လိမ်လည်လှည့်ဖျားခြင်း

 

လိမ်လည်လှည့်ဖျားခြင်း
===================
အဘူဟူရိုင်ရဟ် (ရသွေ့)ထံမှ ဆင့်ပြန်လာရှိသည်။ “တစ်နေ့ တမန်တော်မြတ်(ဆွ) သည် အစေ့အဆန်ရောင်းသည့်ဆိုင်
ရှေ့ဖြတ်သွားစဉ် အစေ့အဆန်ထဲ လက်ချောင်းထည့်ကြည့်ရာ စိုနေသည်ကို သတိထားမိခဲ့သည်။ ထိုအခါ တမန်
တော်မြတ်(ဆွ) သည် ဆိုင်ရှင်ကို"ဘယ်လိုဖြစ်သလဲ" ဟုမေးမြန်းရာ ထိုသူမှ  "မိုးရေထိသွားလို့ပါ" ဟုပြန်ဖြေကြားလေသည်။
တမန်တော်မြတ်(ဆွ)မှ "အသင်စိုနေတာတွေကို စိုနေမှန်း လူတွေသိအောင် ဘာလို့အပေါ်တင်မရောင်းတာလဲ။
အကြင်သူသည် လိမ်လည် လှည့်ဖျားပါက ထိုသူသည် ငါတို့ထဲမှ မဟုတ်ပေ ဟုပြောခဲ့လေသည်။”
(မွတ်စ်လင်မ်ကျမ်း)
ရောင်းသူသည် သူ၏ကုန်ပစ္စည်းတွင် အနာအဆာရှိသည်ကို သိပါလျက်နှင့် ဝယ်သူအား အသိမပေးခြင်းသည်
အပြစ်ထိုက်ပေသည်။ ဝယ်သူသည် အနာအဆာပါနေတာကို သိခဲ့လျင် မဝယ်တာမျိုး (သို့)စျေးလျှော့ခိုင်းတာမျိုး
လုပ်ခိုင်းခဲ့မည်။ အခုလို ဝယ်သူကို လိမ်ညာရောင်းခြင်းသည် အစ္စလာမ်တွင် အပြစ်ထိုက်ပေသည်။
မည်သည့်မွတ်စ်လင်မ်မှ ထိုသို့ မလုပ်သင့်ပေ။
တမန်တော်မြတ်(ဆွ) ပြောကြားခဲ့သည်မှာ “ မွတ်စ်လင်မ်တစ်ဦးသည် အခြားမွတ်စ်လမ်တစ်ဦး၏ ညီနောင်
ဖြစ်သည်။ မွတ်စ်လင်မ်တစ်ဦးသည် မိမိညီနောင်ကို ပစ္စည်းတွင် အပြစ်အနာအဆာပါသည်ကို သိလျက်နှင့်
ဖွင့်မပြောဘဲရောင်းခွင့်မရှိပေ။” ( အိဗ်နုမာဂျဟ်)
တမန်တော်မြတ်(ဆွ) ထပ်မံပြောကြားသည်မှာ
“ အကယ်၍ ရောင်းသူသည် ပစ္စည်းအနာအဆာပါတာကို သေချာဖွင့်ပြောခဲ့လျှင် ထိုရောင်းဝယ်မှုတွင် အရှင်
မြတ်၏ ကောင်းချီးကျရောက်ပေလိမ့်မည်။ အကယ်၍ လိမ်လည်ပြီးရောင်းခဲ့သည်ရှိသော်ထိုရောင်းဝယ်မှုတွင်
ကောင်းချီးမင်္ဂလာရှိမည်မဟုတ်ပေ။” တမန်တော်မြတ် (ဆွ) ပြောကြားသည်မှာ ဝယ်သူသည် မွတ်စ်လင်မ်
ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လိမ်လည်ခွင့်မရှိပေ။ (မွတ်စ်လင်မ်ကျမ်း)
အလေးခိုးခြင်း
===========
တစ်ချို့ကုန်ပစ္စည်းများသည် အလေးချိန် ဖြင့်ရောင်းရသည်။ ထိုကုန်ပစ္စည်းများကို ရောင်းရာတွင် အလေးချိန်
ပြည့်အောင် မပေးဘဲ အလေးခိုးခြင်းသည် အလွဲသုံးစားလုပ်ခြင်းတစ်မျိုးဖြစ်သည်။
ကုရ်အာန်ကျမ်းတော်မြတ်တွင် အောက်ပါ အာယသ်များ လာရှိသည်။

"အလေး၊ တင်းတောင်း၊ ခြင်ခွက်စသည်များတွင် ခိုးပြီးလျှော့ပေးသည့်သူများသည် ပျက်စီးကြရမည် ဖြစ်သည်။
အကြင်သူများသည် လူများထံမှ ခြင်တွယ်ပြီးယူကြသည့်အခါတွင်မူ အပြည့်(ခြင်တွယ်ပြီး)ရယူကြသည်။
ထို့ပြင် သူတို့သည် သူတစ်ပါးအား ခြင်တွယ်ပေးသည့်အခါနှင့် ချိန်တွယ်ပေးသည့်အခါတွင်မူ လျှော့ပြီး
ပေးကြသည်။ (အလေးခိုးကြသည်)။ အမှန်စင်စစ် သူတို့သည် ရှင်ပြန်ထရမည့်သူများဖြစ်သည်ကို
သူတို့မယုံကြသလော။ ကြီးကျယ်သည့်နေ့အတွက်။" ကုရ်အာန် (၈၃:၁-၅)

ဤကျမ်းပိုဒ်တွင် အလေးချိန်၊ အတိုင်းအတာနှင့်ပတ်သက်ပြီး သူတစ်ပါးကို လှည့်စားသူတို့သည် ကိယာမဟ်(ရှင်ပြန်ထရမည့်နေ့) တွင် အစားပြန်လျော်ရမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
တမန်တော်ရှုအိုင်ဗ်၏ ခေတ်တွင် လူများသည် အလေးချိန်၊ အတိုင်းအတာများနှင့် ပတ်သက်ပြီး လိမ်ညာမှုများ ပြုလုပ်ခဲ့ကြသည်။ တမန်တော်ရှုအိုင်ဗ်သည် ထိုသူများထံ စေလွှတ်ခံရသောအခါ အလ္လာဟ်အရှင်မြတ်ထံမှ အောက်ပါ အာယဿ်တော်များကို ပို့ချခဲ့သည်။
"ထို့ပြင် အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် ပမာဏအခြင်အတွယ်များနှင့် အလေးအချိန်များကို (ပေးရမည့်အတိုင်း)ပြည့်ပြည့်ဝဝပေးကြပါ။ ထို့ပြင် အသင်တို့သည် လူများအား သူတို့၏ပစ္စည်းများကို လျှော့မပေးကြနှင့်။ ထို့ပြင် အသင်တို့သည် ကမ္ဘာမြေ၌ ဖျက်ဆီးသူများအဖြစ်နှင့် မသောင်းကျန်းကြနှင့်။" ကုရ်အာန် (၁၁:၈၅)
ထိုသို့လိမ်လည်ခြင်းမှ အကျိုးအမြတ်ရမည်ဟု မျှော်လင့်နေသူများကိုလည်း ဆုံးမထားပါသည်။
"အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် အလ္လာဟ်အရှင်မြတ်(ပေးသနားသည့်အထဲမှ)ကျန်ရှိသော(အမြတ်)ဟလာလ်သည် အသင်တို့အတွက် အကောင်းဆုံးပင်ဖြစ်သည်။"ကုရ်အာန် (၁၁:၈၆)
မဒ်ယန်မှ လူများသည် စီးပွားရေး အရောင်းအဝယ်များနှင့် ပတ်သက်သည့် တမန်တော်ရှုအိုင်ဗ်၏ အဆုံးအမများကို လက်မခံဘဲ ထေ့ငေါ့ စောဒကတက်ခဲ့ကြသည်။ ထို့အတွက် အလ္လာဟ်အရှင်မြတ်က သူတို့ကို ပြစ်ဒဏ်ခတ်ခဲ့လေသည်။ တမန်တော် ရှုအိုင်ဗ်၏ အဆုံးအမကို လက်ခံ၍ အမိန့်နာခံသူများသာ လွတ်မြောက်ခဲ့လေသည်။ ကုရ်အာန် (၁၁:၉၄)
ကုရ်အာန်ကျမ်းတော်မြတ်မှ သာဓကများကို သင်ခန်းစာယူ၍ မတော်လောဘမထားကြဘဲ ရိုးသားဖြောင့်မတ်မှုနှင့်သာ စီးပွားရှာဖွေသင့်ကြပေသည်။
အနည်းငယ်မျှပင်ဖြစ်စေ ရိုးသားမှုနှင့် ရှာဖွေသော ဥစ္စာပစ္စည်းအပေါ် အလ္လာဟ်အရှင်မြတ်သည်လည်း တိုးပွားမှု ချီးမြင့်တော်မူပေမည်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ