အတိတ်သည်ပြီးခဲ့ပြီဖြစ်သည်။

အတိတ်ဆိုတာ ပြီးခဲ့ပြီဖြစ်တယ်

အစ္စလာမ်ဘာသာဝင် မွတ်စလင်မ် တစ်ယောက်ဟာ အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အမြဲတွေးပူနေပြီး မိမိရဲ့လက်ရှိဘဝကို ဝမ်းနည်းပူဆွေးတဲ့ ပုံစံမျိုးဖြစ်နေအောင် လုံးဝ (လုံးဝ) မလုပ်သင့်ပါ။ အတိတ်သည်ပြီးခဲ့ပြီဖြစ်သည်။ အတိတ်ကအကြောင်းအရာများကို ထိုင်ပြီး ဝမ်းနည်းပူဆွေး မနေသင့်ပါ။ လက်ရှိအချိန်နှင့် အနာဂတ်မှာ ဘယ်လို ပိုပြီးကောင်းအောင်လုပ်မလဲဆိုတာသာ ဂရုစိုက်သင့်ပါတယ်။
နောက်တစ်ချက်သတိထားရမှာက အစ္စလာမ်သာသနာမှာ သောင်ဗဟ်(အမှားဝန်ချတောင်းပန်ခြင်း) ဆိုတဲ့ အလ္လာဟ်အရှင် ဖွင့်ပေးထားတဲ့ လွတ်လမ်းကအမြဲရှိနေပါတယ်။ အစ္စလာမ်သာသနာဟာ လူသားကအမှားနဲ့ မကင်းဘူးဆိုတာ ကို လက်ခံထားတဲ့ ဘာသာတရားတစ်ခုဖြစ်ပါတယ်။ အတိတ်မှာ မကောင်းမှုတွေ လုပ်ခဲ့ရင် အလ္လာဟ်အရှင့်ထံမှာ သေချာဝန်ချတောင်းပန်ပြီး နောက်ဘယ်တော့မှ ထိုအမှားမျိုးထပ်မလုပ်တော့ပါဘူးလို့ ဆန္ဒကတိပြုရင် အလ္လာဟ်အရှင်က ခွင့်လွတ်ပေးပါလိမ့်မယ်။ နောက်ထပ် ထိုအမှားကို ရှေ့လျှောက် မကျူးလွန်ဖို့သာ လိုအပ်ပါတယ်။ ဒါကြောင့် အတိတ်က အမှားကြောင့် လက်ရှိအချိန်နဲ့ ရှေ့ဆက်မယ့်ဘဝမှာ ပူဆွေးမှုတွေ ဖြစ်မနေပါနဲ့။ ယခုကစ သင်ပြောင်းလဲပြီး အကောင်းဆုံးကြိုးစားလိုက်ပါ။
(မှတ်ချက်။ ။ သောင်ဗဟ်ပြုခြင်းကြောင့် လူသားအချင်းချင်း ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အလ္လာဟ်ရှင်က ခွင့်မလွတ်ပါဘူး။ လူသားအချင်းချင်း မတရားမှုကျူးလွန်ထားရင် ကိုယ်ကျူးလွန်မိခဲ့သူက ခွင့်မလွှတ်မခြင်း အလ္လာဟ်အရှင်ကလဲ ခွင့်မလွှတ်ပါဘူး။ အလ္လာဟ်အရှင်နဲ့ ပက်သက်တဲ့ အပြစ်တွေကိုဘဲ အလ္လာဟ်အရှင်က ခွင့်လွှတ်မှာပါ။ ဥပမာ - ဆွလာသ်းမဖတ်ခဲ့ခြင်း၊ ရိုဇာမထားခဲ့ခြင်း)

ဘဝမှာ အတိတ်က ဘယ်လို အခက်အခဲတွေပဲရှိခဲ့ရှိခဲ့ အဲ့ဒီအခက်အခဲဒုက္ခတွေကို လက်ရှိအချိန်မှာတွေးပြီး ဝမ်းနည်းနေလို့မရပါဘူး။ တမန်တော်မိုဟမ္မဒ်(ဆွ)ရဲ့ဘဝကိုကြည့်ပြီးတော့လည်း ကျွန်တော်တို့ သင်ခန်းစာယူနိုင်ပါတယ်။ တမန်တော်မိုဟမ္မဒ်(ဆွ) က သူ့ဘဝမှာ အလွန်ကြီးမားတဲ့ အခက်အခဲတွေ ဆက်တိုက်ကြုံတွေ့ခဲ့သော်လည်း လက်ရှိအချိန်နဲ့ အနာဂတ်ကိုသာ အာရုံစိုက်ပြီး အကောင်းဆုံးလုပ်ဆောင်ခဲ့တဲ့ လူသားတစ်ဦးဖြစ်ခဲ့ပါတယ်။ သူ့လောက် ကျွန်တော်တို့ ဒုက္ခရောက်ခဲ့လို့လား?
အစ္စလာမ်သာသနာတွင် အတိတ်အကြောင်းအရာများကို အာရုံမစိုက်ဘဲ အလ္လာဟ်အရှင်ကို ယုံကြည်ပြီး ရှေ့လျှောက် အကောင်းဆုံး ကြိုးစားလုပ်ဆောင်ဖို့ သင်ပြထားကြောင်း အောက်ပါအာယတ်တော်အရ သိရှိရပါတယ်။
ကုရ်အာန် (၉:၅၁)
9|51|(အို- တမန်တော်)အသင်ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်တို့နှင့်ပတ်သက်ပြီး သတ်မှတ်တော်မူခဲ့သည်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ ကျွန်ုပ်တို့၌ လုံးဝ ဆိုက်ရောက်မည် မဟုတ်ပေ။ အရှင်မြတ်သည် ကျွန်ုပ်တို့၏အရှင်သခင် ဖြစ်တော်မူသည်။ သို့ဖြစ်ရာ အီမာန်ယုံကြည်သူများသည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ယုံပုံလွှဲအပ်ကြရမည် ဖြစ်သည်။
ဒါကြောင့် မွတ်စလင်မ် တစ်ယောက်အနေနဲ့ အတိတ်မှာပဲရပ်တန့်နေလို့မရပါဘူး။ ရှေ့ဆက်ရမယ့် အနာဂတ်မှာ အကောင်းဆုံးကြိုးစားဖို့ လိုပါတယ်။

 

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ