ဘဝကို အကောင်းဆုံး ထိန်းချုပ်နိုင်မည့် အဓိကသော့ချက်

မိုအာဇ် ဗင်န် ဂျဘလ် (ရဿွိ) က အို... အလ္လာဟ်အရှင်မြတ်၏ ရစူလ်၊ ကျွန်ုပ်ကို ဆုံးမသြဝါဒ ပေးတော်မူပါဟု လျှောက်ထားရာ တမန်တော်မြတ် (ဆွ)က မိန့်ကြားတော်မူသည်။

အလ္လာဟ်အရှင်မြတ်ကို သင် မြင်တွေ့နေရသကဲ့သို့ ကိုးကွယ်ပါ။ (အကယ်၍ သင်သည်

အရှင်မြတ်ကို (ဒီဘဝတွင်)မမြင်တွေ့ရသော်လည်းအရှင်မြတ်သည် သင့်ကို အမှန်တကယ် ကြည့်ရှုနေသည် (ဟုခံစားချက်ထားရှိပါ) မိမိကိုယ်ကို သေဆုံးသွားသူများ၏ စာရင်းတွင် ထည့်သွင်းထားပါ (နောင်တမလွန်အတွက် အမြဲပြင်ဆင်ထားပါ) (နေရာတိုင်း) တွင် အလ္လာဟ်အရှင်မြတ်ကို သတိရပါ။ သင်သည် မကောင်းမှုတစ်ခု ပြုမိပါက ၎င်းနောက်၌ ကောင်းမှုတစ်ခုကို ချက်ချင်းပြုလုပ်ပါ။ လျှို့ဝှက်စွာပြုမိသော အမှားအတွက် လျှို့ဝှက်စွာ ကောင်းမှုပြု၍၊ အထင်အရှားပြုမိသော အမှားအတွက် အထင်အရှား ကောင်းမှုပြုပါ။

ထို့နောက် တမန်တော်မြတ် (ဆွ) က ဤအရာအားလုံးကို ထိန်းချုပ်ပေးနိုင်မည့် အဓိကအချက်ကို ငါကိုယ်တော် ပြောပြရမလားဟု မေးမြန်းရာ၊ မိုအာဇ် (ရဿွိ) က ပြောပြပေးပါ အိုအလ္လာဟ်အရှင်မြတ်၏ ရစူလ်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ တမန်တော်မြတ်သည် မိမိ၏ လျှာဖျားကို ကိုင်ပြ၍ ဤအရာ (လျှာ) ကို ထိန်းသိမ်းပါဟု မိန့်ကြားတော်မူခဲ့သည်။

မိုအာဇ် (ရဿွိ) က အို... အလ္လာဟ်အရှင်မြတ်၏ ရစူလ်၊ ကျွန်တော်မျိုးတို့ ပြောဆိုသမျှ စကားများအတွက် အစစ်ဆေးခံရမှာပါလား?ဟု (အံ့သြစွာ) မေးမြန်းသောအခါ၊ တမန်တော်မြတ် (ဆွ) က လူသားများကို ၎င်းတို့၏ မျက်နှာများ (သို့မဟုတ် နှာခေါင်းများ) ဖြင့် ငရဲမီးထဲသို့ အစုလိုက်အပြုံလိုက် ပစ်ချခံရစေခြင်းမှာ ၎င်းတို့၏ လျှာများက ရိတ်သိမ်းလိုက်သည့် (မကောင်းသော) စကားများကြောင့်သာ မဟုတ်ပါလောဟု မိန့်ကြားကာ သတိပေးတော်မူခဲ့ပါသည်။

(ဆွဟီးဟ် သရ်ဂီးဗ်၊ဝ သရ်ဟီးဗ်ကျမ်း)

ဤဟဒီးဆ်တော်မှ ရရှိသော သင်ခန်းစာနှင့် ကျိုးကျေးဇူးများမှာ

၁။ အဲဟ်စန်အဆင့်။ အလ္လာဟ်အရှင်မြတ်သည် မိမိကို အမြဲစောင့်ကြည့်နေသည်ဟု သိရှိထားခြင်းက ဝတ်ပြုကိုးကွယ်မှုတွင် ပိုမိုကြည်ညိုသဒ္ဓါပွားစေပြီး အမှားအယွင်းကင်းစေသည်။

၂။ သေခြင်းတရားကို သတိရခြင်း။ မိမိကိုယ်ကို သေမည့်သူဟု မှတ်ယူခြင်းက လောကီအပျော်အပါး၌ နစ်မွန်းခြင်းကို တားဆီးပေးပြီး၊ မကောင်းမှုကို ရှောင်ကြဉ်ကာ ကောင်းမှုကို ပိုမိုလုပ်ဆောင်ရန် တွန်းအားပေးသည်။ 

၃။အရှင်မြတ်ကိုသတိရခြင်း။ နေရာတိုင်းတွင် အလ္လာဟ်ကို သတိရခြင်းသည် စိတ်နှလုံးကျန်းမာခြင်း၏ လက္ခဏာဖြစ်ပြီး အရှင်မြတ်ကို မေ့လျော့ခြင်းမှ ကာကွယ်ပေးသည်။

၄။အမှားကို ပြင်ဆင်ခြင်း။ မကောင်းမှုကို ကောင်းမှုဖြင့် အစားထိုးခြင်းက အပြစ်များကို ပျက်ပြယ်စေနိုင်ကြောင်း သိရှိရသည်။ (လျှို့ဝှက်အမှားကို လျှို့ဝှက်ကောင်းမှုဖြင့်၊ အထင်အရှားအမှားကို အထင်အရှားကောင်းမှုဖြင့် အစားထိုးရန်)

၅။ လျှာကို ထိန်းသိမ်းခြင်း၏ အရေးကြီးပုံ။လူသားတစ်ဦး၏ အကြီးမားဆုံးသော ဘေးဒုက္ခမှာ 'လျှာဖြစ်သည်။ ပြောဆိုသမျှ စကားတိုင်းအတွက် တာဝန်ခံရမည်ဖြစ်ပြီး၊ လျှာကို မထိန်းသိမ်းခြင်းသည် ငရဲသို့ ရောက်စေမည့် အဓိကအကြောင်းရင်းဖြစ်သည်။

ဤဟဒီးဆ်တော်သည် လူသားတစ်ဦး၏ လောကီနှင့် နောင်တမလွန် နှစ်ဌာနလုံးတွင် ဘေးကင်းလုံခြုံမှု ရရှိစေရန် လမ်းညွှန်ပေးသည့် အနှစ်ချုပ်သော့ချက် ဟဒီးဆ် ဖြစ်ပါသည်။

KnownIslam အဖွဲ့သားများ

3.5.2026

 

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ