မြန်မာမွတ်စလင်မ်တစ်ဦးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဦးကာ (ဝန်ကြီးဟောင်း)
မြန်မာမွတ်စလင်မ်တစ်ဦးဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်
ပါမောက္ခချုပ် ဦးကာ (ဝန်ကြီးဟောင်း)
မိဘမျိုးရိုး
————
ဦးကာသည် ၁၈၉၄-ခု၊ ဧပြီလ၁၄-ရက်နေ့တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ မိဘများမှာ ဦးမြတ်ရှင် နှင့်ဒေါ်ဘီတို့ဖြစ်သည်။ ဦးကာသည် မင်းတုန်းမင်းတရားကြီး လက်ထက်အသုံးတော်ခံ မမစီ ညီမ မမဖီ၏ မြေးဖြစ်သည်။အသုံးတော်ခံ မမစီကို မင်းတုန်းမင်းတရားကြီးနှင့် စကြာဒေဝီ မိဖုရားကြီးတို့က အလွန်သဒ္ဓါ ယုံကြည်တော်မူကြသည်။ နန်းတော်တွင်း မိဖုရားများ သားတော်သမီးတော်များ ဝတ်ဆင်ရန် စိန်ထည်အမျိုးမျိုးနှင့် မိုးကုတ်ကျောက်အမျိုးမျိုးကို အထည်ပြုလုပ် ဆက်သွင်းရသည်။
မင်းတုန်းမင်းတရားကြီးနှင့် စကြာဒေဝီမိဖုရားကြီးတို့က မန္တလေးမြို့တွင် နန်းတော်ကျုံး၏ အနောက်ဖက်နန်းတော်ကို မျက်နှာမူနေသော မြေနေရာအပါအဝင် မြေသုံးနေရာကို မမစီ အားပေးသနားတော်မူသည်။ မမစီကို မိဖုရားခေါင်ကြီးမှအစ အခြားမိဖုရားများ သမီးတော်များက အလွန် ချစ်ခင်ကြသည်။ ၄င်းတို့အသုံးအဆောင်များ အနည်းငယ်ဟောင်းနွမ်း လျှင်ပင် မမစီအား ပေးလိုက်သည်။ အချိတ်ထဘီများနှင့် ကျောက်မှန်တင်ခုံ ကြီးများ၊ သစ်စေးသုတ်၊ ဇာတ်စုံခြယ် အဝတ်အထည် ထည့်သည့် ဂုံး သေတ္တာများ ပါဝင်သည်ဟု သိရသည်။
ပညာရေး
————-
မမစီ၏ ညီမ မမဖီ၏မြေးတော်သူ ဦးကာသည် ငယ်စဉ်က ဗုဒ္ဓသာသာနာ့ နုဂ္ဂဟကျောင်း၊ မန္တလေးစိန့်ပီတာ အင်္ဂလိပ် အထက်တန်းကျောင်း တို့တွင် ပညာဆည်းပူးသည်။ ငယ်စဉ်ကပင် ပညာချွန်သဖြင့် စကောလားရှစ်ဆုများ ရသည်။ ၈-တန်း၊ ၉-တန်း၊ ၁၀-တန်းကို နှစ်နှစ်ဖြင့် ဖြေဆိုအောင်မြင် သည်။ ရန်ကုန်ကောလိပ်မှ ဘီအေ ဂုဏ်ထူးဘွဲ့ကို ၁၉၁၈-ခုတွင် ရရှိပြီး အမ်အေဂုဏ်ထူးဘွဲ့ကို ၁၉၂၁-ခုတွင် ရရှိသည်။
နိုင်ငံတာဝန်များထမ်းဆောင်ခဲ့ပုံ
——————————-
၁၉၁၈-ခုတွင် ဓာတုဗေဒဌာန သရုပ်ပြဆရာအဖြစ် စတင် ထမ်း ဆောင်သည်။ ထိုစဉ် တက္ကသိုလ်ကောလိပ် ကျောင်းအုပ်ကြီးမှာ မက်သရူး ဟန်တာဖြစ်သည်။ ၁၉၂၃-ခုတွင် လက်ထောက်ကထိက ဖြစ်လာသည်။ ၁၉၂၃-ခုတွင် ဘီအီးအက်စ်(လက်ရွေးစင်တန်း)အဆင့်သို့ တိုးမြှင့် ခန့်အပ် ခြင်းခံရသည်။ ဆရာကြီးသည် ၁၉၂၆ မှ ၁၉၄၂ ခုနှစ်အထိ ရန်ကုန် ကောလိပ် ပဲခူးဆောင် အဆောင်မှူး တာဝန်ဝတ္တရားများ ထမ်းဆောင် သည်။ ၁၉၃၅-ခုတွင် အမှုထမ်းကောင်းတံဆိပ်ရမင်းဘွဲ့ ချီးမြှင့်ခြင်း ခံရသည်။ ၁၉၄၆-ခုတွင် ကထိကရာထူးဖြင့် ဘီအီးအက်စ်စီ (ပထမတန်း) သို့ ရာထူးထပ်မံတိုးမြှင့်ခြင်းခံရသည်။
၁၉၄၆-ခုနှစ်၌ပင် ပဲခူးဆောင်အဆောင်မှူး၊ တက္ကသိုလ် ကောလိပ် များ၏ အဆောင်မှူးချုပ်ဖြစ်လာသည်။ ၁၉၅၈-ခု ဇွန်လတွင် အငြိမ်းစား ယူခဲ့ပြီး သင်္ချာဌာန အချိန်ပိုင်းကထိက တာဝန်ထမ်းဆောင်သည်။ နိုင်ငံ တော်အစိုးရစာသင်ကျောင်းများတွင် အစ္စလာမ်ဘာသာ ဝင်ကလေးသူငယ် များအတွက် အစ္စလာမ်ဘာသာ အခြေခံရရှိစေရန်နှင့် ဘာသာစာရိတ္တ ကြံ့ခိုင်စေရန် သင်ခန်းစာအစီအစဉ်များ ရေးဆွဲရန်နှင့် အကြံဥာဏ်ပေးရန် အစိုးရက ကော်မတီတစ်ရပ်ခန့်အပ်ရာ ထိုကော်မတီတွင် ထိုစဉ်က ရန်ကုန် တက္ကသိုလ်ကထိက ဆရာကြီးဦးကာကို ဒုတိယသဘာပတိအဖြစ် ခန့်အပ် တာဝန်ပေးသည်။ ထိုသို့ တာဝန်ပေးခြင်းကို အများပြည်သူတို့ သိရှိရန် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ ပညာရေးဝန်ကြီးဌာနခွဲ(၂) က ၁၉၅၃ ခု၊ ဧပြီလ ၉ ရက် ရက်စွဲတပ်ပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။
၁၉၅၈-ခုမှ ၁၉၆၀ ပြည့်နှစ်အထိ ကာလအတွင်း ပညာရေးဝန်ကြီး ဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဝန်ကြီးဌာန၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။
၁၉၆၂-ခုတွင် ရန်ကုန်တက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တော်လှန် ရေးကောင်စီ အစိုးရက တာဝန်ပေးအပ်သည်။ ပြည်ထောင်စုရာထူးအဖွဲ့ ဥက္ကဋ္ဌ(ယခု ပြည်သူ့ဝန်ထမ်း ရွေးချယ်ခန့်ထားရေးအဖွဲ့ဥက္ကဋ္ဌ) တာဝန် များကိုလည်း ထမ်းဆောင်ပေးခဲ့သည်။ ။
အစ္စလာမ်ဘာသာရေး အဖွဲ့များတွင် ဆောင်ရွက်ခဲ့ပုံ
—————————————————
၁၉၅၄-ခု နိုဝင်ဘာ ၂ ရက်နေ့က ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက)အဖွဲ့ ဖျက်သိမ်းပြီး အစ္စလာမ်သာသနာရေးရာ ကောင်စီကို ဖွဲ့စည်း ရန် ဗမကအဖွဲ့ရုံး၌ ညှိနှိုင်းဖွဲ့စည်းဝေးစဉ် ဆရာကြီးဦးကာအားဘဏ္ဍာရေးမှူး အဖြစ် အများက လျာထားသည်။
၁၉၅၄-ခု ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကနေဒီလမ်း၊ ဇိနတ် အစ္စလာမ်ယောကျာ်းလေးများ ဂေဟာ၌ အစ္စလာမ်ကောင်စီစတင် ဖွဲ့စည်း သည့် အစည်းအဝေးသို့ ဆရာကြီး တက်ရောက်သည်။ ထိုအစည်းအဝေးမှ ဆရာကြီးသည် စည်းမျဉ်းရေးဆွဲရေး ကော်မတီဝင်အဖြစ်လည်းကောင်း၊ စာရင်းစစ်အဖြစ် လည်းကောင်း ရွေးချယ်တင်မြှောက်ခံရသည်။ စတင်ဖွဲ့ စည်းသည့် ထိုကာလမှစ၍ ဆရာကြီးသည် အစ္စလာမ်သာသနာရေးရာ ကောင်စီတွင် တောက်လျှောက်ပါဝင်ခဲ့သည်။
၁၉၅၈ ခု၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ဝန်ကြီးချုပ်၏ ပြည်ထောင်စု စီမံကိန်းကောင်စီဌာနချုပ်၌ ကျင်းပသော အသင်းအဖွဲ့ပေါင်းစုံမှ ကိုယ်စား လှယ်များ၏ ပဏမ ဆွေးနွေးပွဲသို့ ရန်ကုန်တက္ကသိုလ်မှ ဆရာကြီး ဦးကာ တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။ အစည်းအဝေးတွင် ဆေးသိပ္ပံ ကျောင်းသားများအသင်း ကိုယ်စားလှယ်က မွတ်စလင်မ်ကျောင်းသူ ကျောင်းသားများအတွက် သီးခြားထမင်းစားရုံနှင့် သီးခြားကျောင်း ဆောင်များရရှိရေး အကြံပေးသည်။ ဆရာကြီးဦးကာက အတွေ့အကြုံ ရင့်ကျက်သူပီပီ သီးခြားကျောင်းဆောင် တောင်းခံလျှင်မသင့်။ ယခင် သီးခြားထမင်းစားရုံနှင့် သီးခြားထမင်းချက်ထားရှိပေးရေးဆိုလျှင် ဖြစ်နိုင် စရာရှိကြောင်း စစ်ကြိုနှင့် စစ်ပြီးခေတ် အတွေ့အကြုံများကို သာဓက ဆောင်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။ ၁-၈-၅၈နေ့ မွတ်စလင် ကုန်သည်ကြီးများအသင်း ၌ ကျင်းပသော အစည်းအဝေးတွင် ဆရာကြီး၏ အကြံပြုချက်အတိုင်း အောင်မြင်မှု ရရှိပြီးဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်နေ့စွဲ ပါ ကျောင်းဆောင်စားသောက်ရေးကော်မတီ၏ ပြန်စာအမှတ် ၁၅၉၃ အိပ်ခ်ျအက်ဖ် ၂၂ ကို ရှင်းလင်းပြသည်။ ပါမောက္ခချုပ် ဆရာကြီး ဦးကာ သည် နိုင်ငံတော်တွင် အဆင့်မြင့်ရာထူးကြီးများကို တာဝန်ယူ ထမ်းဆောင် သကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကိုယ်စားပြုသော ဘာသာရေး အသင်းအဖွဲ့များနှင့်လည်း မကင်းကွာဘဲ စိတ်ဝင်တစားပါဝင်ကြောင်း၊ ကူညီကြောင်း သိရှိရပါသည်။
သာယာသော လောကကြီးကို အစ္စလာမ်တရားတော်နှင့် ဖန်တီးနိုင် ကြောင်း မျှော်လင့်ယုံကြည်သည်။ ယုံကြည်ချက်ကို-
“အချုပ်အားဖြင့် ဤစာအုပ်တွင် အလွန်နက်နဲ ကျယ်ဝန်း လှသည့် အစ္စလာမ်တရားတော်ကြီး၏ ကောက်နုတ်ချက်များ ဖြစ်သော အလွန်သေးငယ်သည့် အစိတ်အပိုင်းကလေးမျှ ကိုသာ ထည့်သွင်းဖော်ပြထားသော်လည်း ဖတ်ရှုသူများသည် ကိုယ်ကျင့်ဝတ်ကို ကောင်းစွာသိရှိ ထိန်းသိမ်းတတ်၍၊ ပေါင်းသင်းဆက်ဆံမှု အဆင်ပြေ၍ ကောင်းလာပြီးလျှင် ယခု ထက်များစွာ သာယာသောလောကကြီးကို ကူညီဖန်တီးနိုင် လိမ့်မည်ဟု မျှော်လင့်ပါသည်”
ဟု အတွင်းဝန် သီရိပျံချီ ဦးဘစိန်(M.Sc, B.C.S)စီရင်ရေးသားသည့် “အစ္စလာမ်ဘာလဲ” ကျမ်းအတွက် နိဒါန်းအမှာစာပေးပို့ရာ တွင် ဆရာကြီးက ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
မိသားစုဝင်များ
——————
ဇနီးဖြစ်သူမှာ ဒေါ်သိန်းရင်ဖြစ်ပြီး သားသမီးများအနက် သားဖြစ်သူ ဒေါက်တာတင်မောင်မှာ ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ပထမဦးဆုံး ပါမောက္ခချုပ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ကွယ်လွန်ခြင်း
——————
ဝန်ကြီးဟောင်း ပါမောက္ခချူပ် ဦးကာသည် ၁၉၇၄ ခုနှစ် မေလ(၂၁) ရက် အင်္ဂါနေ့ အသက်(၈၁) ခုနှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
အစ္စလာမ်သာသနာရေးရာကောင်စီ စတင်တည်ထောင်ရာတွင်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င် စာရင်းစစ်အဖြစ်ပါ၀င်ခဲ့သော ပါမောက္ခချုပ် ဦးကာ
ကိုးကား-ပါမောက္ခ ဒေါက်တာအောင်ဇော်ရေးသားပြုစုသော “တိုင်းရင်းမွတ်စလင်မ် စာပြုစာဆိုများ အတွဲ -၂”
Credit :: Original Writer
တမန်တော်မုဟမ္မဒ်(ဆွ) သွန်သင်ခဲ့သော မှတ်သားဖွယ် စကားအချို့
လူတွေဟာ သူတို့ဘဝသက်တမ်းတစ်လျှောက်လုံးမှာ စကားလုံးရေပေါင်း သန်းပေါင်းလေးရာ လောက်ကို ပြောဆိုကြတယ်။ ဒါဟာ သိပ်ကိုများပြားလွန်းတဲ့ အရေအတွက်ပဲ။
လူတွေစကားပြောဆိုကြတာဟာ ကိုယ်ပြုလုပ်ချင်တဲ့အရာပြုလုပ်နိုင်ဖို့ ၊သင်ယူ သင်ကြားခြင်းတွေပြုလုပ်နိုင်ဖို့ ၊ကမ္ဘာကြီးကို ပြောင်းလဲနိုင်ဖို့ဖြစ်တယ်။ ကျွန်တော်တို့ စကားတွေ အများကြီးပြောခဲ့ပေမဲ့ တန်းဖိုးရှိတဲ့စကားအချို့သာ ကျွန်တော်တို့သေပြီးနောက် ကျန်ခဲ့မှာဖြစ်တယ်။ များသောအားဖြင့်ပြောခဲ့တဲ့စကားတွေကတော့ ပျောက်ကွယ်သွားမှာဖြစ်တယ်။
တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့တန်ဖိုးရှိတဲ့ မိန့်ကြားချက်တွေဟာ နှစ်ပေါင်းထောင်ကျော် ကြာပြီဖြစ်သော်လည်း ခုထက်ထိတိုင် တည်မြဲနေဆဲဖြစ်ပါတယ်။ ထိုစကားတွေက ယနေ့တိုင် ကျွန်တော်တို့ နှလုံးသားတွေကို ရိုက်ခတ်နိုင်ဆဲ၊ ကျွန်တော်တို့ရဲ့ မျှော်လင့်ခြင်း၊ မေတ္တာတရား၊ ရဲစွမ်းသတ္တိတွေနဲ့ လူမှုရေးကိစ္စတွေမှာ လွှမ်းမိုးထားနိုင်စွမ်းတွေရှိနေဆဲ ဖြစ်ပါတယ်။
တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့ မှတ်သားဖွယ် အဖိုးတန်စကားတွေထဲက အချို့ကို ဖော်ပြလိုက်ပါတယ်။
သူတစ်ပါးအား သနားကြင်နာကရုဏာထားတတ်သူတို့ကို ကောင်းကင်ဘုံရှိအရှင်မြတ် ကလည်း ကရုဏာထားတော်မူပေလိမ့်မည်။ [1]
အရှင်မြတ်ဟာကရုဏာတရားပြည့်ဝတော်မူသော အရှင်ဖြစ်ပေသည်။ [2]
ကျွန်ုပ်တို့ရဲ့ သားမြေး များကို သနားကြင်နာခြင်းအလျင်းမရှိသူ၊ ဘိုးဘေးများကို ရိုသေလေးစားမှုမရှိသူတို့သည် ကျွန်ုပ်တို့အထဲမှ မဟုတ်ကြပေ။ [3]
အရောင်းအဝယ်ပြုလုပ်ရာတွင်ဖြစ်စေ၊တောင်းရမ်းရာတွင်ဖြစ်စေ ကျေးဇူးသိတတ်သူတို့အား အရှင်မြတ်ကရုဏာထားတော်မူပါစေ။[4]
"ချမ်းသာကြွယ်ဝမှုဆိုတာဟာ ပစ္စည်းဥစ္စာတွေပေါကြွယ်ဝတာ မဟုတ်ဘဲ စိတ်နှလုံးချမ်းသာခြင်းပင် ဖြစ်ပေတယ် " [5]
အမှန်စင်စစ် အရှင်မြတ်ဟာ ကျွန်ုပ်တိုရဲ့အသွင်အပြင်တွေကို မကြည့်ဘဲ စိတ်နှလုံး၊ အမူအကျင့်နှင့် ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကိုသာ ကြည့်တော်မူမယ်။ [6]
အရှင့်အား အောက်မေ့တသခြင်းမရှိဘဲ အလွန်အကျွံစကားဆိုခြင်းသည် နှလုံးသားအားမာကြောခက်ထန်စေသည်။ဧကန်စင်စစ် အရှင်မြတ်နှင့်အဝေးဆုံးသောသူများသည် ရုန့်ရင်းကြမ်းတမ်းခက်ထန်သူများပင် ဖြစ်လေသည်။[7]
"အလ္လာဟ်အရှင်မြတ်ကို အောက်မေ့ သတိရနေပါက အရှင်မြတ် သင့်ရှေ့မှာ အမြဲရှိနေတော်မူတာကို တွေ့ရလိမ့်မယ်။ အောင်မြင်ပျော်ရွှင်နေချိန်မှာ အရှင်မြတ်ကို သတိရနေပါ၊ အသင်ဒုက္ခရောက်နေချိန်မှာ အရှင်မြတ်က သိနေတော်မူလိမ့်မယ်။ အသင့်ထံမှ ထွက်ခွာသွားတဲ့အရာ (သင်မရရှိလိုက်တဲ့အရာ)တွေက အသင့်အတွက်မဟုတ်လို ဖြစ်တယ်၊ အသင့်အတွက် သတ်မှတ်ထားတဲ့အရာတွေဟာလည်း အသင့်ထံက ထွက်ခွာသွားမှာ မဟုတ်ဘူးဆိုတာကို မှတ်သားထားပါ။ သည်းခံခြင်းရဲ့ နောက်မှာ အောင်မြင်ခြင်းရှိတယ်။ ဖိစီးနှိပ်စက်မှုတွေကို ကျော်ဖြတ်ရပြီးနောက်မှာ စိတ်သက်သာရမှုရှိနေတယ်။ ဒုက္ခအခက်အခဲတွေရဲ့နောက်မှာ မုချလွယ်ကူမှုတွေ ရှိနေတယ်။" (ဟဒီးဆ်နံပါတ်-၁၉ | အိမာမ်နဝဝီ စုဆောင်းခဲ့သော ဟဒီးဆ်-၄၀ မှ) [8]
အစ္စလာမ်ကိုအဓိက မဏ္ဍိုင်ကြီးငါးခုနဲ့ တည်ဆောက်ထားတယ်။ အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်(ဆွ)သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်းကို သက်သေခံခြင်း၊ ငါးကြိမ်နမားဇ် မလစ်လပ်အောင်ဖတ်ရွတ်ခြင်း၊ ရမ်ဇာန်လတွင် ရိုဇာဟ်ဥပုသ်စောင့်ထိန်းခြင်း ၊အလှူဒါန ပြုဇကားသ်ပေးခြင်း၊ ဟဂျ်ပြုခြင်းတို့ပင် ဖြစ်တယ်။[9]
ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်က မိန့်ကြားတော်မူခဲ့သည်မှာ "အို...အာဒမ်၏သား၊ သင်သည် ငါအရှင်မြတ်ထံ ခဝပ်ကိုးကွယ်နေသမျှ၊ ခွင့်လွှတ်ခြင်းကို တောင်းခံနေသမျှ ကာလပတ်လုံး သင်ကျူးလွန်ခဲ့တဲ့ အပြစ်ဒုစရိုက်ပေါင်း များစွာကို ငါခွင့်လွှတ်တော်မူမယ်" [10]
အလ္လာဟ်အရှင်မြွက်ကြားတော်မူခဲ့သည်မှာ "ငါအရှင်မြတ်သည် ငါ၏ ကျေးကျွန် မျှော်လင့်တော်မူသည့်အတိုင်း တည်ရှိနေပေမည်၊ သူငါအရှင်အား သတိရ တသနေသရွေ့ ငါသည်လည်း သူ့အား သတိရနေမည်၊ သူငါ့အနား လက်တစ်ဆုပ်စာ ချဥ်းကပ်လျှင် ငါကိုယ်တော်သည် လမ်းတစ်ကမ်းစာလောက် လှမ်းဆွဲပေးမည်၊ သူသည် ငါ့ထံလမ်းလျှောက်လာလျှင် ငါသည်သူ့ထံ ပြေး၍လာပေမည်"[11]
တမန်တော်မုဟမ္မဒ်(ဆွ)ကဆိုခဲ့တယ် "ငါ၏အသက်ကို စိုးပိုင်တော်မူသော အရှင်ကို တိုင်တည်ပါတယ်၊ သင်တို့သည် အချင်းချင်းမေတ္တာတရား မထားနိုင်သရွေ့ ယုံကြည်သူများ ဖြစ်နိုင်ကြမည် မဟုတ်၊ ထို့ပြင် ယုံကြည်သူများ မဖြစ်သရွေ့ ဂျန္နသ်သုခဘုံကို ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ"ဟု ပြောခဲ့သည်။ တမန်တော်မုဟမ္မဒ်(ဆွ)က ဆက်ပြီး "သင်တိုတွေတစ်ယောက်ကိုတစ်ယောက် ချစ်ခင်ရင်းနှီးစေမယ့် အရာတစ်ခုလောက် ညွှန်ပြပေးရမလား? ငြိမ်းချမ်းမှုအပေါင်း သက်ရောက်ပါစေလို့ စလာမ်မေတ္တာပို့သ ကြည့်ကြပါ" ဟု ပြောခဲ့သည်။”[12]
"အရှင်မြတ်ရဲ့ကျေးကျွန်ဟာ ကိုယ့်ကိုယ့်ကိုယ် ချစ်သလို တစ်ပါးသူတွေပေါ် မေတ္တာမထားနိုင်သရွေ့ စစ်မှန်တဲ့ယုံကြည်မှုမပေါက်ဖွားနိုင်ပေ"[13]
"ကိုယ့်ကိုယ်ကိုယ်ချစ်သလို လူတွေအပေါ်မေတ္တာထားနိုင်ရင် သင်ဟာ ယုံကြည်သူတစ်ယောက်ဖြစ်လာပါပြီ ၊ကိုယ့်ရဲ့အိမ်နီးနားချင်းတွေကို ကောင်းမွန်စွာဆက်ဆံမှသာလျှင် မွတ်စလင်မ်တစ်ယောက် ဖြစ်လာနိုင်ပေမည်။"[14]
တမန်တော်မြတ်က ဤသို့ပြောကြားခဲ့သည် "ငြူစူခြင်း၊မုန်းတီးခြင်းတို့သည် သင်တို့ထံ အနာရောဂါများကဲ့သို့ပင်ရောက်ရှိလာမည်ဖြစ်ပြီး အမုန်းတရားသည် သင်တုန်းဓားကဲ့သို့ပင်ဖြစ်သည်၊ထိုအမုန်းတရားမှာ ဆံရိတ်ရန်မဟုတ်ဘဲ သာသနာကို ရိတ်သိမ်းပေလိမ့်မည်၊ဒါကြောင့် အချင်းချင်းမချစ်ခင်ကြသရွေ့ ယုံကြည်နိုင်ကြလိမ့်မည်မဟုတ်ပေ။တစ်ယောက်ကိုတစ်ယောက်ချစ်ခင်နိုင်စေမယ့်အရာကို ပြောပြရမလား။ အချင်းချင်းငြိမ်းချမ်းမှုဖြန့်ကျက်ကြပါ"[15]
"မိမိအတွက်နှစ်သက်သည့်အရာကို အခြားသူအတွက်လည်း မနှစ်သက်နိုင်သေးသ၍ ထိုသူသည် စစ်မှန်သော ယုံကြည်သူ မဖြစ်နိုင်သေးပေ။" [16]
"လူတစ်ယောက်က မိမိရဲ့ ညီအစ်ကိုကို ချစ်ခင်နှစ်သက်ပါက ထို ညီအစ်ကိုကို ချစ်ခင်ကြောင်း ပြောပြ သင့်တယ်။" [17]
"သင့်အတွက်ချစ်ခင်နှစ်သက်သည့်အရာကို လူသားထု တစ်ရပ်လုံးအတွက်လည်း ချစ်ခင်ပါ။"[18]
"အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်ခြင်းပြီးနောက် အကောင်းဆုံးသောလုပ်ရပ်မှာ လူသားတို့အပေါ် စေတနာမေတ္တာထားခြင်းပင် ဖြစ်လေသည်" [19]
တမန်တော် မုဟမ္မဒ်(ဆွ)အား အစ္စလာမ်ရဲ့မည်သည့်အကျင့်သီလဟာ ကောင်းမွန်ပါသလဲ ဟု မေးမြန်းခဲ့ရာတွင် တမန်တော်က "သူတစ်ပါးအား ကျွေးမွေးပြုစုခြင်းနှင့် မိမိနှင့်သိကျွမ်းသူဖြစ်စေ မသိကျွမ်းသူဖြစ်စေ ပျူငှာစွာနှုတ်ဆက်ခြင်းတို့ပင် ဖြစ်လေသည်"ဟူ၍ ပြန်လည် ဖြေကြားခဲ့လေသည်။ [20]
"လူတို့အကြား ကောင်းမွန်သောသတင်းစကားဖြင့် ငြိမ်းချမ်းခြင်းဆောင်ကျဥ်းပေးသူသည် လိမ်လည်သူမဟုတ်ပေ"[21]
"လူတို့အား ကျေးဇူးမတင်တတ်သူမှာ အရှင်မြတ်ကိုလည်း ကျေးဇူးတင်တတ်မည် မဟုတ်ပေ။ [22]
တမန်တော်မုဟမ္မဒ်က "အရှင်မြတ်ကို တိုင်တည်ပြီး ပြောပါတယ်၊ ထိုသူသည် စစ်မှန်သော ယုံကြည်သူမဟုတ်ပေ" ဟု သုံးကြိမ်တိုင် ပြောဆိုလေရာ လူတစ်ယောက်က "အလ္လာဟ့်တမန်တော်၊ ထိုသူသည် ဘယ်သူပါလဲ" ဟု မေးခဲ့လေသည်။ ထိုအခါ "ထိုသူ၏အိမ်နီးချင်းသည် ထိုသူရဲ့ ဘေးဥပဒ်ကနေ စိုးရိမ်မကင်း ဖြစ်နေရသူ" ဟု မိန့်ခဲ့လေသည်။ [23]
"လူသားအားလုံးသည် အာဒမ်နှင့် ဧဝတို့မှ ဆင်းသက်လာပြီး အာရဗ်တို့သည်လည်း အာရဗ်မဟုတ်သူတို့ထက် ပို၍ မမြင့်မြတ်ပါ၊ လူဖြူတို့သည်လည်း လူမဲတို့ထက် သာလွန်ခြင်းမရှိသလို လူမည်းတို့သည်လည်း လူဖြူတို့ထက် သာမြတ်ခြင်း အလျင်း မရှိပေ။ ဖန်ဆင်းရှင်ထံတွင် ဖန်ဆင်းရှင်အား နာခံသူများနှင့် အကျင့်သီလကောင်းမြတ်သူများသာ သာလွန်နေကြမည်ဖြစ်သည်။”[24]
"သက်ဝင်ယုံကြည်သူ(မွတ်စလင်မ်)မည်သည် မိမိအိမ်နီးချင်း ဆာလောင်မွတ်သိပ်ချိန်၌ ဗိုက်ပြည့်အောင်စားသောက်နေသူမဟုတ်။"[25]
အကောင်းမွန်ဆုံးပရဟိတသည် လူတို့အကြား စေ့စပ်ညှိနှိုင်းပေးခြင်းပင် ဖြစ်လေသည်။
အလ္လာဟ်အရှင်ဟာ မြွက်ကြားခဲ့တယ် "အို-အာဒမ်၏သားမြေးတို့၊ ပေးကမ်းစွန့်ကြဲကြပါ ငါသည် ထိုသူတို့အပေါ် ရက်ရက်ရောရော ပေးကမ်းလိမ့်မည်။" [26]
"ပရဟိတသည် စည်းစိမ်ဥစ္စာတို့အား မယုတ်လျော့စေနိုင်"[27]
"ဖျားနာသူတို့ထံ သွားရောက်ကြည့်ရှုပါ၊ ဆာလောင်သူတို့ကို ကျွေးမွေးပါ၊ သုံ့ပန်းများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးကြပါ"[28]
“အရာတိုင်းကို မခက်ခဲစေဘဲ လွယ်ကူအောင်ပြုလုပ်ပါ၊ သတင်းကောင်းတွေကိုသာပေးစွမ်းကာ လူတွေကိုရှောင်မပြေးစေပါနှင့်။”[29]
အလုပ်သမားအား ချွေးမခြောက်ခင် လုပ်အားခ ပေးပါ[30]
ကောင်းမွန်တဲ့ အပြုအမူ ဟူသမျှဟာ အလှူဒါနပြုခြင်းပင်ဖြစ်တယ်[31]
"စစ်မှန်သောယုံကြည်သူများဟူသည် အကောင်းမွန်ဆုံး စရိုက်လက္ခဏာရှိကြသူများဖြစ်ပြီး မိမိတို့ဇနီးမယားအပေါ် အကောင်းမွန်ဆုံးပြောဆိုပြုမူသူများသည် အသင်တို့အနက် အမွန်မြတ်ဆုံးပင်ဖြစ်လေသည်"[32]
“တမန်တော်မုဟမ္မဒ်(ဆွ) ဆိုခဲ့သည်။ "တစ်ဦးအပေါ်တစ်ဦး ဖိနှိပ်ညှင်းဆဲခြင်းမှ ကင်းဝေးကြရန် အလို့ငှာ အသင်တို့ မိမိကိုယ်ကို နှိမ့်ချ၍ နေထိုင်ကြလေကုန်"ဟု အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်ကို မိန့်ကြားတော်မူခဲ့သည်။” [33]
ရန်ငြိုးနှင့်မနာလိုဝန်တိုမှုတို့အား ကြာရှည်မွေးမြူထားခြင်းမျိုးမလုပ်ဘဲ အရှင်မြတ်၏ ကျေးကျွန်နှင့်နောက်လိုက်များကဲ့သို့သာ ပြုမူပါ[34]
အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးတရားစီရင်မည့်နေ့ကို အမှန်တကယ်ယုံကြည်သော သူတို့သည် ကောင်းမွန်သော စကားကိုသာ ဆိုကြသည်။ သို့မဟုတ်ပါက ဆိတ်ဆိတ် နေကြသည်။ [35]
အသင်တို့အနက် အကောင်းမွန်ဆုံးလူမှာ အမူအကျင့်ကောင်းရှိသူဖြစ်သည်[36]
သံသယသည် လိမ်လည်လုပ်ကြံပြောဆိုခြင်းများ၏ အဆိုးရွားဆုံး တရားခံဖြစ်၍ သံသယမထားမိစေရန် သတိပြုကြပါ။ [37]
နပန်းသတ်နိုင် သူသည် သန်မာသူမဟုတ်၊ ဒေါသချုပ်တည်းနိုင်သူသာလျှင် သန်မာသူမည်၏ [38]
နောက်ဆုံးတရားစီရင်မည့်နေ့ကျရောက်အံဆဲဆဲမှာ အသင်တို့ထဲမှ တစ်ဦးက အုန်းပင်ပျိုလေးကိုင်ဆောင်ထားပါက နောက်ဆုံးအချိန်ရောက်ရန် တစ်စက္ကန့်သာ ကျန်သည် ဖြစ်ပါစေ၊ ထိုသူကို စိုက်ပျိုးစေလိုက်ပါ။ (ဆိုလိုသည်မှာ နောက်အချိန်အနည်းငယ်နေရင် ကမ္ဘာကြီးပျက်တော့မယ်ဆိုရင်တောင် သစ်ပင်စိုက်ဖို့ ရှိနေရင် စိုက်လိုက်ပါ၊ မထူးဘူးဆိုပြီး မစိုက်ပဲ မနေလိုက်ပါနှင့်။) [39]
မွတ်စလင်မ်တစ်ဦးမျိုးစေ့ကြဲထားပြီး စိုက်ပျိုးထားတဲ့ သစ်ပင်မှ ငှက်တစ်ကောင်ဖြစ်စေ လူတစ်ယောက်ဖြစ်စေ တိရစ္ဆာန်တစ်ကောင်ဖြစ်စေ စားသုံးခဲ့ရလျှင် ထိုစိုက်ပျိုးခဲ့သူသည် အလှူဒါနပြုသော အကျိုးကို ရရှိမည်။ [40]
လမ်းမှ အန္တရာယ်ရှိသောအရာများကို ဖယ်ရှားပေးခြင်းဟာ ပရဟိတလုပ်ရပ်တစ်ခုပင်ဖြစ်တယ်။ [41]
အပေါင်းအဖော်များက တမန်တော်မုဟမ္မဒ်ကို "အို တမန်တော် တိရစ္ဆာန်များကို ကျွေးမွေးရတဲ့အတွက် ကျွန်တော်တို့ဆုလာဘ်များရနိုင်ပါသလား"ဟု မေးရာ တမန်တော်က "သက်ရှိအရာတိုင်းကို ကျွေးမွေးပြုစုခြင်းအတွက် ဆုလာဘ်ရရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည် " [42]
စာကလေးငှက် ဒါမှမဟုတ် ထို့ထက်ကြီးသောအရာတို့ကို အကြောင်းမဲ့ သတ်ဖြတ်သူကား တရားစီရင်မည့်နေ့၌ အရှင်မြတ်ရဲ့ စီရင်ခြင်းကိုခံရပေလိမ့်မည် [43]
ပူပြင်းလွန်းလှတဲ့နေ့မှာ ရေငတ်လွန်းလို့ ရေတွင်းတစ်ဝိုက်နား လူးလိမ့်နေတဲ့ ခွေးတစ်ကောင်ကို မြင်တဲ့ပြည့်တန်ဆာတစ်ယောက်ဟာ သူမရဲ့ဖိနပ်အတွင်းရေလေးဖြည့်ကာ ခပ်ယူတိုက်ကျွေးလိုက်တဲ့အတွက် အရှင်မြတ်ဟာ သူမအား ခွင့်လွှတ်တော်မူခဲ့တယ်[44]
အဗ်ဒွလ္လာဟ် အိဗ်နု အမရ် အိဗ်နု အလ်-အာဆွ် က ဆင့်ပြန်ခဲ့သည်။ တစ်နေ့ တမန်တော်မုဟမ္မဒ်(ဆွ)သည် ဝူဇူပြုလုပ်နေသည့် စအဒ်အိဗ်နု အဘီဝကားစွ် အနားသို့ လမ်းသွားရင်းရောက်လာလေသည်။ တမန်တော်က စအဒ် အား "ဘာလို့ရေတွေ ဖြုန်းတီးနေသလဲ" ဟုမေးလေသည်။ ထိုအခါ စအဒ်က "ဝူဇူပြုလုပ်ရာမှာလည်း ရေဖြုန်းတီးမှု ရှိပါသလား"ဟု ပြန်မေးလေရာ တမန်တော်မုဟမ္မဒ်က "စီးဆင်းနေတဲ့မြစ်တစ်စင်းမှာ ရှိနေလင့်ကစား ရေကို မဖြုန်းတီးသင့်"ဟု ပြန်ပြောခဲ့လေသည်။[45]
ဆွေမျိုးသားချင်းတွေအကြား နှောင်ကြိုးမြဲမြံစေသူဟာ ကိုယ်ကျိုးမျှော်ကိုး၍ ကျေးဇူးပြုသူမျိုး မဟုတ်ပေ။ အမှန်တကယ်စောင့်ထိန်းသူမှာ ဆွေမျိုးများက အဆက်အသွယ်ဖြတ်သွားသည့်တိုင် ဆက်လက် ကျေးဇူးပြုသူမျိုးဖြစ်ပေတယ်။ [46]
သူဆင်းရဲတွေကို ပေးကမ်းခြင်းဟာ အလှူဒါနဖြစ်တယ် ၊ ဆွေမျိုးသားချင်းတွေကို ပေးကမ်းခြင်းကတော့ အလှူလည်းပြုသလို မိသားစု နှောင်ကြိုးကို ထိန်းသိမ်းခြင်းလည်း ဖြစ်ပေတယ်။[47]
အလ္လာဟ်အရှင်မြတ်ကို သတိရနေပါ၊ မိသားစုဝင်တွေကြား ဆက်ဆံရေးကို ထိန်းသိမ်းပါ။ [48]
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ရိုင်းစိုင်းခြင်းအတွက် မချီးမြှင့်တဲ့ ဆုလာဘ်ကို နူးညံ့သိမ်မွေ့ခြင်းအတွက် ချီးမြှင့်တော်မူသည်။ အရှင်မြတ်သည် ကျေးကျွန်တစ်ဦးကို နှစ်သက်တော်မူလျှင် ထိုသူကို နူးညံ့သိမ်မွေ့ခြင်း ထည့်ပေးသနားတော်မူသည်။ အမှန်စင်စစ် ချို့တဲ့ဆင်းရဲသောအိမ်ဟူသည် ကြင်နာနူးညံ့မှု ခေါင်းပါးသော အိမ်ဖြစ်ပေသည်။ [49]
တမန်တော်မုဟမ္မဒ်(ဆွ)က "သင့်မှာအမေရှိပါသလား" လို့မေးတော့ သူက"ရှိပါတယ်" လို့ ပြန်ဖြေတယ်။ ဒါနဲ့ တမန်တော်က ဆက်ပြီးတော့ "ဒါဆို သူမနဲ့အတူနေထိုင်၍ ပြုစုပါ၊ ဘာလို့ဆို သူမရဲ့ခြေထောက်အောက်မှာ ဂျန္နသ်သုခဘုံ ရှိလို့ပဲ" လို့ ပြောခဲ့လေတယ်။ [50]
တမန်တော်မုဟမ္မဒ်က "သင့်ရဲ့မိဘတွေ သက်ရှိထင်ရှား ရှိနေကြသေးလား"လို့ မေးရာ ထိုသူက ရှိပါသေးတယ်လို့ ပြန်ပြောခဲ့တယ်။ ဒါနဲ့ တမန်တော်က ဆက်ပြီး "ဒါဆို သူတို့နဲ့နေထိုင်ကာ အလုပ်အကျွေးပြုပါ" လို့ ပြောခဲ့တယ် [51]
အလ္လာဟ်အရှင်မြတ်ရဲ့ နှစ်သက်မှုဟာ မိဘတွေရဲ့ကျေနပ်နှစ်သက်မှုပေါ် မူတည်သလို အရှင့်မနှစ်သက်မှုဟာလည်း မိဘတွေရဲ့ မနှစ်သက်မှုပေါ် မူတည်တယ် [52]
အသင်တို့ရဲ့ သားသမီးတွေကြားမှာ မျှတစွာ ဆက်ဆံပါ။ [53]
တမန်တော်မုဟမ္မဒ်ကို "ကျွန်ုပ်ရဲ့ အဆွေခင်ပွန်းကောင်းအဖြစ် ပြုစုရန် အထိုက်တန်ဆုံးသူဟာ ဘယ်သူပါလဲ "ဟု မေးရာတွင် တမန်တော်က "သင့်ရဲ့မိခင်"ဟု ဖြေတယ်၊ ထိုသူက ဒါဆို နောက်ထပ် ထိုက်တန်သူက ဘယ်သူပါလဲ မေးရာ "သင့်ရဲ့မိခင်"လို့ ထပ်ဖြေတယ်၊ ဒါနဲ့ထိုသူက ဆက်ပြီး နောက်ထပ်ထိုက်တန်သူက ဘယ်သူပါလဲ မေးကြည့်ရာ တမန်တော်က ထပ်ပြီး" သင့်ရဲ့မိခင်ပါဘဲ"လို့ ဖြေပြန်လေတယ်။စတုတ္ထအကြိမ်မြောက်အဖြစ် ထိုသူက နောက်ထပ် ဘယ်သူကများ ထိုက်တန်ပါသေးလဲ မေးရာတွင်တော့ "သင့်ရဲ့ဖခင်"လို့ တမန်တော်က ပြောခဲ့တယ် [54]
ကျမ်းကိုးများ
1. 17.53.အဗူဒါဝူဒ်ကျမ်း
2. 4. 5. 9. 11. 18. 20. 21. 23. 24. 25. 26. 28. 29. 36. 37. 38. 39. 40. 41. 42. 46. 51. 54. ဗုခါရီကျမ်း
3. 7. 8. 10. 32. 52. သီရ်မိဇီကျမ်း
6. 12. 27. 31. 33. 34. 35. 44. မွတ်စလင်မ်ကျမ်း
13. အိဗ်နုဟိဗ္ဗားန်ဆင့်ပြန်သည်။
14. 30. အိဗ်နုမာဂျဟ်ကျမ်း
15. 16. 22. မွတ်စ်နဒ်အဟ်မဒ်ကျမ်း
19. သွဗ်ရာနီကျမ်း
43. 47. 50. နစာအီကျမ်း
48. Tarikh Dimashq 56/317. ရှိုက်ခ် အလ်ဘာနီအရ ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။
49. al-Mu’jam al-Kabīr 2274. အလ်-ဟိုင်သမီအရ ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။