ဟဒီးဆ်-၂ ပစ္စည်းဥစ္စာ ပေါကြွယ်ဝသူ (သူဌေး) နှင့် ယှဉ်ပြိုင်ခြင်း


 

ပစ္စည်းဥစ္စာ ပေါကြွယ်ဝသူ (သူဌေး) နှင့် ယှဉ်ပြိုင်ခြင်း

အဘူဟူရိုင်ရဟ်(ရသွေ့) ထံမှ ဟဒီးဆ်တစ်ပုဒ် ဆင့်ပြန်လာရှိသည်။ လူတို့က တမန်တော်မြတ်(ဆွ)အား “ အို အလ္လာဟ့်တမန်တော် ချမ်းသာသူတွေက အာခေရသ်မှာ ပိုပြီးမြင့်မားတဲ့ အဆင့်အတန်းနဲ့ ဆုလာဘ်တွေကို ရမှာဖြစ်တယ်လို့ လူတွေက ပြောနေကြပါတယ်။” ထိုအခါ တမန်တော်မြတ်(ဆွ)မှ “ဘာလို့အဲလိုပြောရတာလဲ ဟုမေးမြန်းရာ” သူတို့က “ချမ်းသာကြွယ်ဝသူတွေက ကျွန်တော်တို့ ဆွလားသ်ဖတ်သလို အချိန်မှန်ဖတ်တယ်။ အလ္လာဟ့်လမ်းစဉ်မှာလည်း ကျွန်တော်တို့ကြိုးပမ်းသလို ကြိုးပမ်းကြတယ်။ ဒါ့အပြင်သူတို့က ချမ်းသာတဲ့အတွက် သူတို့ရဲ့ ပစ္စည်းဥစ္စာတွေကိုပါ အလ္လာဟ့်လမ်းစဉ်မှာ သုံးစွဲကြတယ်။ ကျွန်တော်တို့က ထိုကဲ့သို့မသုံးနိုင်။” ဟု ပြောကြသည်။ ထိုအခါတမန်တော်မြတ်(ဆွ)မှ “အသင်တို့ကိုငါတမန်တော်မြတ် နည်းလမ်းတစ်ခု မပြောပြရဘူးလား။ ထိုကဲ့သို့လုပ်ဆောင်ပါက အသင်တို့ရှေ့တွင် ရှိသော လူများနှင့် အသင်တို့နောက်တွင် လာမည့်လူများထက် အသင်တို့က သာလွန်မှာဖြစ်တယ်။ ပြီးတော့ အသင်တို့က မိမိခေတ်ရှိလူများတွင်လည်း အကောင်းဆုံးသူတွေ ဖြစ်ကြမယ်။ ဤသည်မှာ ဆွလားသ်တစ်ခုပြီးတိုင်း စွဗ်ဟာနလ္လာဟ် ၁၀ ကြိမ် ၊ အလ်ဟမ်ဒုလိလ္လာဟ် ၁၀ ကြိမ်၊ အလ္လာဟ်ဟုအက်ဘရ် ၁၀ ကြိမ် ရွတ်ဖတ်ရမှာ ဖြစ်တယ်။” ဟု မိန့်ကြားတော်မူခဲ့သည်။ (ဗုခါရီကျမ်း)

ကုရ်အာန်ကျမ်းတော်မြတ်တွင်လာရှိသည်။

“ငါအရှင်မြတ်သည် သူတို့ထဲမှ အချို့ကိုအချို့ထက် မည်သို့ မြင့်မြတ်စေတော်မူခဲ့သနည်းဆိုသည်ကို အသင်ကြည့်ပါ။ ထို့ပြင် အမှန်စင်စစ် တမလွန်ဘဝသည် အဆင့်အတန်းအားဖြင့်သာမက မြင့်မြတ်မှုအားဖြင့်လည်း အလွန်ကြီးကျယ်လှသည်။” ကုရ်အာန် (၁၇:၂၁)

အထက်ပါ ဟဒီးဆ်နှင့် ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ်တော်ကို ကြည့်ပါ။ မိမိက မချမ်းသာလို့၊ အလ္လာဟ်လမ်းမှာ သူများတွေလို ပိုမသုံးနိုင်လို့ဆိုပြီး ဝမ်းနည်းစရာ အလျင်းမရှိပါဘူး။ အလ္လာဟ်အရှင်မြတ်သည် လူသားတွေကို ဖန်ဆင်းလိုက်စဉ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် မတူအောင် ဖန်ဆင်းထားတာ ဖြစ်တယ်။ တစ်ချို့ကို ပညာအရည်အချင်းမှာ မြင့်မားတဲ့နေရာ၊ အတွေးအမြင်တွေ ပေးထားတယ်။ တစ်ချို့ကို ရုပ်ရည်ချောမောလှပစေတယ်။ တစ်ချို့ကို ပစ္စည်းဥစ္စာများစွာ ပေးထားတယ်။ အဲဒီအရာတွေက အလ္လာဟ်ထံမှ လက်ဆောင်ပစ္စည်းများ ဖြစ်သလို၊ စမ်းသပ်မှုများလည်း ဖြစ်ပါတယ်။ ကိုယ့်ကို ပေးထားတဲ့ အရာတွေကို ကောင်းတဲ့နေရာ၊ ခွင့်ပြုထားတဲ့နေရာတွေမှာ အသုံးချရမှာဖြစ်ပြီး၊ ပိုပြီးကြိုးစားသွားရမှာဖြစ်တယ်။ အကယ်၍ ကိုယ့်မှာ တစ်ခုခုမရှိခဲ့လည်း အဲ့ဒီအပေါ်မှာ သည်းခံပြီး ဆက်လက်ကြိုးစားရမှာ ဖြစ်တယ်။ မရှိတဲ့အရာကို မကောင်းတဲ့နည်းနဲ့ ရယူရမှာ မဟုတ်ပေ။ ယခုဘဝမှာ ဘယ်သူက ဘယ်သူ့ထက် ဘယ်လောက်ပဲမြင့်မြင့် နောင်အာခေရသ်မှာ တစ်ယောက်နှင့်တစ်ယောက် ကွာသွားမယ့်အချက်ဟာ  အလ္လာဟ့်လမ်းစဉ်မှာ ဘယ်သူက အများဆုံးကျင့်ကြံခဲ့သလဲဆိုတဲ့ အချက်ပဲဖြစ်တယ်။

ဤသည်နှင့် ပတ်သက်ပြီး ကုရ်အာန်ကျမ်းတော်မြတ်မှာ အာယာသ်များ လာရှိထားပါတယ်။ (အိဗ်နေကဆီးရ်)

“အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကရုဏာဖြစ်သော တမန်တော်အဖြစ်ခန့်အပ်ခြင်းကို သူတို့ကပင် ခွဲဝေပေးကြသလော။ (အမှန်စင်စစ်)ငါအရှင်မြတ်သည် ဤဘဝတွင် သူတို့၏ အသက်မွေးဝမ်းကျောင်းကိစ္စကိုပင် သူတို့၏ အကြား၌ ခွဲဝေပေးထားတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့ထဲမှ အချို့သည် အချို့ကို အခိုင်းအစေပြုလုပ်နိုင်ရန်၊ သူတို့ထဲမှ အချို့ကို အချို့ထက် အဆင့်အတန်းများ မြှင့်တင်ပေးတော်မူခဲ့သည်။ ထို့ပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကရုဏာတော်သည် သူတို့ ရှာဖွေစုဆောင်းနေကြသည်များထက် ပို၍ကောင်းမြတ်သည်။” ကုရ်အာန် (၄၃:၃၂)

“အရှင်မြတ်သည်ပင် အသင်တို့အား မြေပထဝီတွင် ကိုယ်စားလှယ်များအဖြစ် ပြုလုပ်ပေးသနားတော်မူခဲ့သည်။ ၎င်းပြင် အရှင်မြတ်သည်ပင် အသင်တို့အား အရှင်မြတ်ပေးထားသော ကျေးဇူးတော်များနှင့် ပတ်သက်၍ စမ်းသပ်တော်မူရန် အသင်တို့ထဲမှ အချို့ကို အချို့ထက် အဆင့်အတန်းမြင့်စေတော်မူခဲ့သည်။ အမှန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အလွန်လျင်မြန်စွာ အရေးယူတော်မူသောအရှင် ဖြစ်တော်မူသည်။ ၎င်းပြင် အမှန်စင်စစ် အရှင်မြတ်သည် အလွန် လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင်လည်း ဖြစ်တော်မူသည်။” ကုရ်အာန် (၆:၁၆၅)

အထက်ပါကုရ်အာန်အာယာသ်များကို ဖတ်ကြည့်လျှင် သိနိုင်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် လူတစ်ယောက်ကို တစ်ခြားလူတစ်ယောက်ထက် တစ်ခုခု သာအောင် ပေးထားပြီဆိုလျှင် ထိုသူ့ကို စမ်းသပ်ဖို့ ပေးထားခြင်းသာဖြစ်သည်။ ဉပမာ လူတစ်ယောက်က ချမ်းသာခြင်းနှင့် စမ်းသပ်ခံရလျှင် ထိုသူသည် ကေယာမသ်နေ့မှာ ထိုဥစ္စာပစ္စည်းကို ဘယ်လိုသုံးခဲ့သလဲ၊ ဘယ်နေရာတွေမှာ သုံးခဲ့သလဲ ဆိုတာတွေကို စစ်ဆေးမေးမြန်းခံရမည် ဖြစ်သည်။ လူတစ်ယောက်က ဆင်းရဲခြင်းနှင့် စမ်းသပ်ခြင်းခံခဲ့ရလျှင် ထိုသူဟာ ဆင်းရဲနေတဲ့အချိန်မှာ ဘယ်လောက်သည်းခံခဲ့သလဲ၊ ဘယ်လောက်ရောင်ရဲခဲ့သလဲဆိုတာနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းခြင်းခံရမည်ဖြစ်သည်။

(အိဗ်နေကဆီးရ်)

တမန်တော်မြတ်(ဆွ)က “ငါသည် အလ္လာဟ်အရှင်မြတ်ထံမှ ချမ်းသာခြင်း၏ ဒုက္ခများနှင့် ဆင်းရဲခြင်း၏ ဒုက္ခများမှ သင်တို့နဲ့အတူ ခိုလုံပါ၏…..” ဟု မိန့်ခဲ့သည်။

အလ္လာဟ်အရှင်မြတ်သည် ဤလောကတွင် လူတိုင်းကို မတူညီသော အဆင့်အတန်းများ ပေးထားသည်။ တစ်ချို့ကို အလုပ်ရှင်အဖြစ်၊ တစ်ချို့ကို အလုပ်သမားအဖြစ်၊ တစ်ချို့က အလုပ်လက်မဲ့ဖြစ်နေပြီး တစ်ချို့ကိုတော့ အလုပ်လုပ်စရာပင် မလိုအောင်ပေးထားသည်။ ဆွဟာဗဟ်များထဲတွင် အလွန်ချမ်းသာသူများ ရှိခဲ့သည်။ ထိုသူများသည် သူတို့၏ ငွေကြေးများကို ကောင်းမွန်သည့် နေရာများတွင်သာ သုံးစွဲခဲ့ကြသည်။ ထိုခေတ်နောက်ပိုင်း ခေတ်အဆက်ဆက် မွတ်စ်လင်မ်များထဲတွင် အလွန်ချမ်းသာသူ အမြောက်အများ ရှိခဲ့ကြသော်လည်း ကောင်းမွန်သည့် နေရာတွင် သုံးစွဲသူများ ရှားပါးလာခဲ့လေသည်။ ဤသည်နှင့်ပတ်သက်ပြီး တမန်တော်မြတ်(ဆွ) ပြောကြားခဲ့သော ဟဒီးဆ်တစ်ပုဒ်ရှိသည်။ “ပြန်လည်ရှင်ထမည့်နေတွင် အကျိူးစဝါးဗ် အနည်းငယ်သာ ရှိနေမည့် သူများမှာ ချမ်းသားကြွယ်ဝသူများသာ ဖြစ်သည်။ ထိုထဲတွင် မိမိပစ္စည်းဉစ္စာကို ကောင်းသည့် နေရာများတွင် လှူဒါန်းသူများ မပါဝင်ပေ။” (ဗုခါရီကျမ်း)

ယုံကြည်သူတစ်ယောက်အနေနှင့် ဤလောကတွင် ဆင်းရဲနေသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ဤလောကကြီးကို ရောက်ရှိလာရခြင်း၏ ရည်ရွယ်ချက်ကို မေ့လို့မရပါ။ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာပြီး အေးချမ်း ငြိမ်သက်ခြင်း ရရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်ကို မေ့လို့ မရပါ။ အောင်မြင်မှု အစစ်အမှန်ဟာ တမလွန်မှာသာရှိကြောင်း မေ့လို့မရပါ။ ပထမဆုံးက ဟဒီးဆ်တော်မှာ တင်ပြခဲ့သလို ဖန်ဆင်းရှင်အလ္လာဟ်အရှင်မြတ်အား အမြဲမပြတ် သတိရနေစေမည့် ဇိကိရ်များ ရွတ်ဖတ်သင့်ပါတယ်။ တမန်တော်မြတ်(ဆွ)က အလ္လာဟ်ရှင်အပေါ် အမြဲဇိကိရ် သတိရတသခြင်းနှင့် ပက်သက်ပြီး ပထမဆုံးဟဒီးဆ်မှာ သင်ကြားပေးထားသည့် ဇိကိရ်များကို ဖတ်ပါက ရရှိမည့် အကျိုးကျေးဇူးများကို ထပ်လောင်း မိန့်ကြားထားပါတယ်။

“အသင်တို့ကို ငါကိုယ်တော် ကိစ္စတစ်ခု ပြောမပြရဘူးလား။ အဲဒါကို ဆုပ်ကိုင်ကျင့်ဆောင်မယ်ဆိုရင် အသင်တို့ရဲ့ ရှေ့က ကျော်သွားတဲ့သူတွေကိုလည်း အသင်တို့ မီနိုင်မယ်။ အသင်တို့ နောက်မှာ ရှိနေတဲ့သူတွေထဲက ဘယ်သူမှလည်း အသင်တို့ကို မီမှာ မဟုတ်တော့ဘူး။ ပြီးတော့ အသင်တို့ဟာ မိမိတို့ခေတ်ရှိ လူတွေထဲမှာလည်း အကောင်းဆုံးလူတွေ ဖြစ်ကြမယ်။ အသင်တို့လို လိုက်ပြီး ကျင့်ကြံသူတွေပဲ အသင်တို့နဲ့တူနိုင်မယ်။”

အနှစ်ချူပ်ပြောရလျှင် မိမိကမချမ်းသာလို့၊ မလှူနိုင်လို့၊ ကောင်းသည့်နေရာတွေမှာ ပိုက်ဆံမသုံးနိုင်လို့ ဝမ်းမနည်းပါနှင့်။  ကေယာမသ်နေ့မှာ ထိုအချက်များနှင့် ဆုံးဖြတ်မှာ မဟုတ်ပါဘူး။  ဆွလားသ်ပြီးတိုင်း ဇိကိရ်သုံးခုကို ၁၀ ကြိမ်ဆီဖတ်ရွတ်ပြီး အလုပ်ကိစ္စတိုင်းကို အလ္လာဟ်အရှင်မြတ်၏ အမိန့်အတိုင်း ကောင်းမွန်စွာ ပြုမူဆောင်ရွက်မည်ဆိုလျှင် ကေယာမသ်နေ့မှာ အခြားသူများထက် သာလွန်နေမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ