မိမိကိုယ်ကို အရင်ပြုပြင်ပါ

 

ကုရ်အာန် ၆၇:၂။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်ရန်အလို့ငှါ သေခြင်းကိုလည်းကောင်း ရှင်သန်ခြင်းလည်းကောင်း ဖန်ဆင်းခဲ့သည်။
-
ကုရ်အာန် ၂၄:၃၀။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ပြုလုပ်သမျှတို့ကို ကောင်းစွာသိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်ပေသတည်း။
-
The Prophet said: He does not belong to us who does not show mercy to our young ones and respect to our old ones, who does not recommend what is reputable and prohibit what is disreputable (Tirmidhi).
-
Yahya's version says: Allah will record on his behalf a good deed for it, and will blot out a sin for it (Sunan Abu Dawud).
-
အထက်ပါကုရ်အာန်နှင့် ဟဒီးစ်တော်များအရ လူဆိုတာအကျင့်အမူအကောင်းဆုံးဖြစ်အောင်ကျိုးစားရမယ်။ တစ်ဦးနဲ့တစ်ဦးအပေါ် သနားညှာတာမှု၊ လေးစားမှုတွေထားရှိကြရပါမယ်။ ငယ်တဲ့သူတွေကို သနားခြင်း၊ လူကြီးတွေကိုလေးစားတတ်ခြင်းတို့က အစ္စလာမ်သာသနာတော်က မွတ်စလင်မ်များကို ကောင်းသောအကျင့်များ သွန်သင်ဆုံးမပေးထားတာဖြစ်ပါတယ်။ မိမိတို့ကိုအုပ်ထိန်းတဲ့ မိဘ၊ ဆရာများကလည်း လူလူချင်းမေတ္တာထားတတ်ရန်၊ လေးစားတတ်ရန်၊ ရိုင်းပင်းကူညီတတ်ရန် ကလေး လူငယ်များကိုသွန်သင်ပေးခဲ့ကြပါတယ်။
-
ဘာသာတရားနှင့်လူကြီးများ၏ လမ်းပြ သွန်သင်ဆုံးမမှုကို လိုက်နာကျင့်သုံးပြီး ကိုယ်ကျင့်တရားကောင်းမွန်စွာရပ်တည်နေသူတို့မှာ လူ့အသိုင်းအဝိုင်းအတွင်း စံနမူနာဖြစ်ပါတယ်။ ထိုသူနှင့်ပေါင်းသင်းသူတို့မှာလည်း စိတ်အေးချမ်းမှုရရှိပြီး ထိုသူဦးဆောင်သောအဖွဲ့အစည်းတွေမှာလည်း တိုးတက်အေးချမ်း တည်ငြိမ်မှုတို့ ဖြစ်ပေါ်စေပါတယ်။
-
အသက်အရွယ်ကြီးလာပေမယ့် စိတ်ဓာတ်နဲ့အသိဉာဏ်ပိုင်းဆိုင်ရာမှာ ကလေးသူငယ်တစ်ယောက်လိုဘဲ သူငယ်နာမစင်သေးတဲ့သူတွေမှာ သူကိုယ်တိုင်ကော သူ့ပတ်ဝန်းကျင်မှာပါ အရာရာက ကသောင်းကနင်းဖြစ်ပေါ်စေပါတယ်။ ဒီဆိုးကျိုးရဲ့ရလဒ်က မိမိကိုယ်ကိုကော မိမိနှင့်ပတ်သက်နေသူတို့ကိုပါ နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်စေပါတယ်။ မိမိကိုယ်ကို ရင့်ကျက်သူတယောက်ဖြစ်လာဖို့ ကျိုးစားအားထုတ်မှုမရှိခဲ့ရင်တော့ ဘဝမှာအမှားတွေ ထပ်ခါ ထပ်ခါကျူးလွန်မိမယ်။ အလိမ္မာနည်းသူ၊ ရန်လိုသူ၊ သနားညှာတာမှုကင်းမဲ့သူ၊ လေးစားမှုမရှိသု၊ သူ့ကျေးဇူးကန်းသူတို့မှာ မိတ်ကောင်းဆွေကောင်းကင်းမဲ့ပြီး မည်သူမှ ပေါင်းဖက်လိုခြင်းမရှိ တစ်ယောက်ပြီး တစ်ယောက်ထိုသူ့အား ကျောခိုင်းသွားမည်သာဖြစ်ပါတယ်။
-
-
ဒီကနေ့အရာရာခေတ်မှီတိုးတက်နေတဲ့ခေတ်ကြီးမှာ အချို့လူငယ်တွေ ပြင်ပလက္ခဏာသာခေတ်မှီပြီး စိတ်ဓါတ်ရေးရာမှာကျောက်ခေတ်နောက်ပြန်ပြေးနေကြပါတယ်။ အချို့မှာ လူကြီးကိုပြန်အော်ဟောက်ခြင်း၊ အိမ်တွင်း အိမ်ပြင် လမ်းပေါ်မှာ ရန်တွေ့ခြင်း၊ ထေ့ငေါ့ စောင်းမြောင်းခြင်း၊ ဖနောင့်တိုက်သွားခြင်း၊ လူကြီးရှေ့ တခါးစောင့်ပိတ်ခြင်း စသည်များကို တွေ့မြင် ကြားသိရတာ အလွန်အံ့ဩမိပါတယ်။
-
သတိထားရမည့်အချက်မှာ လူကြီးဖြစ်စေ လူငယ်ဖြစ်စေ လူဆိုတာ မည်သူမှပြည့်စုံမှုမရှိ။ လူကြီး လူငယ်အားလုံးမှာဟာနေတဲ့ ကွက်လပ်ကိုယ်စီရှိကြပါတယ်။ အမှား လူတိုင်းမှာရှိကြတယ်။ ဒါကိုအပြစ်မြင်ရန်လိုနေမယ့်အစား နားလည်သဘောပေါက် ခွင့်လွှတ်သည်းခံပြီး လိုနေတဲ့ကွက်လပ်တွေကို ဉာဏ်အမျှော်အမြင်နဲ့ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ချက်ခြင်းဖြစ်ပေါ်လာတဲ့စိတ်ခံစားမှု၊ ဒေါသတို့ကိုရှေ့ထားရင်တော့ မိမိ ကိုယ်ကိုယ်ကိုရော၊ မိမိကိုမွေးထုတ်ပေးတဲ့ မိဘရဲ့ ဂုဏ်သိက္ခါပါချမိလိမ့်မယ်။ လုံးဝပြင်ဆင်လို့မရတဲ့သူကိုမှသာ ဥပက္ခါပြုကောင်းပြုရပါလိမ့်မယ်။ လူမှာ အမည်းစက်ဆိုတာဖျက်ရခက်တယ်။ လူသာ သေသွားပေမဲ့ နာမည်အမြဲရှင်သန်နေသူတွေနဲ့လူသာရှင်သန်နေပေမဲ့ နာမည်ကတော့ သေသွားပြီဆိုတဲ့ လူနှစ်မျိုးထဲမှာ ပထမလူစားမျိုးဖြစ်ပါစေ။
-
မိမိယုံကြည်ချက်၊ ခံစားချက် တစ်ခုခုမှာ အမျှော်အမြင်၊ ဆင်ချင်တုံတရားမရှိခဲ့ရင် အဲဒီယုံကြည်မှု၊ ခံစားမှုတို့ဟာ အစွန်းရောက်ဖြစ်သွားတတ်တယ်။ ယုံကြည်မှု၊ ခံစားမှုတစ်စုံတစ်ရာကို ချင့်ချိန်တတ်ရင် သင့်တော်ကောင်းမွန်သောအခြေအနေတစ်ရပ်မှာရှိလိမ့်မယ်။ လူမှန် နေရာမှန်ဖြစ်ဖို့ မိမိကိုယ်ကိုဘယ်လောက်ထိရင့်ကျက်မှုရှိပြီလဲ စမ်းစစ်ကြည့်၊ ဘာသာတရား၏ လမ်းညွှန်ချက်များနှင့် တစ်ဖန်စမ်းစစ်ကြည့်၊ မိမိထက်ရင့်ကျက်သူနှင့် တစ်ဖုံစမ်းစစ်ကြည့်ရင် မိမိတို့မှာဖြည့်ဆည်းစရာကွက်လပ်တွေ တစ်ခုပြီးတစ်ခု တွေ့မြင်ရပါလိမ့်မယ်။
-
မိမိကိုယ်ကိုပြုပြင် တိုးတက်ရေးအတွက် မိမိပုံရိပ်ကိုပြတဲ့ ကြေးမုံဟာအကောင်းဆုံးဖြစ်ပါတယ်။
ရင့်ကျက်မှုဟူသော အောင်လက်မှတ်ရတဲ့တစ်နေ့မှာတော့ လူအများကိုလမ်းညွှန်ပါ။ ဗဟုသုတတွေသင်ပေးပါ။ အဆိုးအကောင်းခွဲခြားတတ်ဖို့ မိမိအတွေ့အကြုံတွေကိုမျှဝေပါ။ အောင်လက်မှတ်မရခင်တော့ လူအများကိုသင်တာထက် မိမိကိုယ်တိုင်အရင် အကျင့်သီလကောင်းနှင့် ဗဟုသုတရှာမှီးရန်ကျောင်းခေါင်းလောင်းသံဆီသို့လှမ်းလိုက်ကြစို့။

ရေးသူ - ရောင်ခြည်ဘလော့ဂါ

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ