ ကန့်သတ်ထားတဲ့ ဘောင်ထဲက ကျော်သွားတော့မှာဖြစ်တယ်” (ဗုခါရီ၊ မွတ်စလင်မ်)
ဗဟုသုတဆည်းပူးခြင်းဟာလည်း အေဗာဒသ်(ခဝပ်ဆည်းကပ်ခြင်း)ထဲမှာ ပါပါတယ်။ လူတစ်ယောက်က အမှားလုပ်မိမှာစိုးလို့ တတ်ကျွမ်းသူဆီက အကြံဉာဏ်ယူကတည်းက ထိုသူရဲ့ နိယသ်အတွက် အကျိူးကျေးဇူးတွေ ရရှိမှာဖြစ်တယ်။ အိမာမ်အဟ်မဒ်(ရဟ) က အမိန့်ရှိခဲ့တယ် “ ပညာရှာဖွေခြင်းတဲ့အခါ မိမိကိုယ်မှာရှိတဲ့ ပညာမဲ့မှုကို ပပျောက်အောင်နဲ့ တစ်ခြားသူတွေဆီမှာရှိတဲ့ ပညာမဲ့မှုကို ပပျောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှာဖွေသင့်တယ်” 
မိမိဘက်က တတ်နိုင်သလောက် ဖြူစင်သန့်ရှင်းတဲ့ ရည်ရွယ်ချက်နဲ့ အမှားနည်းအောင် ဆောင်ရွက်ရမှာဖြစ်ပြီး ဖြစ်လာတယ်၊ မဖြစ်လာဘူးဆိုတဲ့ အပိုင်းကို အရှင်မြတ်ထံ ပုံအပ်ထားရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ