အစ္စလာမ်ဘာသာ၀င်တွေ မက္ကာကို သွားရတဲ့အကြောင်းလည်း သိချင်ပါတယ်။

 အဲဒါက ဟဂျ်ဘာ၀နာဆောက်တည်တယ်လို့ ခေါ်တယ်။ အဲဒီလို သွား
ရခြင်းဟာ အစ္စလာမ်မဏ္ဍိုင်ကြီး ငါးရပ်ထဲမှာ ပါတယ်။ ကိုးကွယ်ခြင်းခံထိုက်သော အရှင်က အရပ်ဒေသတစ်ခုတည်းမှာ ရှိတာမဟုတ်ဘူး။ အချိန်ကာလ(Time) နဲ့ နေရာဒေသ (Space) ကို သတ်မှတ်တော်မူတဲ့ အသင်္ခတအရှင်ဟာ ( Beyound Time and Space) အချိန်နဲ့ နေရာရဲ့ ကန့်သတ်ဘောင်ခတ်မှုမှ ကင်းပါတယ်။ ဒါကို အာရဗီစာပေမှာ 'လာမကန်၊ လာဇမန်'လို့
ခေါ်ပါတယ်။ ဒါကြောင့် ဟဂျ်ကျင့်စဉ်ဟာ ဘုရားဖူးထွက်ခြင်း မဟုတ်ပါဘူး။
ဓမ္မခရီးနှင်ခြင်းဆိုရင်တော့ နီးစပ်မှုရှိပါတယ်။ သို့သော်လည်းပဲ ကမ္ဘာတစ်ခွင်မှာရှိတဲ့ ၀တ်ကျောင်းတော်များကို အလ္လာဟ့်ရဲ့ အိမ်တော်များလို့ တင်စားပြီးခေါ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဒီ၀တ်ကျောင်းတွေကနေ အသင်္ခတရှင်ကို ဆွလသ်ဘာ၀နာပွားပြီးတော့ အာရုံပြုတဲ့နေရာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။
အဲဒီတော့ မက္ကာကို သွားရခြင်းဟာ ဓမ္မကြောင်းအပြင် သမိုင်းကြောင်းအရလည်းဖြစ်တယ်။ မဟာလူသား တမန်တော်ကြီး အီဗရာဟင် လက်ထက်ကတည်းကသမိုင်းကြောင်းတွေရှိတယ်။ သူ့အထက်ကဆိုရင် ကမ္ဘာဦးဖခင် အာဒမ်သခင်က
ကာဘာကျောင်းတော်ကို တည်ဆောက်ထူထောင်ခဲ့တာ။ အဲဒီသာသနာ့သမိုင်းဘီးကြီးကို ပြန်လှည့်ဖို့ လက်တွေ့မျက်တွေ့ ဒီပုဂ္ဂိုလ်ထူးတွေ ဓမ္မစက်ဖြန့်ကျက်ကျင်လည်ခဲ့တဲ့ ပတ်၀န်းကျင်တွေကို ရောက်သွားဖို့၊ ညဏ်ပွားဖို့အတွက်လည်း
ဖြစ်တယ်။ ပြီးတဲ့အခါမှာ လူပေါင်းသန်းနဲ့ချီတဲ့ အစုအေ၀းမှာ သည်းခံခြင်းတရား၊စာနာမှုတရား၊ အများနဲ့ ဆက်ဆံမှုတရား စတဲ့ လူမှုရေးတရားတွေ လက်တွေ့ကျင့်သုံးဖို့ နောက်ပြီးတဲ့အခါမှာ ကျွန်တော်တို့ မွေးလာတုန်းက ပိတ်ဖြူစလေးနဲ့
ပတ်ထားသလို ကွယ်လွန်သွားတော့လည်း ပိတ်ဖြူနဲ့ပဲ သွားရတယ်။ ဟဂျ်ကျင့်စဉ်မှာလည်းပဲ လူ၀တ်ကြောင်ကို ချွတ်လိုက်ပြီး ပိတ်ဖြူကို ၀တ်လိုက်ရတယ်။ အဲဒါကိုတမန်တော်မြတ်က မိန့်ခဲ့တယ်။ (Die before you die) တဲ့။ ဘာလဲဆိုတော့မသေခင်မှာ သေကြည့်ကြတဲ့။ အတ္တတွေ သိပ်မြင့်မားနေတဲ့၊ လူတွေ ဒီအတ္တ
တွေ၊ မာနတွေကို ချိုးနှိမ်ပြီးတဲ့အခါမှာ ဒီပိတ်ဖြူစတွေကို ပတ်ပြီး ငါတို့ သေဆုံးသွားတဲ့အချိန်မှာ သစ္စာဓမ္မရဲ့ အရှင်မာလေ့ကွလ်ဟက်(ခ်)ဆီကို ငါတို့သွားကြရမယ်။ ဓမ္မစခန်း ပန်းတိုင်အလ္လာဟ်အရှေ့ ရောက်တဲ့အခါမှာ ဘယ်လိုစိတ်ဓာတ်မျိုးရှိရမလဲဆိုတဲ့ ပြင်ဆင်မှုနဲ့ သွားခြင်းဖြစ်တယ်။ အလ္လာဟ် အဲဒီမှာပဲရှိလို့ဘုရားဖူးသွားတယ်ဆိုတဲ့ စကားကိုတော့ ကျွန်တော်သဘောမတူဘူး။ ဒါက ဓမ္မခရီးထွက်ခြင်းဖြစ်တယ်။ အဲဒီမှာ ကျင့်စဉ်တွေ ရှိတယ်။ နှလုံးသားသန့်စင်ရေး
အတွက် ကျင့်နိုင်တဲ့ အခွင့်အရေးတွေ ရှိတယ်။ တမန်တော်မြတ် ဖွားတော်မူခဲ့တဲ့ နေရာမြတ်ဖြစ်တာလည်း မှန်တယ်။ တမန်တော်မြတ် ဖွားခဲ့တဲ့နေရာဖြစ်လို့သွားခိုင်းတာတော့ မဟုတ်ဘူး။ မဟာလူသားအပေါင်းအားလုံးက ဒီမြင့်မြတ်တဲ့
အရပ်မှာ တရားဘာ၀နာ ပွားခဲ့ကြတယ်။ အကုန်လုံးက ဒီပတ်၀န်းကျင်မှာတရားအားထုတ်ခဲ့တယ်။ သို့သော် ဒီမှာပဲ ကိုးကွယ်ရာ အရှင်ရှိလို့၊ ဒီမှာပဲတရားရှိလို့တော့ မဟုတ်ဘူး။ အဲဒါကို ကွဲကွဲပြားပြားသိစေချင်တယ်။

 

 

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ