တမန်တော်မုဟမ္မဒ်(ဆွ) က ကလေးတွေကို ဘယ်လို ဆက်ဆံခဲ့သလဲ?
=====================================================
ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ ကလေးတွေနဲ့ ပတ်သက်တဲ့ အသိပညာရှိပြီး လက်တွေ့ကျင့်သုံးရမယ်။ သူတို့လိုက်နာနိုင်မယ့် စည်းကမ်းတွေကို စနစ်တကျ စီစဉ်ပြီး စိတ်ရှည်ရှည်နဲ့ သင်ကြားပေးရမယ်။ ကလေးတွေအပေါ်မှာ နားလည်မှုလည်း ရှိရမှာ ဖြစ်ကြောင်း တမန်တော်မုဟမ္မဒ်(ဆွ)က သင်ပြခဲ့ပါတယ်။
*****************************
တမန်တော် သင်ကြားပေးခဲ့တဲ့နည်းလမ်းတွေအရ ကလေးတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ကြင်နာနွေးထွေးပြီး ညှာညှာတာတာရှိဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ကို ညှာတာတဲ့သူ၊ သူတို့ကို နားလည်ပြီး သူတို့နဲ့တန်းတူသဘောထား ဆက်ဆံတဲ့သူကို ပိုပြီး ခင်တွယ်ကြပါတယ်။ ကလေးတွေက စကားပြောကြမ်းတမ်းပြီး အမြဲစိတ်တို၊ မျက်မှောင်ကြုတ်ပြီး စည်းကမ်းတင်းကျပ်လွန်းတဲ့သူနားဆို မကပ်ချင်ကြပါဘူး။ တမန်တော်မုဟမ္မဒ် (ဆွ)ဟာ အဲဒီအရွယ်ကလေးတွေရဲ့ စိတ်နေသဘောထားကို နားလည်ပေးပြီး ကလေးတွေလိုချင်တဲ့ ပုံစံမျိုးနဲ့ ပြောဆိုဆက်ဆံခဲ့ပါတယ်။ စည်းကမ်းတွေ သင်ကြားပေးတဲ့အခါမှာလည်း ရိုးရှင်းတဲ့ စကားလုံးတွေသုံးပြီး ဟာသနှောကာ သူတို့လိုက်နာချင်အောင် ဆုံးမလေ့ရှိခဲ့တယ်။ အဲဒီလို သင်ကြားပေးမှုတွေ ရရှိခဲ့တဲ့ကလေးတွေဟာ ကိုယ့်ကျင့်တရားကောင်းမွန်ပြီး အောင်မြင်တဲ့သူတွေ အဖြစ်ကြီးပျင်းလာကြပါတယ်။
ဟဒီးဆ်တစ်ပုဒ်ဆင့်ပြန်လာရှိတယ်။ အဘူဟုရိုင်ရဟ် (ရသွေ့)က ပြောခဲ့တယ်။ "ကျွန်တော်တို့ဟာ အလ္လာဟ်တမန်တော်(ဆွ) နှင့်အတူ အိရှာ ဆွလာသ် ဝတ်ပြုနေခဲ့ကြတယ်။ တမန်တော် စဂျ်ဒဟ်ချတဲ့အခါမှာ မြေးတော် ဟစန်နဲ့ ဟုစိုင်န် (ရသွေ့) တို့ဟာ တမန်တော်ရဲ့ ကျောကုန်းပေါ်ကို တက်ပြီး ကစားကြတယ်။ တမန်တော်ဟာ စဂျ်ဒဟ်က ပြန်ထတဲ့အခါမှာ သူတို့ကို တယုတယ ပွေ့ချပြီး မြေပေါ်မှာ အသာအယာ ချလိုက်တယ်။ နောက်တစ်ကြိမ် တမန်တော် စဂျ်ဒဟ်ဦးချတဲ့အခါ ကလေးတွေဟာ ကျောကုန်းပေါ်ထပ်ပြီး တက်ဆော့ကြတယ်။ ဒီလိုနဲ့ ဆွလာသ်ပြီးဆုံးသွားတဲ့အခါမှာ တမန်တော်ဟာ သူတို့ကို ပေါင်ပေါ်မှာ ထိုင်ခိုင်းထားခဲ့တယ်။ (အလ်-အလ်ဘာနီ၏ အလ်-စိတ်စိလာ အဆ်-ဆွဟီးဟဟ်ကျမ်း|ဟဒီးဆ်နံပါတ်-၃၃၂၅တွင် ဤဟဒီးဆ်ကို ဟစန်အဖြစ် သတ်မှတ်ထားသည်။)
ကလေးဆိုတာဟာ အခွင့်အရေး၊ တာဝန်၊ စည်းမျဉ်းဥပဒေ၊ ကိုယ်ကျင့်တရား စတာတွေကို နားမလည်နိုင်သေးပါဘူး။ အဲဒီအရာတွေကို သူတို့ကြီးလာရမယ့် ဘဝသက်တမ်းတစ်လျှောက်မှာမှ တစ်ဆင့်ပြီး တစ်ဆင့် တဖြည်းဖြည်း နားလည်လာမှာ ဖြစ်တယ်။ ဒါကြောင့် စည်းမျဉ်းဥပဒေ စတာတွေကို သိပြီးသားဖြစ်တဲ့ လူကြီးတွေကို ဆက်ဆံပုံအတိုင်း ကလေးတွေကို ဆက်ဆံတာဟာ မှားယွင်းပါတယ်။ ကလေးတွေကို တိတ်တိတ်နေဖို့၊ တည်တည်ငြိမ်ငြိမ်နေဖို့ အတင်းအကျပ် ပြုလုပ်တဲ့သူတွေဟာ ကလေးကို လွဲမှားစွာ ဆက်ဆံသူတွေ ဖြစ်တယ်။
တမန်တော်မုဟမ္မဒ်(ဆွ)၏ နောက်လိုက်များအနက်မှ အမျိုးသမီးတစ်ဦးဖြစ်သူ အွမ္မု ခါလစ်ဒ်က သူမငယ်စဉ်ဘဝက တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ဆင့်ပြန်ခဲ့တယ်။ "ကျွန်မတစ်နေ့မှာ ကျွန်မရဲ့ဖခင်နဲ့အတူ တမန်တော်မုဟမ္မဒ်(ဆွ) ထံကို သွားခဲ့တယ်။ ကျွန်မအဝါရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့တယ်။ ထိုအခါ တမန်တော်မြတ်(ဆွ)က စနဟ်၊ စနဟ်" လို့ မိန့်တော်မူခဲ့တယ်။ စနဟ်ဆိုတာ အီသီယိုပီးယား ဘာသာစကားနဲ့ လှပတယ်လို့ ဆိုလိုတာဖြစ်တယ်။ အဲဒီနောက် ကျွန်မဟာ တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့ နဗူဝသ်တံဆိပ်တော်ကို ဆော့ကစားတဲ့အခါ ကျွန်မရဲ့ ဖခင်က ကျွန်မကို ဟန့်တားခဲ့တယ်။ အဲဒီအခါ အလ္လာဟ်တမန်တော်ဟာ "ထားလိုက်ပါ" လို့ ကျွန်မအဖေကို မိန့်ခဲ့တယ်။ ပြီးတော့ ကျွန်မကို "အဝတ်ကို ဟောင်းနွမ်းသွားတဲ့အထိ၊ စုတ်ပြဲသွားတဲ့အထိ ဝတ်လိုက်ပါ" လို့ သုံးကြိမ်တိုင် မိန့်ခဲ့တယ်။ (အသင်မ အသက်ရှည်ပါစေ၊ ဝတ်ကောင်းစားလှတွေ ပိုပြီးဝတ်ရပါစေ" လို့ဆုမွန်ဒုအာပြုပေးတာ ဖြစ်တယ်။ (ဗုခါရီကျမ်း|ဟဒီးဆ်အမှတ်၃၀၇၁)
တမန်တော်မုဟမ္မဒ်(ဆွ)ဟာ ကလေးတွေကို ချစ်ခင်တော်မူတယ်။ ကလေးတွေနဲ့ တွေ့ဆုံရတဲ့အခါ ကလေးတွေကိုစိတ်မရှည်တာ ၊ အရေးတယူ မဆက်ဆံတာမျိုး ဘယ်တော့မှ မလုပ်ခဲ့ပါဘူး။ ဒီဟဒီးဆ်မှာ ဆိုရင်လည်း ကလေးဟာ နဗူဝသ်တံဆိပ်တော်ကို ဆော့တာတောင် စိတ်မဆိုးဘဲ ဆုမွန်ဒုအာကို တစ်ကြိမ်မဟုတ်၊ သုံးကြိမ်တိုင် တောင်းပေးခဲ့ပါတယ်။ ကလေးတွေ သူ့ထံလာရောက်တာကို နှစ်သက်တော်မူပြီး အမြဲပြုံးရွှင်စွာနဲ့ ကြိုဆိုလေ့ရှိခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ ကလေးတွေဟာ တမန်တော်ရဲ့ အဝတ်အစားတွေပေါ် ကျင်ငယ်စွန့်ခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။ အဲဒီအခါ တမန်တော်ဟာ ရေတောင်းပြီးတော့ အဝတ်တွေပေါ် ဖြန်းလိုက်လေ့ရှိတယ်။ တမန်တော်ဟာ ကလေးတွေကို ချစ်ခင်တဲ့အလျောက် မကြာခဏပွေ့ချီလေ့ရှိခဲ့တာကြောင့် အခုလို မကြာခဏကြုံခဲ့ရတယ်။
တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့ အဆွေတော် အဘူမူစာ အလ်-အရှ်အရီက ဆင့်ပြန်ခဲ့တယ်။ "ကျွန်တော်ကို အရှင်မြတ်က သားလေးတစ်ယောက် ချီးမြင့်ခဲ့တယ်။ ကျွန်တော်ဟာ သားလေးကို တမန်တော်မြတ်(ဆွ)ထံ ခေါ်သွားတော့ အလ္လာဟ့်တမန်တော်က အိဗ်ရာဟီမ်လို့ အမည်ပေးတော်မူခဲ့တယ်။ ပြီးတော်တမန်တော်ဟာ နူးညံ့တဲ့ စွံပလွံသီးနဲ့ ကလေးနဲ့ နှုတ်ခမ်းတွေကို စိုစွတ်အောင် ပြုတော်မူပြီး အလ္လာဟ်အရှင်မြတ်ထံမှ ကလေးအပေါ် ကောင်းချီးမင်္ဂလာများ ကျရောက်ပါစေကြောင်း ဆုမွန်ဒုအာ ပြုပေးတော်မူခဲ့တယ်။" (ဗုခါရီနှင့် မွတ်စလင်မ်ကျမ်း)
တမန်တော်မုဟမ္မဒ်(ဆွ)ဟာ လမ်းလျှောက်နေရင်း လမ်းမှာလည်း ကလေးတွေနဲ့ ဆော့ကစားလေ့ရှိခဲ့တယ်။ ယအ်လာအိဗ်နုမုရာက ဆင့်ပြန်ခဲ့တယ်။ "ကျွန်တော်ဟာ တမန်တော်မုဟမ္မဒ်(ဆွ)နှင့်အတူ ထမင်းစားဖိတ်ကျွေးမှုတစ်ခုကို သွားနေရင်း လမ်းမှာ အလ်-ဟုစိုင်န်ဟာ ဆော့ကစားနေခဲ့တယ်။ အဲဒီအခါတမန်တော်ဟာ သူ့ကိုဖမ်းဖို့ လူတွေကြားကနေ အမြန်လျှောက်သွားခဲ့တယ်။ အလ်-ဟုစိုင်န်ကလည်း ဖမ်းမမိအောင် ဘယ်၊ညာ ပြေးလွှား နေခဲ့တယ်။" တမန်တော်မုဟမ္မဒ်(ဆွ)ဟာ အုစာမဟ် အိဗ်နု ဇိုင်ဒ်နဲ့ အလ်-ဟစန် အိဗ်နု အလီ တို့ကို သူ့ရဲ့ ပေါင်ပေါ်မှာ ထိုင်ခိုင်းပြီး ပွေ့ဖက်ကာ "အို-အလ္လာဟ်အရှင်မြတ်၊ သူတို့အပေါ်မှာ သနားကြင်နာတော်မူပါ၊ ဘာကြောင့်ဆို သူတို့နှစ်ဦးကို ကျွန်တော်မျိုး သနားကြင်နာလို့ ဖြစ်ပါတယ်။" လို့ ဒုအာပြုပေးတော်မူခဲ့တယ်။ (ဗုခါရီကျမ်း|ဟဒီးဆ်အမှတ် ၆၀၀၃)
အဘူကသာဒဟ်(ရသွေ့)က ဆင့်ပြန်ခဲ့တယ်။ တစ်ခါက တမန်တော်မုဟမ္မဒ်(ဆွ)ဟာ အုမာမဟ် ဗင်န်သိ အဘီ အလ်-အာဆွ်ကို ပုခုံးပေါ်မှာတင်ပြီး ဝင်လာခဲ့တယ်။ တမန်တော်ဟာ ရုကူအ်ဦးညွတ်တဲ့အခါတိုင်း သူမကို မြေပေါ်မှာချပြီး ပြန်ထတဲ့အခါတိုင်း သူမကို ပြန်ပွေ့ချီတော်မူခဲ့တယ်။ (ဗုခါရီကျမ်း|ဟဒီးဆ်အမှတ် ၅၉၉၆)
တမန်တော်မုဟမ္မဒ်(ဆွ)ဟာ သူ အိမာမ်အဖြစ် ဆွလာသ် ဝတ်ပြုနေရင်း ကလေးငိုသံကြားရတဲ့အခါ၊ သူဟာ ဆွလာသ်ကို တိုတောင်းစွာ ဝတ်ပြုပြီး အဆုံးသတ်တော်မူလေ့ရှိခဲ့တယ်။ သို့မှသာ ကလေးရဲ့မိခင်ဟာ ဆွလာသ်ကို အဆုံးထိဝတ်ပြုပြီး ကလေးကို ချီပြီးအငိုတိတ်အောင်လုပ်ပေးနိုင်မှာဖြစ်တယ်။ တမန်တော်မြတ် မိန့်တော်မူခဲ့သည်မှာ - "ငါကိုယ်တော် ဆွလာသ်ကို ကြာရှည်စွာဝတ်ပြုဖို့ ရည်ရွယ်ချက်နဲ့ စတင်လိုက်တယ်။ ဒါပေမယ့် ကလေးတစ်ယောက်ငိုသံကြားတော့ ကလေးရဲ့မိခင်ကို ဒုက္ခမရောက်စေချင်တာကြောင့် ဆွလာသ်ကို တိုတောင်းစွာပဲဖတ်ပြီး အဆုံးသတ်လိုက်တယ်။" ( (ဗုခါရီကျမ်း|ဟဒီးဆ်အမှတ် ၈၆၈)
တမန်တော်မုဟမ္မဒ်(ဆွ)ဟာ ကလေးတွေနဲ့ ဆော့ကစားခဲ့တယ်။ တခြားသူတွေက အရေးမကြီးဘူးလို့ သတ်မှတ်လေ့ရှိတဲ့ ကလေးတွေပြောချင်တဲ့ အရာတွေကိုလည်း နားထောင်ဆွေးနွေးပေးတယ်။ တမန်တော်မြတ်(ဆွ)ထံမှာ ငယ်စဉ်ကတည်းက ဝေယျာဝိစ္စတွေကို ဆောင်ရွက်ပေးခဲ့သူ အနက်စ်အိဗ်နုမာလိက် (ရသွေ့)ကဆိုခဲ့တယ်။ 'အလ္လာဟ့်တမန်တော်ဟာ လူတွေထဲမှာ အမူအရာ အပြောအဆို အကောင်းဆုံးဖြစ်တယ်။ ကျွန်တော့်မှာ အဘူအုမိုင်ရ်လို့ခေါ်တဲ့ ညီတစ်ယောက်ရှိတယ်။ သူငိုနေတာကို အလ္လာဟ့်တမန်တော်က တွေ့သွားတော့ "အို-အဘူအုမိုင်ရ်... အလ်-နုဂိုင်ရ် (သူ့ရဲ့ငှက်လေး) ဘာဖြစ်သွားလို့လဲ?" လို့မေးခဲ့တယ်။ (ဗုခါရီနှင့် မွတ်စလင်မ်ကျမ်း)
ကလေးအပေါ် ဂုဏ်ပေးလေးစားခြင်းနှင့် အလေးထားခြင်း
****************************************************
တမန်တော်မုဟမ္မဒ်(ဆွ)ဟာ ကလေးတွေကို ဂုဏ်ပေးလေးစားခဲ့တယ်။ အမြဲ အရေးတယူရှိခဲ့တယ်။ ကလေးတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကလေးတွေဖက်ကနေ သူတို့ကို အလေးထားတယ်လို့ ခံစားရစေဖို့ အမြဲ စိတ်အားထက်သန်စွာ ပြောဆိုဆက်ဆံလေ့ရှိခဲ့တယ်။ သူတို့ကို လိုက်နာစေချင်တဲ့အရာတွေကိုလည်း သူတို့နားလည်နိုင်မယ့် အလွယ်ကူဆုံး၊ အကောင်းဆုံး နည်းလမ်းတွေနဲ့ ပို့ချသွန်သင်တော်မူခဲ့တယ်။ ဒါ့အပြင် တမန်တော်မုဟမ္မဒ်(ဆွ)ဟာ ကလေးတွေကို ဘယ်တော့မှ ဆူပူကြိမ်းမောင်းတာမျိုး မလုပ်ခဲ့ပါဘူး။
ကလေးတစ်ယောက်က တမန်တော်မြတ်(ဆွ)နဲ့ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ဆင့်ပြန်ခဲ့တယ်။ အဲဒီကလေးဟာ အဗ်ဒွလ္လာဟ် အိဗ်နု အာမိရ်ဖြစ်တယ်။ "အလ္လာဟ့်တမန်တော် ကျွန်တော်တို့အိမ်မှာ ရောက်ရှိနေချိန်မှာ ကျွန်တော့်အမေက "သား...လာခဲ့၊မင်းကို ပေးစရာတစ်ခုရှိတယ်"လို့ပြောပြီး ကျွန်တော့်ကို ခေါ်ခဲ့တယ်။ အဲဒီအခါ တမန်တော်မြတ်(ဆွ)က "အသင်မ သူ့ကို ဘာပေးချင်တာလဲ?"လို့ မေးတော်မူခဲ့တယ်။ ကျွန်တော့်အမေက "စွံပလွံသီးအချို့ပေးမလို့ပါ"လို့ ဖြေခဲ့တယ်။ အဲဒီအခါ အလ္လာဟ့်တမန်တော်က "တကယ်လို့သာ အသင်မ ကလေးကို တစ်ခုခုပေးမယ်လို့ခေါ်ပြီး မပေးခဲ့ဘူးဆိုရင် လိမ်ညာမှုအဖြစ် ပြစ်မှု သတ်မှတ်ခံရမှာ ဖြစ်တယ်။"လို့ မိန့်ကြားတော်မူခဲ့တယ်။ (အဗူဒါဝူးဒ်ကျမ်း၊ ဟဒီးဆ်အမှတ် ၄၉၉၁၊ အလ်-အလ်ဘာနီမှ ဟစန်အဖြစ် သတ်မှတ်ထားသည်။)
တမန်တော်မုဟမ္မဒ်(ဆွ)က ကလေးရဲ့ ခံစားချက်ကို လျစ်လျူရှုပြီး ကလေးကို လိမ်ညာခြင်းဟာလည်း အပြစ်ထိုက်မည့်အကြောင်း သတိပေးတော်မူခဲ့ပါတယ်။ တမန်တော်မြတ်(ဆွ)ဟာ စည်းကမ်းတင်းကြပ်ဖို့ လိုနေတဲ့ ကလေးတွေကို တွေ့တဲ့အခါမှာလည်း သူတို့ကို နူးနူးညံ့ညံ့ ကြင်ကြင်နာနာ ပြောဆိုတော်မူခဲ့တယ်။ အော်ပြီးပြောတာမျိုး၊ ဆူပူကြိမ်းမောင်းတာမျိုး ဘယ်တော့မှ ပြုတော်မမူခဲ့ပါ။
အုမရ် အိဗ်နု အဘီ စလာမဟ်က ဆင့်ပြန်ခဲ့တယ်။ "ကျွန်တော်ငယ်ငယ်လေးတုန်းက စားသောက်ဝိုင်းတစ်ခုမှာ ကျွန်တော်ဟာ တမန်တော်မြတ်(ဆွ)ရဲ့ ကိုယ်ပေါ် ထိုင်နေခဲ့တယ်။ ကျွန်တော့်ရဲ့ လက်တွေက ပန်းကန်တစ်ခုလုံးပေါ် ရောက်နေခဲ့တယ်။ အဲဒီအခါ အလ္လာဟ့်တမန်တော်က "ကောင်လေး... ဗိစ်မိလ္လာဟ်ဆိုပါ၊ ညာဖက်လက်နဲ့စားပါ၊ ပြီးတော့ မင်းရဲ့ ရှေ့မှာရှိတဲ့ အနီးဆုံးနေရာကနေ ယူစားပါ"လို့ ဆုံးမတော်မူခဲ့တယ်။ (ဗုခါရီနှင့် မွတ်စလင်မ်ကျမ်း)
ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ တမန်တော်မုဟမ္မဒ်(ဆွ)ဟာ ဂုဏ်ပေးလေးစားမှုရှိပြီး လူကြီးလူကောင်းတွေလို ကျင့်ကြံကြဖို့ အသိစိတ်ကို ငယ်စဉ်ကတည်းက ထည့်ပေးတော်မူခဲ့ပါတယ်။ သေးငယ်တဲ့ အကျင့်လေးတွေကနေ တစ်ဖြည်းဖြည်း တိုးပြီး လိုက်နာကျင့်ကြံစေခဲ့ပါတယ်။ သို့မှသာ တဖြည်းဖြည်း စာရိတ္တ အရည်အချင်း ပြည့်ဝတဲ့ လူတော်လူကောင်းတွေ အဖြစ် ကြီးပျင်းလာမှာ ဖြစ်ပါတယ်။
ဥပမာ အနေနဲ့ တမန်တော်မြတ်(ဆွ)ဟာ အဗ်ဒွလ္လာဟ် အိဗ်နု အဘ္ဘာစ် နဲ့ အဗ်ဒွလ္လာဟ် အိဗ်နု အုမရ်တို့ကို သူ့ရဲ့အဆွေတော်တွေနဲ့ ထိုင်ဝိုင်းမှာ ပါဝင်စေခဲ့ပြီး ရင့်ကျက်စွာ ပြောဆိုဆက်ဆံတတ်ဖို့ သင်ယူစေတော်မူခဲ့ပါတယ်။ အဗ်ဒွလ္လာဟ် အိဗ်နု အုမရ်က ဆင့်ပြန်ခဲ့တယ်။ "ကျွန်တော်တို့ဟာ တမန်တော်မြတ်(ဆွ)ရဲ့ အိမ်မှာ ရှိနေခဲ့တယ်။ တမန်တော်က စွန်ပလွံပင်ရဲ့ အူတိုင်ကို ထုတ်ပြတော်မူခဲ့တယ်။ ပြီးတော့ "အပင်တွေထဲမှာ မွတ်စလင်မ်နဲ့တူတဲ့ အပင်တစ်မျိုးရှိတယ်၊ အဲဒါဘာပင်လဲ? ကျွန်တော်က "စွန်ပလွံပင်လို့ ဖြေချင်ခဲ့ပေမယ့် ထိုင်ဝိုင်းမှာ အငယ်ဆုံးဖြစ်နေလို့ မဖြေရဲခဲ့ဘူး။ အဲဒီအခါ အလ္လာဟ့်တမန်တော်က "စွန်ပလွံပင်ဖြစ်တယ်"လို့ ဖြေကြားတော်မူခဲ့တယ်။ (ဗုခါရီနှင့် မွတ်စလင်မ်ကျမ်း)
တစ်ခါကလည်း တမန်တော်မြတ်(ဆွ)ရဲ့မြင်းနောက်မှာ အဗ်ဒွလ္လာဟ် အိဗ်နု အဘ္ဘာစ်က လိုက်ပါစီးနင်းနေရင်း တမန်တော်က တိုတိုရှင်းရှင်းနဲ့ လေးနက်တဲ့ စကားတစ်ခွန်း မိန့်တော်မူခဲ့ပါတယ်။ "အလ္လာဟ်ကို ကာကွယ်စောင့်ရှောက်ပါ (ဆိုလိုသည်မှာ -အလ္လာဟ်အရှင်မြတ်ပေးထားတဲ့ တာဝန်တွေကို ကျေပွန်ပါ) အလ္လာဟ်အရှင်မြတ်ကလည်း အသင့်ကို ကာကွယ်စောင့်ရှောက်တော်မူလိမ့်မယ်"လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ (သိရ်မိဇီကျမ်း၊ ဟဒီးဆ်အမှတ် ၂၅၁၆၊ အလ်-အလ်ဘာနီမှ စစ်မှန်ကြောင်း အတည်ပြုထားသည်။)
တမန်တော်မုဟမ္မဒ်(ဆွ)ဟာ ကလေးတွေကို အလေးမထားတဲ့ အသိုင်းအဝိုင်းမှာ ကလေးတွေကို ဂုဏ်ပေးလေးစားကြဖို့ အစွမ်းကုန် ကြိုးစားပြီး ပြသတော်မူခဲ့ပါတယ်။
ကလေးရဲ့ မိသားစုတွင်းအခွင့်အရေးနှင့် လူ့အသိုင်းအဝိုင်းအတွင်းအခွင့်အရေးများကို ကာကွယ်ပေးခြင်း
******************************************************************
တမန်တော်မုဟမ္မဒ်(ဆွ)ဟာ မွေးကင်းစ ကလေးရဲ့ အခွင့်အရေးကို ကာကွယ်ပေးခဲ့ပါတယ်။ လူသိရှင်ကြားကြေညာပြီး လက်ထပ်ထားတဲ့ မိခင်နဲ့ ဖခင်ထံက မျိုးရိုးဆက်ခံကြောင်း သက်သေခံဖို့ ညွှန်ကြားခဲ့ပါတယ်။ လက်မထပ်ဘဲ ကလေးမွေးခြင်းကို တားမြစ်ခဲ့ပါတယ်။ ကလေးအနေနဲ့ အနာဂတ်မှာ ကြုံလာရမယ့် ပြဿနာတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် တရားမဝင်ကာမလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုတွေ ကင်းပြီး သန့်ရှင်းတဲ့ လူ့အဖွဲ့အစည်းကို တည်ထောင်ဖို့လည်း ဖြစ်ပါတယ်။
လက်ထပ်ပြီး ကလေးယူမယ့် ဖခင်လောင်းတွေကို ကလေးအမေအဖြစ် စာရိတ္တကောင်းမွန်တဲ့ အမျိုးသမီးကို ရွေးချယ်ဖို့၊ ကလေးအတွက် ကောင်းမွန်တဲ့ နာမည်ကို ရွေးချယ်ဖို့၊ ကလေးတွေကို မိခင်နို့ရည်တိုက်ကျွေးဖို့၊ သင့်တင့်မျှတဲ့ ပတ်ဝန်းကျင်၊ ဆွေမျိုးသားချင်း၊ အသိုင်းအဝိုင်းတွေကြားမှာ ကြီးပျင်းနိုင်ဖို့၊ လိင်အမြတ်ထုတ်ခြင်းမခံရဖို့၊ ကျွန်ပြုမခံရဖို့၊ ရောင်းစားမခံရဖို့ စသဖြင့် မမွေးလာသေးတဲ့ ကလေးတွေရဲ့ အခွင့်အရေးတွေနဲ့ ပတ်သက်ပြီးလည်း သောကထား ဆုံးမတော်မူခဲ့ပါတယ်။
ကလေးရဲ့ အမွေဆက်ခံခွင့်နှင့် ပတ်သက်ပြီးတော့လည်း တမန်တော်မုဟမ္မဒ်(ဆွ)ဟာ ကလေးအတွက် သေတမ်းစာထားခဲ့ဖို့ အလေးထားမိန့်မှာတော်မူခဲ့ပါတယ်။ မိဘမဲ့ကလေးတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့၊ မိဘမဲ့ ကလေးရဲ့ ငွေကြေးနဲ့ ဥစ္စာကို အလွဲသုံးစားမလုပ်ဖို့၊ လူ့အဖွဲ့အစည်းအနေနဲ့ မိဘမဲ့ ကလေးတွေအပေါ် ကြင်နာနွေးထွေးပြီး လုံခြုံမှုပေးကြဖို့ စသဖြင့် ကလေးတိုင်းရဲ့ အခွင့်အရေးတွေ မဆုံးရှုံးရအောင် သွန်သင်လမ်းပြတော်မူခဲ့ပါတယ်။ ကျွန်တော်တို့ မွတ်စလင်မ်တိုင်းအတွက် တမန်တော်မုဟမ္မဒ်(ဆွ)ဟာ အကောင်းဆုံး စံပြလူသားဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အလ္လာဟ့်တမန်တော်ရဲ့ အလေ့အကျင့်တွေကို ဖဝါးခြေထပ် လိုက်နာကြဖို့ လိုအပ်ပါတယ်။ မွတ်စလင်မ် မိဘတွေအနေနဲ့ မိမိရဲ့ကလေးတွေကို သူတို့ရဲ့အခွင့်အရေးအပြည့်အဝပေးကြရပါမယ်။ ကလေးရဲ့ ခံစားချက်တွေကို အလေးထားပြီး ကလေးကို ဂုဏ်ပေးဆက်ဆံကြရမှာ ဖြစ်ပါတယ်။ ယဉ်ကျေးသိမ်မွေ့ပြီး သာသနာကို နားလည်တဲ့ လူကောင်းတွေ အဖြစ်ကြီးပျင်းလာဖို့ လိမ္မာပါးနပ်စွာနဲ့ ပျိုးထောင်ကြရမှာ ဖြစ်ပါတယ်။
KI Team (22.12.2024)