တမန်တော် မိုဟာမဒ် (ဆွ) ဆိုတာ ဘယ်သူလဲ? (အပိုင်း - ၂)

 ဤလူသားကို သင်သိသင့်ပါတယ်!

အစ္စလာမ်ကို နားလည်ဖို့ကြိုးစားတဲ့အခါ မူလရင်းမြစ်များဖြစ်တဲ့ ကုရ်အာန်ကျမ်း၊ တမန်တော် မိုဟာမဒ် (ဆွ) ၏ အဆိုအမိန့်များနှင့် အပြုအမူများ ကို တိုက်ရိုက်လေ့လာဖို့ အရေးကြီးပါတယ်။ အနည်းငယ်သော မွတ်စလင်မ်တို့ရဲ့ မှားယွင်းတဲ့ အပြုအမူတွေကို ကြည့်ပြီး မဆုံးဖြတ်ဖို့လည်း အရေးကြီးပါတယ်။ 

မြင့်မြတ်သော အဆုံးအမများကို မွန်မြတ်သော ကိုယ်ကျင့် စာရိတ္တများအဖြစ် တမန်တော်မြတ် သရုပ်ဖော်ခဲ့ပုံကို ဖတ်ရှုနိုင်ပါတယ်။

“အသင်သည် သူတို့နှင့် နူးညံ့စွာ ဆက်ဆံခဲ့သည်မှာ အလ္လာ့ဟ် ကရုဏာတော်ကြောင့်ပင် ဖြစ်သည်။ အကယ်၍ အသင်သည် ကြမ်းတမ်း၍ နှလုံးခက်ထန်သူဖြစ်ပါမူ ဤသူတို့သည် အသင့် အနားမှ မုချ ထွက်ပြေးသွားကြလိမ့်မည်။ (ကုရ်အာန် ၃:၁၅၉)

တမန်တော်မြတ်ထံတော်တွင် ဆယ်နှစ်ခန့် အလုပ်အကျွေး ပြုခဲ့သူ အဆွေတော်တစ်ပါးက တမန်တော်မြတ်ဟာ သူ့အပေါ် အမြဲနူးညံ့သိမ်မွေ့စွာ ဆက်ဆံခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ “ကျွန်ုပ်တစ်စုံတစ်ခု ပြုလုပ်လျှင်လည်း ကျွန်ုပ် ပြုလုပ်သည့် အရာအပေါ်မေးခွန်းထုတ်တော်မမူခဲ့ပါ။ ကျွန်ုပ်တစ်စုံတစ်ခုမပြုနိုင်လျှင်လည်း ထို့သို့မပြုလုပ်နိုင် ခြင်းကို မေးခွန်းထုတ်တော်မမူခဲ့ပါ၊ သူဟာ လူအားလုံးအနက် ခင်မင်ဖွယ် အကောင်းဆုံး လူသားဖြစ်ပါတယ်။”

တစ်ခါက တမန်တော်မြတ်၏ ကြင်ယာတော်သည် လူတစ်ဦး၏ စော်ကားမှုကို ဒေါသဖြင့်တုံ့ပြန်ခဲ့သဖြင့် တမန်တော်မြတ်က သူမအား “အို - အာအေရှာဟ်၊ နူးညံ့သိမ်မွေ့၍ တည်ငြိမ်ပါ၊ အလ္လာဟ်ဟာ ကိစ္စရပ်တိုင်းမှာ နူးညံ့သိမ်မွေ့ခြင်းကို နှစ်သက်တော်မူတယ်။” ဟု မိန့်ကြားခဲ့ပါတယ်။

တမန်တော်ဟာ ဤသို့လဲ မိန့်ကြားခဲ့ပါတယ်။ “နူးညံ့ သိမ်မွေ့မှုကို ပြသကြပါ၊ အကြောင်းမူကား တစ်စုံတစ်ခု၌ နူးညံ့သိမ်မွေ့ခြင်းရှိလျှင် လှပတင့်တယ်၏၊ တစ်စုံတစ်ခုမှ နူးညံ့သိမ်မွေ့ခြင်းကို ဖယ်လိုက်လျှင် ချို့ယွင်းသွားစေ၏။”

“ကရုဏာတော်ရှင်၏ အစေတော်များဟူသည် မြေပေါ်တွင် ကျိုးနွံစွာ လမ်းလျှောက်ကြသူများဖြစ်ကြသည်။ အသိဉာဏ်မဲ့သူတို့က သူတို့အား စကားပြောကြသောအခါ သူတို့သည် ငြိမ်းချမ်းသော စကားကို ပြောဆိုကြသည်။” (ကုရ်အာန် ၂၅:၆၃)

တမန်တော်မြတ်ဟာသူ့အား လူတို့က ရိုသေလေးစားသော အနေဖြင့် မတ်တပ်ရပ်အရိုအသေပေးခြင်းကို တားဆီးတော်မူခဲ့ပါတယ်။ သူဟာ လူစုလူဝေးတွင် ရတဲ့နေရာမှာ ထိုင်တတ်ပြီး သူ့အတွက် ဘယ်သောအခါမှ မြင့်သော၊ ထင်ရှားသောနေရာကို မရှာဖွေခဲ့ပါ။ သူဟာ မည်သည့်အခါမှ သူ၏အဆွေတော်များနှင့် ကွဲပြားရန်၊ သူတို့ထက် အဆင့်အတန်းမြင့်မားဟန်ပေါ်လွင်ရန် ဝတ် စားဆင်ယင်ခြင်း မပြုခဲ့ပါ။ သူဟာ သူဆင်းရဲတို့နှင့် အရောတဝင် နေထိုင်ခဲ့ပါတယ်။ သက်ကြီးရွယ်အိုများနှင့် အတူတကွ ထိုင်လေ့ရှိခဲ့ပြီး မုဆိုးမများကိုလည်း ကူညီထောက်ပံ့လေ့ရှိခဲ့ပါတယ်။ ကိုယ်တော့်အား မသိသူများဟာ လူအုပ်ထဲ၌ ကိုယ်တော် ဘယ်သူလဲဆိုတာ ခွဲခြား၍ မသိရှိနိုင်ပါ။

သူဟာ သူ၏အဆွေတော်များကို ဤသို့မိန့်တော်မူခဲ့သည် “အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်ကို အသင်တို့ မိမိကိုယ်ကို နှိမ့်ချရမည်၊ မည်သူမျှ တစ်ဦးအပေါ်တစ်ဦး မာနမထောင်လွှားရ၊ မည်သူမျှ အခြားသူအပေါ် ဖိနှိပ်ခြင်းမပြုရ ဟု ပို့ချတော်မူခဲ့တယ်” ။

သူဟာ ဖန်ဆင်းရှင် တစ်ပါးတည်းသာ ခံယူထိုက်သော ကိုးကွယ်ဆည်းကပ်ခြင်းခံရမည်ကိုကြောက်ရွံ့ စိုးရိမ်ခဲ့၍ မိမိကိုယ်ကို နှိမ့်ချခဲ့ပါတယ်။

“ကျွန်ုပ်အား ချီးမွမ်းရာတွင် ခရစ်ယာန်တို့ မရ်ယမ်၏သား၊ ယေရှုကို ချီးမွမ်းသကဲ့သို့ ဘောင်မကျော်စေနှင့်၊ ကျွန်ုပ်သည် ဖန်ဆင်းရှင်၏ အစေတော်သာဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်ကို အလ္လာဟ်၏အစေတော်၊ သူ၏ တမန်တော်ဟူ၍သာ ခေါ်ကြလေကုန်။”

“သူမတို့ကို (အသင်တို့၏ကြင်ယာများ) ကိုကောင်းမွန်သည့်ပုံစံဖြင့် ဆက်ဆံကြလေကုန်” (ကုရ်အာန် ၄:၁၉)

တမန်တော်မြတ်၏ ချစ်လှစွာသော ကြင်ယာတော် အာအေရှာဟ် သခင်မက သူမ၏ မြင့်မြတ်သော ခင်ပွန်း အကြောင်း ဤသို့ပြောပြခဲ့ပါတယ်။ “ကိုယ်တော်ဟာ သာမန်လူများ မိမိတို့အိမ်တွင်ပြုမူသကဲ့သို့ သူ့ရဲ့ဖိနပ်တွေကို ကိုယ်တိုင်ပြုပြင်တော်မူတယ်။ သူ့ရဲ့ အင်္ကျီတွေကို လည်း ကိုယ်တိုင် ချုပ်လုပ် ဖာထေးတော်မူတယ်။”

သစ္စာရှိသောခင်ပွန်းတစ်ဦးဖြစ်ယုံသာမက အဆွေတော်များကိုလည်း သူ့အတိုင်းကျင့်ကြံဖို့ လည်း တိုက်တွန်းခဲ့ပါတယ်။ “သစ္စာတရားဖြင့်ယုံကြည်သူများထဲမှ အပြည့်စုံဆုံးသောသူဟာ ကိုယ်ကျင့်တရား အကောင်းဆုံးသောသူဖြစ်တယ်။ ထို့နောက် ထိုသူများထဲမှ အကောင်းဆုံးသော သူဟာ သူတို့၏ ဇနီးများအပေါ် အကောင်းဆုံးသူများ ဖြစ်တယ်။”

“ဧကန်စင်စစ် အသင်သည် မြင့်မားသော စာရိတ္တပေါ်တွင် ရှိသည်။” (ကုရ်အာန် ၆၈:၄)

ရှေ့မှာဖော်ပြခဲ့တာတွေဟာ တမန်တော် မိုဟာမဒ် ဟာ သူ့ဘဝကို ဘယ်လိုနေထိုင်ခဲ့သလဲ ဆိုတာရဲ့ တစေ့တစောင်းမျှသာ ဖြစ်ပါတယ်။ ဖော်ပြထားတဲ့သူ့ရဲ့ ကြင်နာမှုနဲ့ ကရုဏာသက်မှု တို့ရဲ့ ဥပမာတွေဟာ မီဒီယာမှာ ပြတဲ့ အစ္စလာမ်ရဲ့သရုပ်နဲ့ စဉ်ဆက်မပြတ် အထင်အမြင်လွဲမှားမှုများကိုသာ သိရှိသူများအတွက် အံ့ဩစရာ ဖြစ်နေပါလိမ့်မယ်။ 

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ