ကရုဏာတော်စကားစုများ (Words of Mercy)

 

သန်းပေါင်းလေးရာ။  သည် အလွန်တရာ ကြီးမားသော ကိန်းဂဏန်းတစ်ခုဖြစ်ပြီး လူတစ်ဦးသည် မိမိ၏တစ်သက်တာတွင် ပျမ်းမျှပြောဆိုသော စကားလုံးအရေအတွက်ဖြစ်သည်ဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပါသည်။ ယခု ထိုအရေအတွက်ကို ကမ္ဘာပေါ်တွင် လူသားမျိုးနွယ် စတင်ခဲ့သည်မှ ယနေ့အထိ နေထိုင်ခဲ့သမျှသော လူဦးရေစုစုပေါင်းနှင့် မြှောက်ကြည့်မည်ဆိုလျှင် မှင်တက်မိစေလောက်သော ပမာဏကို ရရှိပါလိမ့်မည်။

နှုတ်ထွက်စကားများကို အခြားသူများအပေါ် လွှမ်းမိုးရန်၊ အလုပ်တစ်ခုပြီးမြောက်ရန်၊ သင်ယူရန် သို့မဟုတ် သင်ကြားရန်၊ ကမ္ဘာကြီးကို ပြောင်းလဲရန်နှင့် တစ်ခါတစ်ရံတွင် မိမိတို့စိတ်သက်သာရာရစေရန်အတွက် အသုံးပြုကြပါသည်။ ပြောဆိုခဲ့သမျှသော စကားလုံးအများစုမှာ ပျောက်ကွယ်သွားကြပြီဖြစ်သော်လည်း အဖိုးတန်ရတနာသဖွယ် စကားလုံးအနည်းငယ်သာ ကျွန်ုပ်တို့နှင့်အတူ ဆက်လက်တည်ရှိနေပါသည်။

ကျွန်ပ်တို့၏ တမန်တော်မြတ် မုဟမ္မဒ် (ဆွ) မိန့်ကြားတော်မူခဲ့သော စာပေရတနာများသည် အချိန်ကာလမည်မျှပင် ပြောင်းလဲစေကာမူ မမေ့နိုင်စရာ၊ ပဲ့တင်ထပ်နေဆဲဖြစ်သော စကားလုံးများဖြစ်ကြပါသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်းပိုင်းအထိ လှုပ်ခိုးစေနိုင်စွမ်းရှိသည်။တမန်တော်မြတ်ကြီး၏ ဆုံးမဩဝါဒများသည် မျှော်လင့်ချက်၊ ချစ်ခြင်းမေတ္တာ၊ တရားမျှတမှု၊ သနားကြင်နာမှု၊ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်မှု၊ သတ္တိနှင့် လူမှုရေးဆိုင်ရာ ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်သော အစွမ်းအစများ ရှိကြသည်။ ထူးခြားသည်မှာ ထိုစကားလုံးများသည် ကျွန်ုပ်တို့၏ဘဝတွင် ရည်မှန်းချက်ပန်းတိုင်အသစ်များကို လှုံ့ဆော်ပေးနိုင်ခြင်းပင် ဖြစ်ပါသည်။

တမန်တော်မိုဟာဒမ်(ဆွ) မိန့်ကြားခဲ့သော တရားတော်များမှ အချို့ကို ထုတ်နုတ်ပြီး တင်ပြလိုက်ပါတယ်။

ချစ်ခြင်းမေတ္တာ (Love)

·       “ငါ၏အသက်ကို ပိုင်စိုးတော်မူသော အရှင်မြတ်ကို အမှီပြု၍ ပြောဆိုပါ၏၊ သင်တို့သည် အီမာန် (သက်ဝင်ယုံကြည်မှု) မရှိသရွေ့ သုခဘုံသို့ ဝင်ရောက်ရမည်မဟုတ်။ သင်တို့ တစ်ဦးကိုတစ်ဦး ချစ်ခင်မြတ်နိုးမှု မရှိသရွေ့ အီမာန်ရှိသူများ ဖြစ်ကြလိမ့်မည်မဟုတ်။ သင်တို့ တစ်ဦးကိုတစ်ဦး ချစ်ခင်မြတ်နိုးလာစေမည့် အရာတစ်ခုကို ညွှန်ပြရမည်လော? သင်တို့အကြားတွင် ‘ငြိမ်းချမ်းခြင်းဟူသော နှုတ်ဆက်စကား’ (Salam) ကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့စေကြလော့။” [မွတ်စလင်မ်ကျမ်း]

·       “အလ္လာဟ်အရှင်မြတ်၏ ကျွန်တစ်ဦးသည် မိမိကိုယ်တိုင်အတွက် နှစ်သက်သောအရာကို အခြားလူသားများအတွက်လည်း မနှစ်သက်သရွေ့ စစ်မှန်သော သက်ဝင်ယုံကြည်မှု အဆင့်သို့ မရောက်နိုင်ပေ။” [အဗ်နေဟဗ္ဗန်း]

·       “မိမိကိုယ်တိုင်အတွက် နှစ်သက်သောအရာကို အခြားသူများအတွက်လည်း နှစ်သက်ပါ၊ ထိုအခါ သင်သည် သက်ဝင်ယုံကြည်သူ တစ်ဦး ဖြစ်လိမ့်မည်။ အိမ်နီးနားချင်းများနှင့် ကောင်းမွန်စွာ ဆက်ဆံပါ၊ ထိုအခါ သင်သည် မွတ်စလင်တစ်ဦး ဖြစ်လိမ့်မည်။” [အဗ်နေမာဂျာကျမ်း]

·       “သင်တို့ထံသို့ သင်တို့မတိုင်မီက လူမျိုးနွယ်စုများတွင် ဖြစ်ပွားခဲ့သော ရောဂါဆိုးများ ရောက်ရှိနေပြီ- ၎င်းတို့မှာ ငြူစူခြင်းနှင့် မုန်းတီးခြင်းတို့ ဖြစ်သည်။ မုန်းတီးခြင်းသည် ဆံပင်ကိုရိတ်သော ဓားထက်ပင် ပို၍ဆိုးဝါးသည်၊ ၎င်းသည် ဆံပင်ကိုရိတ်ခြင်းမဟုတ်ဘဲ သာသနာကို ရိတ်ပစ်ခြင်းဖြစ်သည်။ ... သင်တို့အကြား ငြိမ်းချမ်းရေး (Salam) ကို ဖြန့်ဝေကြလော့။” [မွစ်နဒ်အာမက်ကျမ်း]

·       “မိမိညီအစ်ကိုကို ချစ်မြတ်နိုးလျှင်၊ သူ့ကို ချစ်ကြောင်း ပြောပြသင့်သည်။” [17]

·       “လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် မိမိကိုယ်တိုင်အတွက် နှစ်သက်သောအရာကို နှစ်သက်ပေးပါ။” [ဗုခါရီကျမ်း]

·       “အရှင်မြတ်အပေါ် သက်ဝင်ယုံကြည်မှုပြီးနောက် အကောင်းဆုံးသော လုပ်ရပ်မှာ လူသားတို့အပေါ် ကြင်နာသောမေတ္တာ ထားရှိခြင်းဖြစ်သည်။” [တွဗရာနီ]

လူမှုအသိုက်အဝန်းနှင့် ငြိမ်းချမ်းရေး (Community and peace)

·       တမန်တော်မြတ် မုဟမ္မဒ်အား မေးမြန်းခဲ့သည်- “အစ္စလာမ်၏ မည်သည့်လုပ်ရပ် သို့မဟုတ် မည်သည့် အရည်အချင်းသည် အကောင်းဆုံးဖြစ်သနည်း?” တမန်တော်မြတ်က- “အခြားသူများကို ကျွေးမွေးခြင်းနှင့် သင်သိသောသူဖြစ်စေ၊ မသိသောသူဖြစ်စေ အားလုံးကို နှုတ်ဆက်စကား (Salam) ဆိုခြင်း ဖြစ်သည်” ဟု ပြန်လည်ဖြေကြားခဲ့သည်။ [20]

·       “လူအများအကြား ပြေလည်စေရန်အတွက် ကောင်းမွန်သောစကားများကို ပြောဆိုခြင်း သို့မဟုတ် သတင်းကောင်းများ ဖန်တီးပြောဆိုသူသည် လူလိမ်မဟုတ်ပေ။” [ဗုခါရီကျမ်း]

·       “လူသားတို့ကို ကျေးဇူးမတင်သူသည် အလ္လာဟ်အရှင်မြတ်ကိုလည်း ကျေးဇူးတင်သူမဟုတ်ပေ။” [ဗုခါရီကျမ်း]

·       “အရှင်မြတ်ကို အမှီပြု၍ ပြောဆိုပါ၏၊ ထိုသူသည် [စစ်မှန်သော] သက်ဝင်ယုံကြည်သူ မဟုတ်ပေ! ... မိမိ၏ အိမ်နီးနားချင်းသည် ထိုသူ၏ အနှောင့်အယှက်မှ ဘေးကင်းလုံခြုံမှု မရှိခဲ့လျှင် ဖြစ်သည်။” [ဗုခါရီကျမ်း]

·       “လူသားအားလုံးသည် အာဒမ်နှင့် ဟောင်ဝါ (Adam and Eve) တို့မှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ အာရပ်လူမျိုးသည် အာရပ်မဟုတ်သူအပေါ် ထူးကဲသာလွန်မှုမရှိသလို၊ အာရပ်မဟုတ်သူသည်လည်း အာရပ်လူမျိုးအပေါ် ထူးကဲသာလွန်မှုမရှိပါ။ လူဖြူသည် လူမည်းထက် သာလွန်မှုမရှိသလို၊ လူမည်းသည်လည်း လူဖြူထက် သာလွန်မှုမရှိပါ။ ဘုရားတရားရိုသေခြင်း (Piety) နှင့် ကောင်းမှုကုသိုလ်ပြုခြင်းတို့မှအပ ကျန်သောအရာများဖြင့် လူသားကိုခွဲခြား၍မရနိုင်ပါ။” [ဗုခါရီကျမ်း]

·       “မိမိ၏ အိမ်နီးနားချင်း ဆာလောင်နေစဉ် မိမိဘာသာ ဗိုက်ပြည့်အောင် စားနေသောသူသည် သက်ဝင်ယုံကြည်သူ မဟုတ်ပေ။” [ဗုခါရီကျမ်း]

·       “အကောင်းဆုံးသော အလှူဒါန (Charity) မှာ လူအများအကြား ပြန်လည်သင့်မြတ်အောင် စေ့စပ်ပေးခြင်းဖြစ်သည်။

ပေးကမ်းစွန့်ကြဲခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု (Charity and humanitarianism)

·       “အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ- ‘အို... အာဒမ်၏သားမြေးတို့၊ ပေးကမ်းစွန့်ကြဲကြလော့၊ ထိုအခါ ငါသည်လည်း သင်တို့အပေါ် သုံးစွဲ (ပေးကမ်း) တော်မူမည်။’” [ဗုခါရီကျမ်း]

·       “အလှူဒါနပြုခြင်းကြောင့် ပစ္စည်းဥစ္စာ လျော့နည်းသွားခြင်းမရှိပေ။” [မွတ်စလင်မ်ကျမ်း]

·       “ဖျားနာသူများကို သွားရောက်ကြည့်ရှုပါ၊ ဆာလောင်သူများကို ကျွေးမွေးပါ၊ (မတရား)အကျဉ်းကျနေသူများကို လွတ်မြောက်အောင် ကူညီပါ။” [ဗုခါရီကျမ်း]

·       “အရာရာကို လွယ်ကူအောင်လုပ်ပေးပါ၊ ခက်ခဲအောင်မလုပ်ပါနှင့်။ သတင်းကောင်းများ ပေးပါ၊ လူများ ထွက်ပြေးသွားအောင် မလုပ်ပါနှင့်။” [ဗုခါရီကျမ်း]

·       “အလုပ်သမားတစ်ဦးအား သူ၏ချွေးမခြောက်ခင် သူ၏လုပ်ခလစာကို ပေးချေလိုက်ပါ။” [30]

·       “ကောင်းမှုပြုခြင်းတိုင်းသည် အလှူဒါန (Sadaqah) ပင် ဖြစ်သည်။” [မွတ်စလင်မ်ကျမ်း]

အကျင့်စရိုက်နှင့် ယဉ်ကျေးသိမ်မွေ့မှု (Character and manners)

·       “သက်ဝင်ယုံကြည်သူများထဲတွင် အပြည့်စုံဆုံးသော အီမာန်ရှိသူမှာ စာရိတ္တအကောင်းဆုံးသူ ဖြစ်သည်။ သင်တို့ထဲတွင် အကောင်းဆုံးသောသူမှာ မိမိတို့၏ ဇနီးမယားများအပေါ် အကောင်းဆုံး ဆက်ဆံသူများ ဖြစ်ကြသည်။” [သိရ်မေဇီကျမ်း]

·       “မည်သူမျှ အခြားသူအပေါ် မနှိပ်စက်စေရန်အတွက် သင်တို့သည် ကို …….အလ္လာဟ်အရှင်မြတ်က ငါ့ထံသို့ ဗျာဒိတ်တော် ပေးထားသည်။” [မွတ်စလင်မ်ကျမ်း]

·       “အာဃာတမထားကြနှင့်၊ ဆွေမျိုးဆက်ဆံရေးကို မဖြတ်တောက်ကြနှင့်၊ ရန်ငြိုးမဖွဲ့ကြနှင့်။ အချင်းချင်း ညီအစ်ကိုများကဲ့သို့လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ ကျွန်များကဲ့သို့လည်းကောင်း နေထိုင်ကြလော့။” [မွတ်စလင်မ်ကျမ်း]

·       “အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ (တရားစီရင်ရာနေ့) ကို အမှန်တကယ် ယုံကြည်သူသည် ကောင်းသောစကားကို ပြောဆိုပါစေ သို့မဟုတ် တိတ်တဆိတ် နေပါစေ။” [မွတ်စလင်မ်ကျမ်း]

·       “သင်တို့အနက် အကောင်းဆုံးသူမှာ အကျင့်စာရိတ္တ အကောင်းဆုံးသူ ဖြစ်သည်။” [ဗုခါရီကျမ်း]

·       “သံသယစိတ်ကို သတိထားပါ၊ အဘယ်ကြောင့်ဆိုသော် သံသယသည် အဆိုးဝါးဆုံးသော မဟုတ်မမှန် ပြောဆိုမှုဖြစ်သောကြောင့် ဖြစ်သည်။” [ဗုခါရီကျမ်း]

·       “ခွန်အားကြီးသောသူဟူသည် နပန်းသတ်ရာတွင် နိုင်သောသူမဟုတ်ဘဲ၊ မိမိဒေါသထွက်လာသောအခါ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်သူသာ ဖြစ်သည်။” [ဗုခါရီကျမ်း]

ပတ်ဝန်းကျင်နှင့် တိရစ္ဆာန်များ (Environment and animals)

·       “အကယ်၍ လောကကြီးပျက်စီးမည့်အချိန် (ရှင်ပြန်ထမြောက်ရာနေ့) ရောက်လုနီးပြီဖြစ်သော်လည်း သင်တို့လက်ထဲတွင် ပျိုးပင်တစ်ပင်ရှိနေလျှင်၊ ထိုအချိန်မတိုင်မီလေးတွင်ပင် ၎င်းကို စိုက်ပျိုးလိုက်ပါ။” [ဗုခါရီကျမ်း]

·       “မွတ်စလင်တစ်ဦးသည် သစ်ပင်တစ်ပင်စိုက်လျှင် သို့မဟုတ် မျိုးစေ့ချလျှင်၊ ထိုအပင်မှ ငှက်ဖြစ်စေ၊ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ စားသုံးမိပါက ၎င်းသည် ထိုသူအတွက် အလှူဒါန (ဆွဒကာ) တစ်ခု ဖြစ်သည်။” [ဗုခါရီကျမ်း]

·       “လမ်းပေါ်ရှိ အန္တရာယ်ဖြစ်စေသောအရာများကို ဖယ်ရှားခြင်းသည်လည်း အလှူဒါနတစ်ခုဖြစ်သည်။” [ဗုခါရီကျမ်း]

·       တမန်တော်၏နောက်လိုက်များက မေးမြန်းကြသည်- “အို... အလ္လာဟ်အရှင်မြတ်၏ စေတမန်တော်၊ ကျွန်ုပ်တို့ တိရစ္ဆာန်များကို ပြုစုစောင့်ရှောက်ခြင်းကြောင့် ဆုလာဘ် ရနိုင်ပါသလား?” တမန်တော်မြတ်က- “သက်ရှိတိုင်းကို ပြုစုစောင့်ရှောက်ခြင်းအတွက် ဆုလာဘ်ရှိပါသည်” ဟု ဖြေကြားခဲ့သည်။ [ဗုခါရီကျမ်း]

·       “မည်သူမဆို စာကလေးတစ်ကောင် သို့မဟုတ် ထိုထက်ကြီးသော သတ္တဝါတစ်ကောင်ကို မတရားသော အကြောင်းပြချက်ဖြင့် သတ်ဖြတ်ခဲ့လျှင်၊ တရားစီရင်ရာနေ့၌ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား စစ်ဆေးမေးမြန်း(အပြစ်ပေး)တော်မူမည်။” [နစာအီကျမ်း]

·       “ပြည့်တန်ဆာ အမျိုးသမီးတစ်ဦးသည် ပူပြင်းသောနေ့တစ်နေ့တွင် ရေတွင်းအနီး၌ ရေငတ်လွန်း၍ လျှာထွက်နေသော ခွေးတစ်ကောင်ကို တွေ့ရှိခဲ့သည်။ သူမသည် မိမိ၏သရေဖိနပ်ဖြင့် ရေခပ်၍ တိုက်ကျွေးခဲ့သောကြောင့် အလ္လာဟ်အရှင်မြတ်သည် သူမကို ခွင့်လွှတ်တော်မူခဲ့သည်။” [မွတ်စလင်မ်ကျမ်း]

·       တစ်နေ့တွင် တမန်တော်မြတ်သည် ဆအဒ် အိဗ်နေ့ အဘီဝကားစ် (ရသွေ့) ဝတ်ပြုရန် ဝူဇူကိုယ်လက်သန့်စင်နေသည်ကို မြင်သောအခါ “အဘယ်ကြောင့် ဤမျှ ဖြုန်းတီးနေသနည်း?” ဟု မေးခဲ့သည်။ ဆအဒ်က “ဝတ်ပြုရန် ကိုယ်လက်သန့်စင် ရာတွင်လည်း ဖြုန်းတီးမှုရှိပါသလား?” ဟု ပြန်မေးရာ၊ တမန်တော်မြတ်က “ရှိသည်၊ သင်သည် စီးဆင်းနေသော မြစ်တစ်စင်းနားတွင် ရှိနေလျှင်ပင် (ရေကိုမဖြုန်းတီးရ)” ဟု မိန့်ကြားခဲ့သည်။

မိသားစု (Family)

·       “ဆွေမျိုးရင်းချာများက မိမိအပေါ် ကောင်းသောကြောင့် ပြန်လည်ကောင်းပြသူသည် ဆွေမျိုးဆက်ဆံရေးကို အပြည့်အဝ ထိန်းသိမ်းသူမဟုတ်ပေ။ စစ်မှန်သော ဆွေမျိုးဆက်ဆံရေး ထိန်းသိမ်းသူမှာ မိမိအပေါ် ဆက်ဆံရေးဖြတ်တောက်ထားသူကိုပင် ဆက်လက်ကြင်နာသူ ဖြစ်သည်။” [ဗုခါရီကျမ်း]

·       “ဆင်းရဲသားတစ်ဦးအား လှူဒါန်းခြင်းသည် အလှူဒါနတစ်ခုသာဖြစ်သော်လည်း၊ (ဆင်းရဲသောမိမိ)ဆွေမျိုးတစ်ဦးအား လှူဒါန်းခြင်းသည် အလှူဒါနဖြစ်ခြင်းနှင့် ဆွေမျိုးဆက်ဆံရေးကို ခိုင်မြဲစေခြင်းဟူသော ကောင်းမှုနှစ်ခုကို ရရှိစေသည်။” [နစာအီကျမ်း]

·       “နူးညံ့သိမ်မွေ့မှုအတွက် အလ္လာဟ်အရှင်မြတ်သည် ဆုလာဘ်ပေးမည်ဖြစ်ပြီး  ရိုင်းစိုင်းမှုအတွက် ဆုလာဘ်ပေးမည်မဟုတ်ပါ။ ... မည်သည့် အိမ်ထောင်စုမဆို ကြင်နာမှု ကင်းမဲ့သွားလျှင် ထိုသူတို့သည် စစ်မှန်သော ကောင်းကျိုးများမှ ဆုံးရှုံးသွားကြသူများ ဖြစ်သည်။” [အလ်-မုဂျမ် အလ်-ကဘီးရ် ၂၂၇၄]

 

မိဘများ (Parents)

·       “သင့်တွင် မိခင်ရှိပါသလား?” ဟု တမန်တော်မြတ် မေးရာ၊ ထိုသူက ရှိပါသည်ဟု ဖြေသည်။ တမန်တော်မြတ်က “သူမနှင့်အတူနေ၍ ပြုစုလော့၊ အဘယ်ကြောင့်ဆိုသော် သုခဘုံ (Paradise) သည် သူမ၏ ခြေဖဝါးအောက်တွင် ရှိသောကြောင့် ဖြစ်သည်” ဟု မိန့်တော်မူသည်။ [နစာအီကျမ်း]

·       “သင့်မိဘများ သက်ရှိထင်ရှား ရှိပါသလား?” ဟု မေးရာ၊ ရှိပါသည်ဟု ဖြေသည်။ တမန်တော်မြတ်က “သို့ဆိုလျှင် သူတို့အား ပြုစုလုပ်ကျွေးခြင်းဖြင့် (ကုသိုလ်) ကြိုးပမ်းလော့” ဟု မိန့်သည်။ [ဗုခါရီကျမ်း]

·       “ဖန်ဆင်းရှင်၏ နှစ်သက်မှုသည် မိဘများ၏ နှစ်သက်မှုတွင်ရှိပြီး၊ ဖန်ဆင်းရှင်၏ မနှစ်သက်မှုသည် မိဘများ၏ မနှစ်သက်မှုတွင် ရှိသည်။” [သိရ်မေဇီကျမ်း]

·       “သင့်ကလေးများအကြား တရားမျှတမှု ရှိပါစေ။ သင့်ကလေးများအကြား တရားမျှတမှု ရှိပါစေ။” [အဗူဒါဝူးဒ်ကျမ်း]

·       “ကျွန်ုပ်၏ ကောင်းမွန်သော ပေါင်းသင်းဆက်ဆံမှုကို ရရှိရန် မည်သူက အထိုက်တန်ဆုံးနည်း?” ဟု မေးရာ၊ တမန်တော်မြတ်က “သင့်မိခင်” ဟု ဖြေသည်။ ထိုသူက “ပြီးလျှင် မည်သူနည်း?” ဟု ထပ်မေးရာ “သင့်မိခင်” ဟု ထပ်ဖြေသည်။ တတိယအကြိမ် မေးရာတွင်လည်း “သင့်မိခင်” ဟုသာ ဖြေကြားပြီး၊ စတုတ္ထအကြိမ် မေးမြန်းမှသာ “သင့်ဖခင်” ဟု ဖြေကြားတော်မူခဲ့သည်။ [ဗုခါရီကျမ်း]

ကရုဏာနှင့် သနားကြင်နာမှု (Mercy and compassion)

·       “ကရုဏာတော်ရှင် (အလ္လာဟ်အရှင်မြတ်) သည် [အခြားသူများအပေါ်] ကရုဏာထားသူများကို ကရုဏာတော် ပြသတော်မူ၏။ ထို့ကြောင့် သင်တို့သည် ကမ္ဘာမြေပေါ်ရှိ သတ္တဝါတို့အပေါ် ကရုဏာထားကြလော့၊ သို့မှသာ ကောင်းကင်ဘုံရှိ အရှင်မြတ်သည် သင်တို့အပေါ် ကရုဏာတော် ထားရှိတော်မူမည် ဖြစ်သည်။” [အဗူဒါဝူးဒ်ကျမ်း]

·       “အလ္လာဟ်အရှင်မြတ်သည် သနားကြင်နာမှု အတိရှိတော်မူသော အရှင်ဖြစ်ပြီး သနားကြင်နာမှုကိုလည်း ချစ်မြတ်နိုးတော်မူ၏။” [ဗုခါရီကျမ်း]

·       “ကျွန်ုပ်တို့၏ ကလေးငယ်များအပေါ် သနားကြင်နာမှုမရှိသူနှင့် လူကြီးမိဘများကို အရိုအသေမပေးသူသည် ကျွန်ုပ်တို့ (နောက်လိုက်များ) ထဲမှ မဟုတ်ပေ။” [သိရ်မေဇီကျမ်း]

·       “ဝယ်ယူရာ၌လည်းကောင်း၊ ရောင်းချရာ၌လည်းကောင်း၊ အကြွေးတောင်းခံရာ၌လည်းကောင်း ကြင်နာညင်သာမှုရှိသောသူအပေါ် အလ္လာဟ်အရှင်မြတ်သည် ကရုဏာတော် သွန်းလောင်းတော်မူပါစေသတည်း။” [ဗုခါရီကျမ်း]

ကိုးကား Onereason

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ