၀တ်မပြုခင် (အာဇန်) ဓမ္မနှိုးဆော်သံရဲ့ အဓိပ္ပာယ်နဲ့ ဘာကြောင့် အဲဒီလိုနှိုးဆော်ရပါသလဲ။

 အဲဒါက ဘယ်လိုရှိသလဲဆိုတော့ လူတွေကို သူတော်ကောင်းတရား နိုးကြားလာဖို့ အတွက် နှိုးဆော်ဖို့လိုတယ်။ လူတွေဟာ အမိုက်အမှားနဲ့ မကင်းဘူး။ သတိလက်လွတ်ဖြစ်တတ်တယ်။ သတိပြန်၀င်လာအောင် နှိုးဆော်ကြရတယ်။ တမန်တော်မြတ်မတိုင်ခင် လက်ထက်က ဘာသာအသီးသီးမှာဆိုရင်လည်း ဒီလိုပျံ့လွင့်နေတဲ့စိတ်ကို တရားဘက်ရောက်အောင် ပြန်လည်သတိဖော်ရတဲ့နည်းတွေ ရှိပါတယ်။ ဥပမာ - ဟိန္ဒူဘုရားကျောင်းမှာဆိုရင် ခေါင်းလောင်းတီးတယ်။ ဗုဒ္ဓဘာသာမှာဆိုရင် ကြေးစည်လည်းတီးတယ်။ ခေါင်းလောင်းလည်းထိုးတယ်။ အဲဒီလိုပဲ ရှင်တိုဘာသာမှာဆိုရင်လည်း ဗုံတီးတယ်။ ခရစ်ယာန်ဘာသာမှာဆိုရင်လည်း ခေါင်းလောင်းထိုးတယ်။ အဲဒီလိုပဲပေါ့လေ။ လူ့ရဲ့စိတ်ကို သူကောင်းတရားဘက် ကိုင်းညွှတ်လာအောင် အသံတစ်ခုခုနဲ့ လုပ်ကြတယ်ဆိုတာ အားလုံးနားလည်ပြီးသားပါ။

အစ္စလာမ်ဘာသာမှာကြတော့ အချိန်အခါကိုပိုင်းခြားပြီး ၀တ်ပြုကြရတာဖြစ်တဲ့အတွက် လူတွေဟာ ကိုယ့်လုပ်ငန်းခွင်တွေထဲမှာ နစ်မျောနေတဲ့အခါကြတော့ သတိရလာအောင် နှိုးဆော်တာပါပဲ။ မြန်မာစကားနဲ့ ပြောရင်တော့ နိဗ္ဗာန်ဆော်များပေါ့။ နိဗ္ဗာန်ဆော်ဆိုတာအဲဒီလိုလူတွေကို ၀တ်ပြုချိန်ရောက်ပြီလို့ အသိပေးဖို့အတွက် ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်။ ဖိတ်ခေါ်တဲ့အခါမှာလည်း သုံးနှုန်းတဲ့ စကားလုံးလေးတွေကလည်းအင်မတန် နူးညံ့သိမ်မွေ့ပါတယ်။ ဘယ်သူ့ကိုမှလည်း ရန်တွေ့တာ ကျိန်စာတိုက်တာ မဟုတ်ပါဘူး။ ပုထုဇဉ်လူသားတွေ လောကီကာမဂုဏ် အာရုံတွေထဲမှာနစ်မျောနေရာကနေ သတိနဲ့အသိ ၀င်လာပြီးတော့ သူတော်ကောင်းတရားဘက်ကို ပြန်လည်ကျင့်ကြံအားထုတ်ဖို့အတွက် သတိရလာအောင် ညဏ်ဖွင့်ပေးတဲ့စကားလုံးလေးတွေနဲ့ ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ စော်ကားတာမဟုတ်ပါဘူး။

မေတ္တာကိုသာဖြန့်ကျက်ခြင်းပါ။ ၀ါဒဖြန့်တာလည်း မဟုတ်ပါဘူး။

စာအုပ် - အစ္စလာမ်ဘာသာကို သိရှိလေ့လာလိုသူတိုင်း အတွက် 

ရေးသားပြုစုသူ - အလ်ဟဂျ်ဦးအေးလွင်

အစ္စလာမ့်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး



အစ္စလာမ်ဘာသာရဲ့ အဓိက ရည်ရွယ်ချက်

 အစ္စလာမ်ဘာသာရဲ့ အဓိကရည်ရွယ်ချက်က နှစ်ဘ၀ အောင်မြင် ငြိမ်းချမ်းရေးပါပဲ။ တစ်ဘ၀ တစ်ခဏမဟုတ်ဘူး။ လူက ရုပ်တစ်ခုတည်းလည်း မဟုတ်ဘူး။ နာမ်တစ်မျိုးတည်းလည်း မဟုတ်ဘူး။ နှစ်ဘဝအတွက်ဖြစ်တယ်။ နာမ်ကောင်းစားရေးအတွက် ရုပ်ကို ဒဏ်ထားလို့လည်း မရဘူး။ နာမ်ကို ပစ်ပယ်ထားပြီး ရုပ်ဘ၀ ကောင်းစားရေးအတွက်သာ လုပ်လို့မရဘူး။ နှစ်ခုစလုံးကို အသိအမှတ်ပြုရမယ်။ ဒီအတိုင်းပဲ လောကီနဲ့ လောကုတ္တရာ နှစ်ဘ၀၊ နှစ်ဌာနစလုံးကို အသိအမှတ်ပြုတာပေါ့နော်။ အဲဒီတော့ ကျင့်စဉ်များဟာ ပြိုင်တူ ဆောင်ရွက်ရမယ်။ အခုနပြောသလို အစွန်းမထွက်ဘူး။ အလွန်အကျွံ မဖြစ်ဘူး။ ဒါကိုကုရ်အာန်ကျမ်းမှာလည်း ဖော်ပြထားတယ်။ အစွန်းမထွက်တဲ့လမ်း၊ မဇ္ဈိမပဋိပဒါလမ်း။ အဲဒီတော့ ဆိုလိုတာက ခန္ဓာကိုယ်ကြီးကို ညှဉ်းပန်းနှိပ်စက်ပြီးတော့ တရားရှာတာလည်း မရှိဘူး။ ခန္ဓာကိုယ်ကို ဒဏ်ထားခြင်းနဲ့ ကာမဂုဏ်ခံစားခြင်း လို့ခေါ်တဲ့ အစွန်းနှစ်ပါးက လွတ်တယ်။ ငါတို့ကတော့ လုပ်ချင်တာလုပ်လို့ရတယ်။ လွတ်လွတ်လပ်လပ်ပဲဟေ့ဆိုပြီးတော့ အဲဒီလို ကာမဂုဏ်ခံစားခြင်းနဲ့ ရုပ်ခန္ဓာကိုယ်ကို ဒဏ်ထားခြင်းဆိုတဲ့ အစွန်းတရားကို ရှောင်ပြီးတဲ့အခါမှာ လောကထဲမှာနေ၊ လောကအကျိုးကိုဆောင်ရင်း တရားရှာရပါတယ်။

ဒီလောကရဲ့ ရည်ရွယ်ချက်က ဘာလည်းဆိုရင် တမလွန် လောကုတ္တရာစခန်းကို အထောက်အကူပြုဖို့အတွက် ဖြစ်ပါတယ်။ ဒီရုပ်နာမ်တွေ ပေးထားတာက တုနှိုင်းမဲ့ အသင်္ခတရှင်ရဲ့ ကျေးဇူးတော်တွေပါ။ ရုပ်လောကကြီးမှာရှိတဲ့ ရုပ်ပတ်၀န်းကျင်ကြီးနဲ့ ကျွန်တော်တို့က ရန်ဖြစ်နေရမှာ မဟုတ်ဘူး။ ရုပ်လောကကို မတွယ်၊ မပယ်ဘဲ ကျွန်တော်တို့က အသုံးချရမှာ။ ဒါကို မှန်ကန်စွာအသုံးချနိုင်ရင် ကျွန်တော်တို့ ဒီဘ၀မှာလည်း အောင်မြင်မယ်။ နောင်ဘ၀မှာလည်း အောင်မြင်မယ်။ ဒါကြောင့်မို့ မွတ်ဆလင်တွေ ဆုတောင်းတဲ့အခါမှာ ကျမ်းစာတွေထဲမှာ ပါတယ်။ ဒီဘ၀မှာလည်း လှပါစေ၊ တမလွန်လောကုတ္တရာမှာလည်းလှပါစေလို့ဆိုပြီး ဆုတောင်းဖို့ လမ်းညွှန်ထားတယ်။ အဲဒီအလှဆိုတဲ့စကားကအင်မတန်ကျယ်ပြန့်တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ၊ Óဏ်ပိုင်းဆိုင်ရာတွေ ပါတယ်။ အလှရဲ့ဆန့်ကျင်ဘက်ဟာ အကျည်းတန်အရုပ်ဆိုး အနိဋ္ဌာရုံတို့ဖြစ်တယ်။ အရုပ်ဆိုးမှုဟာ ရုပ်ပိုင်းဆိုင်ရာရဲ့ နာမ်ပိုင်းဆိုင်ရာမှာလည်း ရှိတယ်။ လူမှုရေးစနစ်ဆိုးတွေမှာလည်း ရှိတယ်။ အဲဒီအနိဋ္ဌာရုံ အကျည်းတန်အားလုံးနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပရမတ္ထသစ္စာ အလှတရားကို ဖော်ကျူးခြင်းဟာအစ္စလာမ်ရဲ့ ပန်းတိုင်ပဲ။ အလှတရားရဲ့ အထွတ်အထိပ်ဟာ ဘာဖြစ်သွားသလဲဆိုတော့ နှစ်ဘ၀ရဲ့ သန္တိသုခငြိမ်းချမ်းရေးပဲ။ ဒါကြောင့် အစ္စလာမ်ရဲ့ တိုက်ရိုက် အဓိပ္ပာယ်က ဘာလည်းဆိုတော့ ငြိမ်းချမ်းခြင်း လို့ အဓိပ္ပာယ်ထွက်တယ်။ ဒါပေမယ့် ဒီအတိုင်း ငြိမ်းချမ်းချင်တယ်လို့ ပြောလို့တော့ မရဘူး။စည်းနဲ့ ကမ်းနဲ့ နည်းစနစ်တွေရှိတယ်။ အဲဒီတော့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်ယူရမယ်။ နှစ်ဘ၀ ငြိမ်းအေးဖို့ ဘ၀တည်ဆောက်မှု စနစ်ဇယားကို ဒီနေ့အစ္စလာမ်လို့ခေါ်တယ်၊။ အဲဒီ သစ္စာတရားရဲ့ ဥပဒေသ၊ နိယာမတွေကို လိုက်နာမှုကနေပြီးတော့ ကျွန်တော်တို့က ငြိမ်းချမ်းမှုကို လှမ်းကိုင်နိုင်မှာဖြစ်တဲ့အတွက် အစ္စလာမ်ဆိုတာကို အနှစ်ချုပ်ပြောရမှာက ဘာလည်းဆိုရင် ကောင်းတာတွေကိုလုပ်၊ မကောင်းတာတွေကိုရှောင်၊ နှလုံးသားကို သန့်အောင်ထား။ (ကုရ်အာန် ၇း၁၅၇) ဒီဘ၀မှာလည်း ငြိမ်းမယ်။ နောင်ဘ၀မှာလည်း ငြိမ်းမယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က အစ္စလာမ်၏ နောက်ဆုံးစခန်းကို ငြိမ်းချမ်းရေးရဲ့ ဗိမာန် 'ဒါရွလ်ဆလမ်' လို့ခေါ်တယ်။ လောကီရော၊ လောကုတ္တရာရော၊ ရုပ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ ရော ငြိမ်းချမ်းမှုဆိုတာ အစ္စလာမ်ရဲ့ပန်းတိုင်ပါပဲ။

စာအုပ် - အစ္စလာမ်ဘာသာကို သိရှိလေ့လာလိုသူတိုင်း အတွက်

ရေးသားပြုစုသူ - အလ်ဟဂျ်ဦးအေးလွင်

အစ္စလာမ့်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး



အစ္စလာမ်ဘာသာ၀င်တွေ အထွတ်အမြတ်ထားတဲ့ ကုရ်အာန်ကျမ်းက ဘယ်လို စတင်ဖြစ်ပေါ်လာခဲ့ပါသလဲ။

 ကျမ်းမြတ်ကုရ်အာန်ကဲ့သို့ ကောင်းကင် (လောကုတ္တရာ) ကျ ကျမ်းများအကြောင်း စမက်တစ်ရစ်လေ့ဂျင့် တွေထဲမှာ ရှိပါတယ်။ စမက်တစ်ရစ်လေ့ဂျင့်ဆိုတာက မဟာလူသား အီဗရာဟင်ကိုယ်တော်ကြီးကို လက်ခံတဲ့ ဂျူတာအစ်ဇင်မှာရော၊ ခရစ်တော်ရဲ့ ခရစ်ယာန်သာသနာမှာရော ဒီအယူအဆက ရှိပြီးသားပါ။ အဲဒါက ဘာလဲဆိုရင် မဟာလူသား ပုဂ္ဂိုလ်ထူးတွေကို ကိုးကွယ်ခြင်းခံထိုက်တဲ့ အနန္တညဏ်တော်ရှင်က ရွေးချယ်ပြီးတော့ သူတို့ကို ညဏ်စဉ်ထူးတွေ ချီးမြှင့်တယ်။ လူသား အတွေးအခေါ်တွေ မဟုတ်ဘူး။ အသင်္ခတအရှင်ဘက်က ညဏ်စဉ်ထူး ချီးမြှင့်တာဖြစ်တယ်။ အဲဒီညဏ်စဉ်ထူးတွေက ဒီပုဂ္ဂိုလ်တွေရဲ့ နှလုံးသားမှာ ကိန်းအောင်းတယ်။ သူတို့ရဲ့ နှုတ်လျှာကနေ ထွက်လာတယ်။ အဲဒါတွေက ကျမ်းတွေအဖြစ်နဲ့ ထွက်ပေါ်လာခဲ့တယ်။ အဲဒီတော့ မဟာလူသားတို့ရဲ့ နှလုံးသားက လာတယ်။ ထွက်ပေါ်လာတာက ရွှေနှုတ်တော်တွေက ထွက်ပေါ်လာတယ်။ သို့သော်

source ကတော့ လူသားရဲ့ source က မဟုတ်ဘူး။ ကောင်းကင်ကျကျမ်းလို့ခရစ်ယာန်တွေက ဘာသာပြန်တယ်။ ကျွန်တော်က Revelations လို့ဆိုချင်တယ်။ Revelations လုပ်တယ်ဆိုတာက ထုတ်ဖော်ပြီးတော့ အမှန်တရားကို ပြလိုက်တာ Conceal ဆိုတာ ဖုံးကွယ်ထားတာ။ Reveal ဆိုတာကဖော်လိုက်တာ။ သစ္စာအမှန်ကို ထုတ်ဖော်ပြသဖို့ တမန်တော်မြတ်ကို ပြီးပြည့်စုံစွာနောက်ဆုံးကြားခံအဖြစ် သစ္စာ ဓမ္မရဲ့ အရှင် 'မာလိကွလ်ဟ(ခ်)' က သုံးခဲ့တာ ဖြစ်တယ်။ အာရေဗီးယားတိုက်က ခရစ်နှစ် ၆ ရာစုမှာ ကျင်လည်နေတဲ့လူသားတစ်ဦးကို ကြားခံရတော့မယ်ဆိုရင် သူ့တရားဦးကို နာခံရမယ့်လူသား တွေ (တစ်နည်း) အာရပ်လူမျိုးတွေရဲ့ ဘာသာစာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေနဲ့ တန်ဆာဆင်သီကုံးပြီး ပို့ချခဲ့ရတယ်။ အဲဒီလူတွေ နားလည်နိုင်မယ့်အမှန်တရားကို ဘယ်လို channel လုပ်လိုက်သလဲဆိုတော့ ဒီလူတွေ နားလည်နိုင်မယ့် ဘာသာစကားကို အရင်ရွေးရတယ်။ ပြီးတဲ့အခါမှာ အဲဒီလူတွေနားလည်နိုင်မယ့် တရားကို တန်ဆာဆင်ထားတဲ့ ဥပမေယျတွေကလည်း ဒီလူတွေကိုပြောလိုက်တာနဲ့ ဘာကိုဆိုလိုသလဲဆိုတာ သိနိုင်မယ့် သူတို့ရဲ့လက်တစ်ကမ်းမှာရှိတဲ့ ဥပမာ၊ ဥပမေယျတွေနဲ့ တန်ဆာဆင်ပြီးတော့ Message

တရားကို ပေးရတယ်။ ဒါကြောင့်မို့ အာရဗီစာပေနဲ့ ကျွန်တော်တို့ တမန်တော်မြတ်ကြီးထံ ကျခဲ့တဲ့ လောကုတ္တရာစခန်းက ကျမ်းဟာ လူသားလက်ထဲကို ရောက်တဲ့အခါမှာ မဟာတမန်တော်မြတ်ကြီးက convey လုပ်ရတယ်။ တရားဟာ လောကုတ္တရာထဲက လောကီနယ်ပယ်ကိုရောက်လာရတာ ဖြစ်တယ်။ ကြားခံလိုက်ရတာက အာရပ်အမျိုးသားဖြစ်တော့ သစ္စာဓမ္မကိုအာရပ်ရဲ့ စာပေနဲ့ လူသားလက်ထဲမှာ ပေထက်အက္ခရာတင်တယ်။ ဒါတွေ

အားလုံးဟာ အနန္တညဏ်တော်ရှင်ရဲ့ မဟာစီမံကိန်းပါ။ ဒီလိုအာရဗီစာပေနဲ့ သစ္စာအမှန်ကို ဖော်ကျူးထားတဲ့ ကျမ်းကို ကုရ်အာန်ကျမ်းလို့ ခေါ်ပါတယ်။

စာအုပ် - အစ္စလာမ်ဘာသာကို သိရှိလေ့လာလိုသူတိုင်း အတွက်

ရေးသားပြုစုသူ - အလ်ဟဂျ်ဦးအေးလွင်

အစ္စလာမ့်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး



ဗလီ၀တ်ကျောင်းထဲမှာ ဘယ်လို အဆောင်အယောင်တွေ ထားရှိပါသလဲ။

 ကျွန်တော်တို့ အဓိကက ဘယ်သူ့ကို ကိုးကွယ်သလဲဆိုတာ သိဖို့လိုတယ်။

အလ္လာဟ်ရှင်မြတ်ဆိုတာ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ လူ၊ နတ်၊ ဗြဟ္မာ စတဲ့ အင်္ခတဘုံသားမဟုတ်ဘူး။ ရုပ်တွေ၊ နာမ်တွေနဲ့ ဖွဲ့စည်းထားတာလည်း မဟုတ်ဖူး။ အဲဒါကြောင့်အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ပဋိသန္ဓေတည်ခြင်းလည်း မရှိဘူး။ ရုပ်တွေ၊ နာမ်တွေ ကင်းတဲ့အတွက်ကြောင့် ဖြစ်ပျက်အနိစ္စဆိုတာလည်း မရှိဘူး။ အဲဒီတော့ ရုပ်တုဆိုတာက ရုပ်တရားကိုသာလျှင် ပုံစံထုလို့ရတာ။ နောက်တစ်ခါ ဒီအရှင်ဟာတုနိုင်းမဲ့လို့ ပြောထားတဲ့အတွက် သူ့ကို ဘာနဲ့မှ ခိုင်းနှိုင်းလို့ မရဘူး။ ပုံပမာနဲ့လည်း သရုပ်ဖော်လို့လည်း မရပါဘူး။ မြန်မာစာပေက ဝေါဟာရတစ်ခုဖြစ်တဲ့ 'အသင်္ခတ' ဟာ အလ္လာဟ်အနန္တဂုဏ်တော်တွေထဲက တစ်ပါးဖြစ်ပါတယ်။ အသင်္ခတဆိုတာ ပကတိအရှိတရားဖြစ်တယ်။ သို့သော် သူ့ကို ဖြစ်တည်လာစေဖို့ အကြောင်းခံမလိုဘူး။ သူ့အလိုလို နဂိုရှိနေတယ်။ သို့သော်လည်း အာရုံတွေနဲ့လည်းကျက်စားလို့မရဘူး။ အဲဒီလိုအရှိတရားကြီးကို အာရုံပြု၀တ်ပြုဖို့အတွက် ပုံပမာခိုင်းနှိုင်းလို့လည်းမရဘူး။ သူ့ကို ရုပ်တုပုံစံလည်း လုပ်လို့မရဘူး။ တမန်တော်မြတ်ကြီး သက်ရှိထင်ရှား ရှိနေစဉ်အခါကတည်းက ကိုးကွယ်ခြင်းခံထိုက်တဲ့အရှင်က စေလွှတ်ခဲ့တဲ့ မဟာလူသားဖြစ်သော်ငြားလည်း ကိုးကွယ်ခြင်းခံထိုက်တဲ့ အသင်္ခတအရှင်နဲ့ ရောထွေးသွားမှာစိုးတဲ့အတွက် သူ့ရဲ့ ရုပ်ပုံကိုတောင် ပန်းချီဆွဲခွင့်မပေးဘူး။ အဲဒီတော့ မဟာလူသားများဟာ အင်မတန် ရိုသေလေးစားအပ်တဲ့ အထွတ်မြတ်ဆုံး ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒါပေမယ့် သူတို့ကိုကျွန်တော်တို့က ဦးချကိုးကွယ်ခြင်း မပြုတဲ့အတွက် နဗီတမန်တော်လို့ ခေါ်တဲ့

လူသား မနုဿဘုရားများကို ကျွန်တော်တို့ ရုပ်တုတွေ ထုလုပ်ပြီး ကိုးကွယ်ခြင်းမပြုပါဘူး။ ဂါရ၀တရားအထွတ်အထိပ်မှာ ထားပါတယ်။ သို့သော် ကျွန်တော်တို့ ကိုးကွယ်ရန် အစစ်အမှန် ခံထိုက်တာက (အလ္လာဟ်) အလ္လာဟ်ဆိုတဲ့ အဓိပ္ပာယ်ကိုက အဲဒီအတိုင်း အဓိပ္ပာယ်ရတယ်။ ကိုးကွယ်ခြင်း ခံထိုက်တော်မူသော တုနှိုင်းမဲ့ အမြတ်ဆုံးဖြစ်ပြီး ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ လူ၊ နတ်၊ဗြဟ္မာဆိုတဲ့ အသင်္ခတဘုံသားလားလားမှ မဟုတ်ပေမယ့်လည်း နာမ်စားသုံးထားတယ်။ အဲဒီတော့ အလ္လာဟ်ဆိုတာက မွတ်ဆလင်တို့ရဲ့ ဘုရား၊ ကုလားတွေရဲ့ ဘုရား ဆိုတာလုံး၀ မဟုတ်ဘူး။

အလ္လာဟ်ဆိုတာ ပုဂ္ဂလိက နာမ်တစ်ခုမှ မဟုတ်တာ။ ဦးဖြူ၊ ဦးနီစတဲ့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ ဗြဟ္မာတစ်ပါး၊ နတ်တစ်ပါးရဲ့ နာမည်မှ မဟုတ်ဘဲ။ အလ္လာဟ်ရဲ့ အဓိပ္ပာယ် အစစ်အမှန်ဟာ တကယ်ကိုးကွယ်ခြင်းခံထိုက်တယ်ဆိုတဲ့ တုနှိုင်းမဲ့လို့ အဓိပ္ပာယ်ရတယ်။ အဲဒီတော့ အလ္လာဟ်ကို ပုံသဏ္ဌာန်ဖော်လို့မရပါဘူး။ ရုပ်၊ နာမ်သင်္ခါရတွေနဲ့ ဖြစ်တည်နေတာ မဟုတ်တော့ ဘာပုံမှ၊ ဘာရုပ်တုမှ ဗလီအတွင်းထဲမှာ မရှိပါဘူး။ သို့သော် ဗလီထဲမှာ ဘာတွေရှိသလဲဆိုတော့ ၀တ်ပြုမှုကို ဦးဆောင်မယ့်သူရဲ့ ရွတ်ဖတ်သရဇ္ဈာယ်မှုကို ဟိုခေတ်၊ ဟိုအခါတုန်းက အနောက်က ပရိသတ်ကြားလောက်အောင် အသံချဲစက်တို့ ဘာတို့ မရှိဘူး။ အဲဒီတော့ ပဲ့တင်သံဆိုတာနဲ့ အသံကို ပိုပြီးတော့ ချဲ့ထွင်နိုင်ဖို့အတွက် လိုဏ်ခေါင်းလေးလုပ်ထားတယ်။ အဲဒီ လိုဏ်ခေါင်းလေးကို 'မဲရဗ်' လို့ ခေါ်တယ်။ ပြီးတော့'မင်ဘယ်လ်' လို့ ခေါ်တဲ့ တရားဟောပလ္လင်ရှိတယ်။ ဒါပဲ ရှိတယ်။ ပြီးတော့တစ်ကမ္ဘာလုံးက လူတွေရဲ့ ညီညွတ်မှုရစေဖို့အတွက် အရှေ့အလယ်ပိုင်းဒေသ ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာရွှေမြို့တော်မှာရှိတဲ့ (ကာဘာ) ကျောင်းတော်ဘက်ကို မိမိစိတ်နဲ့ အာရုံပြုပြီး မျက်နှာကိုလှည့်ရတယ်။ ဒါကို ကေဗလ္လာလို့ခေါ်တယ်။ အဲဒီတော့ ဗလီမှာတော့ ဘာရုပ်တုမှမရှိဘူး။ မက္ကာမြို့တော်ရှိ ကမ္ဘာဦး ၀တ်ကျောင်းတော် 'ကာဘာ' ရဲ့ ထောင့်တစ်ခုမှာ၊ နိဗ္ဗာန်ဘုံပျောက်ဆုံးလို့ လောကီမြေပြင်ကို ကျဆင်းခဲ့ရတဲ့ မနုဿလူသားတို့ရဲ့ဘုံ ဖခင်ကြီး အာဒမ်နဲ့အတူလောကီမြေပြင်ကို သက်ဆင်းလာတဲ့ ကျောက်နက်တော်ကို မြှုပ်နှံထားတယ်။

ဒီကျောက်ကို ကိုးကွယ်ရန် မဟုတ်၊ တရားသေံ၀ဂယူရန် ဖြစ်တယ်။ 'ကာဘာ' ကျောင်းတော်ဘက် မျက်နှာမူရတယ်ဆိုတော့ အဲဒီကျောက်တုံးကြီးကို သွားပြီးရှိခိုးနေသလို ဖြစ်မနေဘူးလားလို့ မေးစရာရှိတယ်။ အကြီးဆုံး ရုပ်တုကြီးကိုရှိခိုးတယ်လို့ ပြောသူက ပြောတယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။

မျက်နှာမူရာ စိတ်အာရုံများကို တစ်ပေါင်းတစ်စုတည်း စုစည်းလို့ရအောင် မျက်နှာမူရာ ပြုလုပ်ခြင်းသာဖြစ်ပါတယ်။

စာအုပ် - အစ္စလာမ်ဘာသာကို သိရှိလေ့လာလိုသူတိုင်း အတွက်

ရေးသားပြုစုသူ - အလ်ဟဂျ်ဦးအေးလွင်

အစ္စလာမ့်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး




ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိနေတဲ့ မွတ်စလင်မ်တွေ ဖတ်ရွတ်နေတဲ့ ကုရ်အာန်က အတူတူပဲလား။

ဟုတ်ပါတယ်။ အားလုံးဟာ အတူတူပါပဲ။ ၀တ်စံလီ မြူတစ်လုံးတောင် မပြောင်းလဲဘူးဆိုတာ မွတ်စလင်မ်က ပြောတာမဟုတ်ဘူး။ မွတ်စလင်မ် မဟုတ်တဲ့လူတွေက ပြောတာ။ အထူးသဖြင့် ဂျာမန်တွေက အလွန်အမင်း သုတေသနပြုကြတယ်။ အရမ်းအပြစ်ရှာတယ်။ သူတို့ ပထမပိုင်းမှာ တော်တော် ပြောကြပါသေးတယ်။ ဟိုဟာတွေ မဟုတ်ဘူး။ ဒီဟာတွေ မဟုတ်ဘူး။ လက်ရေးမူမတူဘူး စသည်ဖြင့်ပေါ့။ အာရဗစ်နဲ့ ရေးတာမဟုတ်ဘူး။ အာရမက်နစ်ဆိုတဲ့ ရှေးဟောင်းစာပေတစ်မျိုးနဲ့ ရေးတာ ဘာညာဆိုပြီးတော့ တိုင်းမ်မဂ္ဂဇင်းကြီးထဲမှာတောင် အကြီးအကျယ်ပါတယ်။ ဒါပေမယ့် သေသေချာချာ သုတေသန ပြုပြီးတဲ့အခါမှာ သူတို့စွပ်စွဲချက်တွေ မဟုတ်ဘူးဆိုတာ သူတို့ပြန်လက်ခံသွားကြတယ်။

ကုရ်အာန်ကျမ်း မှန်တာ၊ မှားတာ တစ်ကဏ္ဍထား။ အလ္လာ့ဟ်ဆီက ကျရောက်လာတာ ဟုတ်မဟုတ် တကဏ္ဍထား။ လုံး၀အငြင်းမပွားတဲ့ကိစ္စတစ်ခုကတော့ဖြင့် ကုရ်အန်ကျမ်းမြတ်ဟာ တမန်တော်မြတ် လက်ထက်ကအတိုင်း ကျွန်တော်တို့လက်ထဲမှာ ရှိနေတယ်။ (၀တ်စံလီ မြူတစ်လုံး) အပြောင်းအလဲ မရှိဘူး။ အတိမ်းအစောင်းမရှိဘူး။ အဲဒါကလည်း ဘာကြောင့် ထူးခြားနေလည်းဆိုတော့ အာရဗစ်ဘာသာစကားရဲ့ ထူးခြားမှုကြောင့်ပဲ။ ဘာကြောင့် အလ္လာဟ်ရှင်မြတ်က အာရဗစ် ဘာသာစကား ကြားခံအဖြစ်နဲ့ သုံးလိုက်သလဲဆိုတော့ အာရာဗစ်ဘာသာစကားက အခုထက်အထိ မတိမ်ကော မပပျောက်သွားဘူး။ ဥပမာဆိုရင် ရှင်တော်ဗုဒ္ဓဟောခဲ့တဲ့ တရားတွေက ပါဠိအဖြစ်နဲ့ မှတ်တမ်းရှိခဲ့တယ်ဆိုတာမှန်တယ််။ သို့သော် ဗုဒ္ဓသုံးခဲ့တဲ့ ဘာသာစကားက မာဂဓဆိုတဲ့ ဘာသာစကားနဲ့သုံးထားတယ်။ ပေထက်အက္ခရာတင်ထားတဲ့အခါကြတော့ ပါဠိဖြစ်သွားတယ်။ ပြီးတော့မှ သက္ကဋ Sanskrit ဆိုတာ ပေါ်လာတယ်။ ဒီပုဂ္ဂိုလ်ထူးတွေ သုံးခဲ့တဲ့ Spoken language အဲဒါတွေက အခုဆက်လက် မသုံးကျတော့ဘူး။ အဲဒီအတိုင်းပဲ။ Jesus ဆိုရင် သူက ဂျူးလူမျိုးလေ။ ဂျူးဆိုတော့ သူက ဟီးဗရူးဘာသာစကားပြောမယ်လို့ ထင်ရတယ်။ ခရစ်တော် ရွှေနှုတ်က သုံးခဲ့တာ ဟီးဗရူးမဟုတ်ဘူး။ အာရမန်းနစ်ဆိုတဲ့ အေရှန်းဟီဗရူးစကားတစ်မျိုး ဖြစ်နေတယ်။

သို့သော် သမ္မာကျမ်း Bible  ကို စပြီးမှတ်တမ်းတင်တဲ့ ဘာသာစကားက ဂရိဘာသာနဲ့ လက်တင်ဘာသာစကားနဲ့ မှတ်တမ်းတင်တာ။ ပြီးတော့မှ အင်္ဂလိပ်ဘာသာစာပေနဲ့ ထုတ်ဝေလာတာ။ အဲဒီလိုကျမ်းများကို ထိန်းသိမ်းမှုမှာဘာသာစကားရဲ့အခန်းကဏ္ဍက သိပ်ပြီးတော့ အရေးကြီးပါတယ်။ အာရဗစ်ဘာသာစကားဟာ ဒီကနေ့အထိ ဆက်လက်ရှင်သန်နေတယ်။ (Living Language) ပျောက်ကွယ်သွားခြင်းမရှိတဲ့ ဂန္ထ၀င်မြောက်စာပေဖြစ်တဲ့အတွက်ကြောင့် နောက်ကြောင်းပြန်ပြီး ဆန်းစစ်တဲ့အခါမှာလည်း ဆန်းစစ်လို့ရတယ်။

ဘာသာစကားဟာ ခိုင်ခံ့မှုရှိတယ်လို့ ပြောလို့ရပါတယ်။


စာအုပ် - အစ္စလာမ်ဘာသာကို သိရှိလေ့လာလိုသူတိုင်း အတွက်

ရေးသားပြုစုသူ - အလ်ဟဂျ်ဦးအေးလွင်

အစ္စလာမ့်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး



အစ္စလာမ်ဘာသာ၀င်တွေ တစ်နေ့ ငါးကြိမ် ဘာကြောင့်၀တ်ပြုရတာလဲဆရာ။ အဲဒီလို ၀တ်ပြုရတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။

 အစ္စလာမ်ဘာသာရဲ့ ကျင့်စဉ်အရ သစ္စာဓမ္မရဲ့ အကြောင်းခံဖြစ်တဲ့ အလ္လာ့ဟ်ဘုန်းတော်ရိပ်မှာ ခိုလှုံမှ နှစ်ဘ၀ အောင်မြင်မှုရမယ်လို့ ခံယူထားပါတယ်။ အဲဒီတော့ အသင်္ခတဂုဏ်တော်ရှင် အလ္လာဟ်နဲ့ ဆက်သွယ်မှုဆိုတာလိုအပ်တယ်။ အလ္လာဟ်ဟာ စိတ်ကူးယဉ်ရှိနေတာ မဟုတ်ဘူး။ အဟုတ်ရှိ၊တကယ်ရှိနေတဲ့ အရှိတရားဖြစ်တယ်။ အလ္လာဟ်ဟာ ရုပ်နာမ် ဓမ္မသင်္ခါရကိုဖြစ်စေတော်မူတဲ့ အကြောင်းခံဖြစ်တယ်။ အလ္လာဟ်ဟာ မမြဲရာ သင်္ခတဓာတ်၊ရုပ်၊ နာမ်တွေနဲ့ ကင်းစင်လွန်မြောက်ပါတယ်။ သို့သော် ပကတိအရှိဖြစ်တယ်။ အာရုံနဲ့လည်း ထိတွေ့လို့မရဘူး။ နှလုံးညဏ်နဲ့ ဓမ္မရသကို ခံစားရပါတယ်။ အဲဒီ အရှိတရားနဲ့ ကျွန်တော်တို့ ဆက်သွယ်ဖို့ လိုအပ်တယ်။ အလ္လာဟ်နဲ့ထိတွေ့ဆက်သွယ်မှုဆိုတာက အဲဒီလို ဆက်သွယ်မှု လမ်းကြောင်းအဖြစ်နဲ့ တစ်နေ့ငါးကြိမ်(ဆွလသ်) ဆိုတဲ့ ဘာ၀နာပေါ့။ ဥပမာ - ကျွန်တော်တို့က အသံလွှင့်ရုံကနေပြီးလွှင့်ထုတ်လိုက်တဲ့ လှိုင်းတွေကို ဖမ်းစက် (Receiver) နဲ့ ဖမ်းယူရမယ်။ လူ့ရဲ့မူရင်း မူလအစဖြစ်တဲ့ လူ့ရဲ့တည်ရှိမှုရဲ့ အကြောင်းခံ အရှိတရားကြီးက မေတ္တာဓာတ်တွေ၊ ကရုဏာတော်တွေ ဒါတွေကို ကက်နက်ရှင်ယူတဲ့ အနေနဲ့ ကျွန်တော်တို့က တစ်နေ့ ငါးကြိမ် ၀တ်ပြုကြတယ်။ အဲဒီလိုပြောခြင်းအားဖြင့် ကျန်တဲ့အချိန်မှာ အလ္လာဟ်ကို သတိမရဘူးလို့ ပြောတာမဟုတ်ဘူး။ လူတစ်ယောက်ရဲ့စိတ်ကို လွှမ်းမိုးနိုင်တဲ့ ကာလလေးတွေကို သတ်မှတ်ထားတယ်။ အရုဏ်တက်အချိန်ဆိုတာ လူက လန်းလန်းဆန်ဆန်းနဲ့ တစ်နေကုန်အလုပ်လုပ်ဖို့ အားယူရမယ့်အချိန်၊ နေ့လယ်ပိုင်းရောက်လာပြီ။ ထိနမိဒ္ဓလို့ ခေါ်တဲ့ ငိုက်မြည်းလာတဲ့ အချိန်၊ အစားအသောက်တွေ စားပြီး လူဟာ အိပ်ချင်လာပြီ။ သတိတစ်ခါ ပြန်ကပ်လာအောင်လို့ နှိုးဆော်လိုက်တယ်။ နောက်တစ်ခါ နေ၀င်ချိန်ရောက်လာပြီ။ နည်းနည်း ဖောက်ပြန်ချင်လာပြီ။ အဲဒီအချိန်မျိုးမှာ လူရဲ့စိတ်က ဖောက်ပြန်တတ်တယ်။ အဲဒီအချိန်မှာ စိတ်ကို ပြန်ပြုပြင်ထိန်းကျောင်းလိုက်တယ်။ နေ၀င်ချိန်ကို ရောက်လာပြီဆိုရင် လူ့ရဲ့စိတ်က ပိုပြီးတော့ ဖောက်ပြန်တယ်။

ဒါကြောင့် လူကြီးတွေက ဘာပြောသလဲဆိုတော့ နေ၀င်တဲ့အချိန်က နွားရိုင်းသွင်းချိန်တဲ့။ အဲဒီအချိန်မှာ လူဟာ ဖောက်ပြန်မှု အမျိုးမျိုးစပြီး လုပ်ချင်လာတယ်။ နောက်ဆုံး အိပ်ရာမ၀င်ခင် အချိန်အထိပေါ့။ အဲဒီတော့ ၂၄ နာရီ အပိုင်းအခြားမှာ ကာလငါးပါးဟာ လူ့စိတ်ကို ပြောင်းလဲနိုင်သော အချိန်တွေဖြစ်တဲ့အတွက်ဒါကို ထိန်းချုပ်ပြီးတော့ လမ်းမှားကို ရောက်မသွားအောင်လို့ စိတ်ကို ပြုပြင်သန့်စင် တည့်မတ်စေဖို့အတွက် အသင်္ခတအရှင်နဲ့ ဆက်သွယ်တဲ့ ပုံစံမျိုးနဲ့ ငါးကြိမ်ဘာ၀နာပွားဖို့ကို ရည်ရွယ်ချက်ကျကျနဲ့သတ်မှတ်ထားတာပါ။

ဒီတရားကျင့်စဉ်ရဲ့ ဟန်ပန်အနေအထားပုံသဏ္ဌာန်အားလုံးရဲ့နောက်မှာ လေးနက်တဲ့ တရားသဘောတွေ ရှိတယ်။


မတ်တတ်ရပ်တာက ဘာကိုညဏ်ပွားဖို့ ဖြစ်တယ်။ ထိခြင်းငါးပါးနဲ့ နဖူးမြေစိုက်ဦးတိုက်လိုက်တာက ဘယ်ညဏ်စဉ်ဖြစ်တယ်။ ထိုင်ခြင်းဟာ ဘယ်ဓမ္မစခန်းကို အာရုံပြုရမယ်ဆိုတဲ့ သမာဓိရော၊ ၀ိပဿနာရော နှစ်ခုစလုံး ဆွလသ်ဘာ၀နာအထဲမှာပါတယ်။ စိတ်ကို တည်ငြိမ်အောင်ကို ဘယ်လိုလုပ်မလဲ။ စိတ်တည်ငြိမ်သွားရင် စိတ်ကို သန့်စင်အောင် ဘယ်လိုလုပ်မလဲ။ စိတ်သန့်စင်သွားပြီးတဲ့အခါ နာမ်မှာ ညဏ်ကပ်ရတဲ့စခန်းဆိုတဲ့ ၀တ်ပြုတဲ့အခါမှာ သမထရော၊ ၀ိပဿနာရောပါသွားတယ်။ အဲဒီတော့ အစ္စလာမ်ဘာသာ၀င် တစ်ယောက်အနေနဲ့ နေ့စဉ်၀တ်ပြုရတဲ့အခါမှာ တိကျတဲ့ စည်းကမ်းချက်နဲ့ ၀တ်ပြုရတယ်။ တစ်ဦးတည်း၀တ်ပြုခွင့်ရှိပေမယ့် လူအများနဲ့ ၀တ်ပြုခြင်းကို ပိုပြီးတော့ တရားတော်ကနှစ်သက်တယ်။ လူအများစုနဲ့ ၀တ်ပြုတဲ့အခါမှာ ရှေ့ဆောင်ဆရာက ဦးဆောင် ရပါတယ်။ လောကီ၊ လောကုတ္တရာ နှစ်ဘ၀ တည်ဆောက်တဲ့အခါမှာ မတိမ်းစောင်းအောင် ထိန်းကျောင်းဖို့၊ ဦးဆောင်မှုတစ်ခုအောက်မှာ နောက်လိုက်ခြင်းဆိုတာ အင်မတန်အရေးကြီးပါတယ်။ အာရဗစ်လိုဆိုရင် 'ဂျမာအသ်' လို့ ခေါ်ပါတယ်။ အဲဒီတော့ အတ္တကို ပါးရှားစေချင်ရင် ပရနဲ့မျှအောင်လုပ်မှ အတ္တဟာ ပါးရှားသွားမယ်။ တစ်ယောက်တည်း၊ တစ်ကိုယ်ကောင်းပဲ လုပ်မယ်ဆိုရင် အတ္တက မကင်းပျောက်ဘဲနဲ့ ပိုကြီးထွားလာလိမ့်မယ်။ ကျွန်တော်တို့က အတ္တကို ပယ်မှာလား၊ အတ္တကို မွေးမြူမှာလား၊ အတ္တကို ပယ်ချင်ရင် မိမိအတ္တကိုကင်းကုန်သွားအောင်၊ ပါးရှားသွားအောင်၊ နည်းသွားအောင်၊ လျော့သွားအောင်ဘာလုပ်ရမလဲဆိုရင် ဖြန့်ကြက်ပစ်လိုက်ရမယ်။ အဲဒါက ဘယ်မှာရှိသလဲဆိုရင်လူအများစုပေါင်း ဘာ၀နာပွားမှုမှာ ရှိတယ်။ လူအများစုနဲ့ ၀တ်ပြုခြင်းမှာ တစ်ဦးချင်းရဲ့ အတ္တတွေ ရောယှက် ကျယ်ပြန့်လာခါ 'အတ္တ'ပျောက်ပြီး 'ပရ' တောက်လာလိမ့်မယ်။ ဘာအဓိပ္ပာယ်လည်းဆိုရင် အတ္တကို ပါးရှားသွားအောင်လျော့နည်းသွားအောင် လုပ်ခြင်းဖြစ်တယ်။ 'ပရ'ဘက်ကို ဖြန့်ကြည့်လိုက်တဲ့အခါမှာ မိမိအတ္တက ပါးရှားသွားမှာဖြစ်တယ်။ ဒါကြောင့်မို့ ဘာ၀နာပွားဖို့၀တ်ကျောင်းတော်ဟာ မရှိမဖြစ် လိုအပ်တယ်။ အချိန်နဲ့ သတ်မှတ်ပြီး လုပ်ရတယ်။ စည်းကမ်းနဲ့ လုပ်ရတယ်။ ဒါကြောင့်မို့ အစ္စလာမ်သာသနာနဲ့ ဗလီကျောင်းတော်ဆိုတာက ဘယ်လိုမှ ခွဲခွာလို့မရဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ဗလီ၀တ်ကျောင်းတော်များရဲ့ အခန်းကဏ္ဍကို အင်မတန်အလေးအနက်ထားတာဖြစ်ပါတယ်။ ဆုတောင်း ၀တ်ပြုကြတယ်။ ဘာလုပ်ကြတာလဲဆိုတော့ ညဏ်ပွားတာဖြစ်သလို မေတ္တာဘာ၀နာလည်း မည်ပါတယ်။ ကိုယ့်ကိုယ်ကိုကောင်းအောင်၊ နှလုံးသားသန့်အောင် လုပ်ကြတာတော့ မှန်တယ်။ အဆုံးသတ်မှာ ဘာလုပ်ရသလဲဆိုရင် ညာဘက်နဲ့ ဘယ်ဘက်ကို လှည့်ပြီး ဆလ္လာမ်မေတ္တာပို့ပါတယ်။ မိမိကိုယ်ကို စောင့်ကြပ်နေတဲ့ ကိုယ်စောင့်နတ်ကြီးများ အပါအ၀င်မိမိရဲ့ လက်ယာခြမ်းမှာရှိတဲ့ အနန္တစကြ၀ဠာ၊ ဘယ်ဘက်ကို လှည့်လိုက်တဲ့အခါမှာ မိမိရဲ့ ကိုယ်စောင့်နတ်သားကြီးအပါအ၀င် လက်၀ဲခြမ်းမှာရှိတဲ့ အနန္တစကြ၀ဠာစတဲ့ အနန္တစကြ၀ဠာတွင်း မှီတင်းနေထိုင်နေကြတဲ့ သဗ္ဗေသတ္တာဝေနေယျအားလုံး တစ်ဦးမကျန်ငြိမ်းအေးပါစေဆိုတဲ့ မေတ္တာဘာ၀နာနဲ့ ဆလ္လာမ်ပို့အဆုံးသတ်ပါတယ်။ အဲဒီတော့ ဗလီမှာ တစ်နေ့ ငါးကြိမ် ဘာလုပ်ကြတာလည်းဆိုရင် ကိုယ့်ကိုလည်း ကောင်းအောင်လုပ်တယ်၊ ပတ်၀န်းကျင်ကိုလည်း ကောင်းအောင်လုပ်တယ်။ မေတ္တာဘာ၀နာလည်း ဖြန့်ကြက်ပါတယ်။ အဲဒါပါပဲ။ ကျွန်တော်တို့အစ္စလာမ်ဘာသာ၀င်တွေ တစ်နေ့ ငါးကြိမ်၀တ်ပြုတယ်ဆိုတာ။ လူတစ်ဦးချင်းရဲ့အဇ္ဈတ္တနှလုံးသားသန့်စင်အေးငြိမ်းရေးမှသည် ပတ်၀န်းကျင် အရပ်ရှစ်မျက်နှာ

တစ်ခွင်တစ်ပြင်လုံး ဆင်းရဲခပ်သမ်း၊ ဒုက္ခခပ်သိမ်း၊ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းပြီး ဗဟိဒ္ဓ အနန္တစကြ၀ဠာနှင့် အနန္တေ၀နေယျသတ္တ၀ါတို့ သန္တိသုခ 'အပ်(စ)ဆလမ်' စိုက်စေဖို့အတွက်ဖြစ်ပါတယ်။


စာအုပ် - အစ္စလာမ်ဘာသာကို သိရှိလေ့လာလိုသူတိုင်း အတွက်

ရေးသားပြုစုသူ - အလ်ဟဂျ်ဦးအေးလွင်

အစ္စလာမ့်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး


ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ