တောင်းရမ်းခြင်း

 

တောင်းရမ်းခြင်း
=============
ဟမ်ဇာအိဗ်နေ့ အဗ်ဒုလ္လာဟ် အိဗ်နေ့ အုမရ် (ရသွေ့) သည် သူ၏ အဖေထံမှ ပြန်ကြားသိရသည်။ တမန်တော်မြတ် (ဆွ) မိန့်ကြားတော်မူသည်။ “လူတစ်ယောက်သည် တစ်ခြားလူတွေထံမှ အမြဲလိုလို တောင်ရမ်းနေပါက ထိုသူသည် အရှင်မြတ်နှင့် မျက်နှာတွင် အသားမရှိဘဲ တွေ့ရလိမ့်မည်။” (ဗုခါရီကျမ်း ၊မွတ်စ်လင်မ်ကျမ်း)
ကာဘီစဟ် အေ့ဗ်နေ မူခါရိခ် အလ်ဟီလာလီ ပြောကြားသည်မှာ “ကျွန်တော်သည်အကြွေးတင်နေပါသည်။ ထို့အတွက်နှင့် တမန်တော်မြတ်(ဆွ) ကို သွားတွေ့ခဲ့ပြီး တောင်းခဲ့သည်။ တမန်တော်မြတ်(ဆွ)မှ “ ငါကိုယ်တိုင်ဆီကို အလှူတွေရောက်လာသည်အထိ စောင့်ပါ။ ထိုထဲမှ အသင့်အတွက် တစ်ခုခုပေးဖို့ မိန့်ကြားပေးမည်။” ထို့နောက် တမန်တော်မြတ်သည် “အို ကာဘီစဟ်၊ အသင်သိသင့်သည်မှာ တောင်းရမ်းခြင်းသည် လူတန်းစားသုံးမျိုးအတွက်မှလွဲ၍ ကျန်တဲ့သူတွေအပေါ် တရားမဝင်ပေ။ လူတစ်ဦးသည် အကြွေးရှိနေခဲ့နေလျှင် တောင်းရမ်းခွင့်ပြုသည်။ (အကြွေးကြေသွားပါက တောင်းရမ်းတာရပ်ရမည်)၊ လူတစ်ဦးသည် သဘာဝဘေးအန္တရာယ်ကြောင့် နေစရာ၊စားစရာ အခက်အခဲရှိနေချိန် တောင်းရမ်းခွင့်ပြုသည်။ (ပြန်ပြေလည်သွားပါက ဆက်လက်တောင်းရမ်း ခြင်းမပြုရ)၊ လူတစ်ဦးသည် ဆင်းရဲသည့်အခြေအနေတစ်ခုနှင့် ကြုံကြိုက်နေသည်ကို ပညာရှိသော လူသုံးဦးကသက်သေထူသည်။ (ထိုအခါမျိုးတွင်တောင်းရမ်းခြင်းပြုသည်)။ ပြေလည်သွားပါကရပ်တန့်ရမည်။ အို ကာဘီစဟ်၊ ထိုအခြေအနေသုံးမျိုးမှလွဲ၍ ကျန်သည့်အခြေအနေတွင် တောင်းရမ်းခြင်းသည် မပိုင်ပေ။” (မွတ်စ်လင်မ်ကျမ်း)
    စကားပုံတစ်ခုလာရှိသည်။ “အသင်လူတစ်ဦးကို ငါးတစ်ကောင်ပေးပါက ထိုသူသည်တစ်ရက်ဘဲ စားနိုင်မည်။ ငါးမျှားနည်း သင်ပေးလိုက်ပါက ထိုသူတစ်သက်လုံး စားနိုင်ပေလိမ့်မည်။” တမန်တော်မြတ်(ဆွ) လူတစ်ဦးကို
ထိုသူမှာရှိတဲ့ ပိုက်ဆံနဲ့ ပုဆိန်ဝယ်ခိုင်းလိုက်သည်။ ထို့နောက် သစ်ခုတ်ပြီး သစ်ရောင်းခိုင်းသည်။ (ထိုအချိန်တွင်လူ များသည် အစားအစာချက်ဖို့ရာ မီးမွှေးရန် ထင်းလိုအပ်သည်။) ထိုသူသည် သစ်ခုတ်ရောင်းပြီး ၁၅ ရက်မြောက်‌နေ့တွင် ၁၀ ဒဟ်ရမ် စုဆောင်းမိလေသည်။ ထိုပိုက်ဆံဖြင့် အဝတ်နှင့် အစားအစာများ ဝယ်ခဲ့သည်။ တမန်တော်မြတ်(ဆွ)ပြောကြားသည်မှာ အခုလို ကြိုးစားလုပ်ကိုင်ခြင်းသည် တောင်းရမ်းခြင်းထက် သာလွန်ပေသည်။ တောင်းရမ်းခြင်းကြောင့် ပြန်လည်ရှင်ထမည့်နေ့တွင် အသင့်မျက်နှာအပေါ်မှာ အမဲစက်ထင်စေလိမ့်မည်။ (အဘူဒါဝူဒ်ကျမ်း)
    အဘူဟူရိုင်ရဟ် (ရသွေ့) ထံမှဆင့်ပြန်လာရှိသည်။ တမန်တော်မြတ်(ဆွ) မိန့်ကြားသည်မှာ “တကယ်လိုအပ်နေသူသည် လူတွေကြားမှာ လျှောက်သွားပြီး တောင်းရမ်းကာ လူများက စွံပလွံ တစ်လုံး၊နှစ်လုံး (သို့) ရှိတာလေးနည်းနည်းစီပေးတာကို လိုက်လံ လက်ခံနေသူမျိုး မဟုတ်ပေ။ ထို့နောက် ဆွဟာဗာများက “တကယ်လိုအပ်နေသူဆိုတာ ဘယ်လိုမျိူးလဲ” ဟုမေးမြန်းရာ တမန်တော်မြတ်(ဆွ) မှ “ ထိုသူသည် သူအတွက်အဆင်ပြေစေရန် ငွေလိုက်ရှာနေသူမျိုးမဟုတ်ပေ။ သူတစ်ပါးကသူ့ကို အလှူငွေ (ဇကားသ်)ပေးလာအောင် ဆွဲဆောင်နေသူ မဟုတ်ပေ။ ( သူသည်အပြင်ပိုင်းကြည့်လျှင် ဒုက္ခရောက်နေသည့်ပုံမပေါ်ပေ။) လူတွေဆီက လိုက်လံတောင်းနေသူလည်း မဟုတ်ပေ။ (မွတ်စ်လင်မ်ကျမ်း)
    ကုရ်အာန်ကျမ်းတော်မြတ်တွင်လည်း လာရှိသည်။ "(အလှူဒါနများသည်) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် ဝိုင်းဝန်းပိတ်ဆို့ခြင်း ခံနေကြရသည့် ဆင်းရဲသားများအတွက် ဖြစ်သည်။ သူတို့သည် (သူတို့ဝမ်းစာရှာရန်) ကမ္ဘာမြေတွင် သွားလာနိုင်ခြင်းမရှိကြပေ။ သိက္ခာစောင့်စည်း (ပြီး သူတို့လိုအပ်ချက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော)ကြောင့် မသိနားမလည်သူများက သူတို့ကို ချမ်းသာကြွယ်ဝသူများဟု ထင်မှတ်ကြသည်။ အသင်(တမန်တော်)သည် သူတို့အား သူတို့၏ အသွင်အပြင် လက္ခာနှင့်ပင် (ဆင်းရဲသည်ကို) သိနိုင်သည်။ သူတို့သည် လူများထံတွင် ဇွတ်အတင်း တွယ်ကပ်လျှက် မတောင်းကြပေ။ ထို့ပြင် အသင်တို့သည် ကောင်းသည့်အရာထဲမှ မည်သည့်အရာကို လှူသည်ဖြစ်စေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရာကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။" ကုရ်အာန် (၂:၂၇၃)
    လိုအပ်သူ နှင့် ချို့တဲ့သူသည် ဇကားသ် ယူပိုင်ခွင့် ရှိသော လူတန်းစား (၈) မျိုးထဲတွင် အပါအဝင်ဖြစ်သည်။ ထိုသူတို့သည် လူအများကို ဆွဲဆောင်ပြီး ဇကားသ်ရရန် မပြောကြသလို၊ လမ်းပေါ်တွင်လည်း လိုက်လံမတောင်း ကြချေ။ ပျင်းရိသော လူများလည်းမဟုတ်ပေ။ ထိုသူများသည် အလုပ်လက်မဲ့ဖြစ်နေသူ (သို့) အလုပ်ရှိသော်လည်း ရှိနေသော အလုပ်သည် လစာမကောင်းသည့်အတွက် ဆင်းရဲတွင်းရောက်နေသူများဖြစ်ကြသည်။ သို့သော် ထိုသူတို့သည် လူအများရှေ့တွင် မဖော်ပြကြချေ။ ထိုသို့သော် သူများသည် ဇကားသ်ယူပိုင်ခွင့်ရှိသော သူများဖြစ်ကြသည်။
    အုမရ်(ရသွေ့) သည်မိမိအပေါင်းအပါများအား " အသက်မွေးဝမ်းကြောင်းပညာတစ်ခုကို သင်ယူပါ။ များမကြာခင် အသင်တို့သည် အသက်မွေးဝမ်းကြောင်းတစ်ခုလိုအပ်လာလိမ့်မည်။ " အွမ္မသ်တွင် စည်းစိမ်ဥစ္စာကြွယ်ဝသည့်အချိန်တစ်ခုရှိခဲ့သည်။ သို့သော် ထိုအချိန်ထဲကပင် အုမရ်(ရသွေ့)သည် မွတ်စ်လင်မ်များကို မိမိကိုယ်မိမိ မှီခိုရန်၊ လိုအပ်သည့် ပညာများကိုသင်ရန်၊ မိမိပတ်ဝန်းကျင် အကြိုးကိုသယ်ပိုးရန်တိုက်တွန်းခဲ့သည်။ ထို့ကြောင့်မွတ်စ်လင်မ်တိုင်း အသက်မွေးဝမ်းကျောင်းပညာတစ်ခုခု တတ်ဖို့လိုအပ်ပြီး၊ ကိုယ်တတ်ထားတဲ့ပညာမှာ ကျွမ်းကျင်ဖို့လည်းလိုအပ်ပေသည်။ သို့ပေမဲ့ တစ်ချိန်တည်းမှာဘဲ မွတ်စ်လင်တစ်ယောက်လိုက်နာရမည်များကို သေချာလိုက်နာရမှာ ဖြစ်ပြီး မပျက်ကွက်သင့်ပေ။ ကုရ်အာန်ကျမ်းတော်မြတ်တွင်လာရှိသည်။
"(ဤသည်)အလ္လာဟ်အရှင်မြတ်၏ကတိပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်ပြုထားတော်မူသည့်ကတိကို ဖောက်ဖျက်တော်မမူပေ။ သို့ရာတွင် လူအများစုသည် မသိကြပေ။" ကုရ်အာန် (၃၀:၆)
"သူတို့သည် တမလွန်ဘဝကို လျစ်လျူရှုသည့်သူများဖြစ်ကြလျက် သူတို့သည် ဤဘဝ၏အပေါ်ယံကိုသာ သိရှိကြသည်။" ကုရ်အာန် (၃၀:၇)
"၎င်းပြင် လူများတွင် အချို့ကပြောဆိုကြသည်၊ အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား လောက၌သာ
(ကောင်းကျိုးချမ်းသာများကို)ပေးသနားတော်မူပါ။ ၎င်းနောက် (ထိုကဲ့သို့ပြောဆို)သူအတွက် တမလွန်ဘဝတွင် မည်သည့်ဝေစုမျှ မရှိတော့ပေ။" ကုရ်အာန် (၂:၂၀၀)
"၎င်းပြင် ထိုထဲတွင် အချို့က(ဤသို့)ပြောဆိုကြသည်၊ အို-ကျွန်ုပ်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤဘဝတွင်သာမက တမလွန်ဘဝ၌လည်း ကောင်းကျိုးချမ်းသာ ပေးသနားတော်မူပါ။ ၎င်းပြင် ငရဲမီး၏ပြစ်ဒဏ်မှလည်း ကယ်ဆယ်တော်မူပါ။" ကုရ်အာန် (၂:၂၀၁)
မနက်စောစောထပါ။ အလုပ်ကို ကြိုးစားလုပ်ကိုင်ပါ။ အလွယ်တကူ သူများဆီက မတောင်းပါနှင့်။ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် ဆွးလာသ်နှင့်တကွ မွတ်စ်လင်မ် တစ်ဦးလုပ်ဆောင်ရမည့် အချက်များကိုမမေ့ပါနှင့်။ လောကီစည်းစိမ်မှာ မနစ်မွန်းသွားပါနှင့်။


ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ