ကျွန်တော်တို့ အဓိကက ဘယ်သူ့ကို ကိုးကွယ်သလဲဆိုတာ သိဖို့လိုတယ်။
အလ္လာဟ်ရှင်မြတ်ဆိုတာ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ လူ၊ နတ်၊ ဗြဟ္မာ စတဲ့ အင်္ခတဘုံသားမဟုတ်ဘူး။ ရုပ်တွေ၊ နာမ်တွေနဲ့ ဖွဲ့စည်းထားတာလည်း မဟုတ်ဖူး။ အဲဒါကြောင့်အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ပဋိသန္ဓေတည်ခြင်းလည်း မရှိဘူး။ ရုပ်တွေ၊ နာမ်တွေ ကင်းတဲ့အတွက်ကြောင့် ဖြစ်ပျက်အနိစ္စဆိုတာလည်း မရှိဘူး။ အဲဒီတော့ ရုပ်တုဆိုတာက ရုပ်တရားကိုသာလျှင် ပုံစံထုလို့ရတာ။ နောက်တစ်ခါ ဒီအရှင်ဟာတုနိုင်းမဲ့လို့ ပြောထားတဲ့အတွက် သူ့ကို ဘာနဲ့မှ ခိုင်းနှိုင်းလို့ မရဘူး။ ပုံပမာနဲ့လည်း သရုပ်ဖော်လို့လည်း မရပါဘူး။ မြန်မာစာပေက ဝေါဟာရတစ်ခုဖြစ်တဲ့ 'အသင်္ခတ' ဟာ အလ္လာဟ်အနန္တဂုဏ်တော်တွေထဲက တစ်ပါးဖြစ်ပါတယ်။ အသင်္ခတဆိုတာ ပကတိအရှိတရားဖြစ်တယ်။ သို့သော် သူ့ကို ဖြစ်တည်လာစေဖို့ အကြောင်းခံမလိုဘူး။ သူ့အလိုလို နဂိုရှိနေတယ်။ သို့သော်လည်း အာရုံတွေနဲ့လည်းကျက်စားလို့မရဘူး။ အဲဒီလိုအရှိတရားကြီးကို အာရုံပြု၀တ်ပြုဖို့အတွက် ပုံပမာခိုင်းနှိုင်းလို့လည်းမရဘူး။ သူ့ကို ရုပ်တုပုံစံလည်း လုပ်လို့မရဘူး။ တမန်တော်မြတ်ကြီး သက်ရှိထင်ရှား ရှိနေစဉ်အခါကတည်းက ကိုးကွယ်ခြင်းခံထိုက်တဲ့အရှင်က စေလွှတ်ခဲ့တဲ့ မဟာလူသားဖြစ်သော်ငြားလည်း ကိုးကွယ်ခြင်းခံထိုက်တဲ့ အသင်္ခတအရှင်နဲ့ ရောထွေးသွားမှာစိုးတဲ့အတွက် သူ့ရဲ့ ရုပ်ပုံကိုတောင် ပန်းချီဆွဲခွင့်မပေးဘူး။ အဲဒီတော့ မဟာလူသားများဟာ အင်မတန် ရိုသေလေးစားအပ်တဲ့ အထွတ်မြတ်ဆုံး ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒါပေမယ့် သူတို့ကိုကျွန်တော်တို့က ဦးချကိုးကွယ်ခြင်း မပြုတဲ့အတွက် နဗီတမန်တော်လို့ ခေါ်တဲ့
လူသား မနုဿဘုရားများကို ကျွန်တော်တို့ ရုပ်တုတွေ ထုလုပ်ပြီး ကိုးကွယ်ခြင်းမပြုပါဘူး။ ဂါရ၀တရားအထွတ်အထိပ်မှာ ထားပါတယ်။ သို့သော် ကျွန်တော်တို့ ကိုးကွယ်ရန် အစစ်အမှန် ခံထိုက်တာက (အလ္လာဟ်) အလ္လာဟ်ဆိုတဲ့ အဓိပ္ပာယ်ကိုက အဲဒီအတိုင်း အဓိပ္ပာယ်ရတယ်။ ကိုးကွယ်ခြင်း ခံထိုက်တော်မူသော တုနှိုင်းမဲ့ အမြတ်ဆုံးဖြစ်ပြီး ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ လူ၊ နတ်၊ဗြဟ္မာဆိုတဲ့ အသင်္ခတဘုံသားလားလားမှ မဟုတ်ပေမယ့်လည်း နာမ်စားသုံးထားတယ်။ အဲဒီတော့ အလ္လာဟ်ဆိုတာက မွတ်ဆလင်တို့ရဲ့ ဘုရား၊ ကုလားတွေရဲ့ ဘုရား ဆိုတာလုံး၀ မဟုတ်ဘူး။
အလ္လာဟ်ဆိုတာ ပုဂ္ဂလိက နာမ်တစ်ခုမှ မဟုတ်တာ။ ဦးဖြူ၊ ဦးနီစတဲ့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၊ ဗြဟ္မာတစ်ပါး၊ နတ်တစ်ပါးရဲ့ နာမည်မှ မဟုတ်ဘဲ။ အလ္လာဟ်ရဲ့ အဓိပ္ပာယ် အစစ်အမှန်ဟာ တကယ်ကိုးကွယ်ခြင်းခံထိုက်တယ်ဆိုတဲ့ တုနှိုင်းမဲ့လို့ အဓိပ္ပာယ်ရတယ်။ အဲဒီတော့ အလ္လာဟ်ကို ပုံသဏ္ဌာန်ဖော်လို့မရပါဘူး။ ရုပ်၊ နာမ်သင်္ခါရတွေနဲ့ ဖြစ်တည်နေတာ မဟုတ်တော့ ဘာပုံမှ၊ ဘာရုပ်တုမှ ဗလီအတွင်းထဲမှာ မရှိပါဘူး။ သို့သော် ဗလီထဲမှာ ဘာတွေရှိသလဲဆိုတော့ ၀တ်ပြုမှုကို ဦးဆောင်မယ့်သူရဲ့ ရွတ်ဖတ်သရဇ္ဈာယ်မှုကို ဟိုခေတ်၊ ဟိုအခါတုန်းက အနောက်က ပရိသတ်ကြားလောက်အောင် အသံချဲစက်တို့ ဘာတို့ မရှိဘူး။ အဲဒီတော့ ပဲ့တင်သံဆိုတာနဲ့ အသံကို ပိုပြီးတော့ ချဲ့ထွင်နိုင်ဖို့အတွက် လိုဏ်ခေါင်းလေးလုပ်ထားတယ်။ အဲဒီ လိုဏ်ခေါင်းလေးကို 'မဲရဗ်' လို့ ခေါ်တယ်။ ပြီးတော့'မင်ဘယ်လ်' လို့ ခေါ်တဲ့ တရားဟောပလ္လင်ရှိတယ်။ ဒါပဲ ရှိတယ်။ ပြီးတော့တစ်ကမ္ဘာလုံးက လူတွေရဲ့ ညီညွတ်မှုရစေဖို့အတွက် အရှေ့အလယ်ပိုင်းဒေသ ဆော်ဒီအာရေဗီးယားနိုင်ငံ မက္ကာရွှေမြို့တော်မှာရှိတဲ့ (ကာဘာ) ကျောင်းတော်ဘက်ကို မိမိစိတ်နဲ့ အာရုံပြုပြီး မျက်နှာကိုလှည့်ရတယ်။ ဒါကို ကေဗလ္လာလို့ခေါ်တယ်။ အဲဒီတော့ ဗလီမှာတော့ ဘာရုပ်တုမှမရှိဘူး။ မက္ကာမြို့တော်ရှိ ကမ္ဘာဦး ၀တ်ကျောင်းတော် 'ကာဘာ' ရဲ့ ထောင့်တစ်ခုမှာ၊ နိဗ္ဗာန်ဘုံပျောက်ဆုံးလို့ လောကီမြေပြင်ကို ကျဆင်းခဲ့ရတဲ့ မနုဿလူသားတို့ရဲ့ဘုံ ဖခင်ကြီး အာဒမ်နဲ့အတူလောကီမြေပြင်ကို သက်ဆင်းလာတဲ့ ကျောက်နက်တော်ကို မြှုပ်နှံထားတယ်။
ဒီကျောက်ကို ကိုးကွယ်ရန် မဟုတ်၊ တရားသေံ၀ဂယူရန် ဖြစ်တယ်။ 'ကာဘာ' ကျောင်းတော်ဘက် မျက်နှာမူရတယ်ဆိုတော့ အဲဒီကျောက်တုံးကြီးကို သွားပြီးရှိခိုးနေသလို ဖြစ်မနေဘူးလားလို့ မေးစရာရှိတယ်။ အကြီးဆုံး ရုပ်တုကြီးကိုရှိခိုးတယ်လို့ ပြောသူက ပြောတယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။
မျက်နှာမူရာ စိတ်အာရုံများကို တစ်ပေါင်းတစ်စုတည်း စုစည်းလို့ရအောင် မျက်နှာမူရာ ပြုလုပ်ခြင်းသာဖြစ်ပါတယ်။
စာအုပ် - အစ္စလာမ်ဘာသာကို သိရှိလေ့လာလိုသူတိုင်း အတွက်
ရေးသားပြုစုသူ - အလ်ဟဂျ်ဦးအေးလွင်
အစ္စလာမ့်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး