သင်တို့ရော
ပျော်ရွှင်ခြင်း
ဘယ်နှစ်မျိုးရှိတယ်လို့ထင်ပါသလဲ?
ဘာကြောင့်ပျော်ရွှင်နေကြတယ်လို့
ထင်ပါသလဲ?
ကျွန်တော်တို့ နာမည်ကျော်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Ibn al-Qayyim al-Jawziyah က ပျော်ရွှင်ခြင်း အမျိုးအစားကို ယေဘုယအားဖြင့် သုံးမျိုးသတ်မှတ်နိုင်တယ်လို့ ပြောကြားခဲ့တာရှိပါတယ်။
(၁) ပြင်ပအသုံးအဆောင်တွေ၊ ဂုဏ်ရှိန်တွေကြောင့် ပျော်ရွှင်မှု
ဒီပျော်ရွှင်မှုကတော့ ကိုယ့်ရဲ့ချမ်းသာခြင်း၊ အာဏာ၊ ဂုဏ်ရှိန်ဂုဏ်ဝါ၊ ဒါမှမဟုတ် တခြားသော ကိုယ်ပိုင်ဆိုင်တာတွေကြောင့် ဖြစ်လာခဲ့တဲ့ အပျော်မျိုးကို ဆိုလိုပါတယ်။ ဒီလိုပျော်ရွှင်ခြင်းအမျိုးအစားကို အဲ့ဒီ့ပညာရှင်က ပျော်ရွှင်ခြင်းအမျိုးအစားတွေထဲမှာ အနိမ့်ဆုံးဆိုပြီး သတ်မှတ်ထားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအရာတွေဟာ ခဏတာပျော်ရွှင်ရတဲ့အရာတွေသာဖြစ်ပြီး အချိန်မရွေး ပျက်စီးပျောက်ကွယ်သွားနိုင်ကြလို့ပါ။ အလ္လာဟ်အရှင်မြတ်မှလည်း ကျမ်းမြတ်ကုရ်အာန်မှာ ပြင်ပ ပျော်ရွှင်မှုတွေဟာ အချိန်မရွေး ဆိတ်သုဉ်းသွားနိုင်ကြောင်းကို ယခုလိုပဲ မိန့်တော်မူခဲ့တာရှိပါတယ်။
:
“အသင်တို့သိထားကြပါ။ လောကီသက်တမ်းသည် ဆော့ကစားခြင်း၊ ပွဲလမ်းသဘင်၊ လှပခြယ်သမှု၊ အသင်တို့အချင်းချင်း ဂုဏ်ပြိုင်မှုအပြင် ဉစ္စာပစ္စည်းများနှင့် သားသမီးများတွင် တစ်ယောက်နဲ့တစ်ယောက် သာပိုမှု ပြိုင်ခြင်းမျှသာဖြစ်သည်။ ဉပမာအားဖြင့် မိုးရေ၊ ယင်းမိုးရေမှပေါက်ရောက်သော အပင်များသည် လယ်သမားများအား နှစ်ခြိုက်စေသည်။ တစ်ဖန် ယင်းတို့သည် ခြောက်သွေ့သွားကြသည်။ ထိုအခါသင်သည် ယင်းကို အဝါရောင်မြင်တွေ့ရသည်။ ထို့နောက်တွင်မူ ယင်းတို့သည် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားတော့သည်။
……….လောကီဘဝသည် လှည့်စားသော ယာယီပစ္စည်းမျှတစ်ပါး အခြားမဟုတ်ပေ” (ကုရ်အာန် - ၅၇:၂၀)
(၂) မိမိတို့ရဲ့ ရုပ်ခန္ဓာကြောင့် ဖြစ်ပေါ်လာသော ပျော်ရွှင်မှု
ဒီပျော်ရွှင်မှုကတော့ မိမိရဲ့ ကျန်းမာရေး၊ စိတ်ခံစားချက်တွေနဲ့ ခွန်အားတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ပျော်ရွှင်မှုကို ဆိုလိုတာပါ။ ဒီပျော်ရွှင်မှုကတော့ ပထမအမျိုးအစားနဲယှဉ်ရင် ကျွန်တော်တို့ကိုယ်တိုင်ရဲ့ ဖြစ်တည်မှုနဲ့ ပိုသက်ဆိုင်ပေမယ့် ပြင်ပပျော်ရွှင်မှုလို့ပဲ သတ်မှတ်နိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကိုယ်တိုင်ကလည်း အချိန်မရွေးအဆုံးသတ်သွားနိုင်လို့ပါ။ အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်ထဲမှာ ဒီလိုမိန့်ဆိုခဲ့တာလည်း ရှိပါတယ်။
“အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားကို အကောင်းဆုံးပုံသဏ္ဍာန်နှင့် ဖန်ဆင်းတော်မူခဲ့တယ်။ ထို့နောက် ငါအရှင်မြတ်သည် သူ့အားညံ့ဖျင်းသူများထက် အညံ့ဖျင်းဆုံးအခြေအနေသို့ ပြန်ရောက်စေတော်မူခဲ့တယ်။” (ကုရ်အာန် - ၉၅:၄-၅)
(၃) ကိုယ့်ရဲ့ကိုယ်ကျင့်တရားကြောင့် စိတ်တွင်းမှ ပျော်ရွှင်မှု
ဒီလိုပျော်ရွှင်မှုကတော့ ကိုယ့်ရဲ့နှလုံးသားနဲ့ စိတ်ဝိဉာဉ်ကနေလာတဲ့ ပျော်ရွှင်မှုကို ဆိုလိုတာပါ။ ဒီပျော်ရွှင်မှုကိုတော့ တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပျော်ရွှင်မှုက ကိုယ့်ရဲ့ အသိဉာဏ်ဗဟုသုတတွေ၊ အမူအကျင့်ကောင်းတွေနဲ့ ကိုယ့်ရဲ့ ယုံကြည်မှုတွေကနေ တဆင့် ဖြစ်ပေါ်လာတာမို့လို့ပါ။ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်မှာ ကျွန်တော်တို့ကို ယခုကဲ့သို့ ဆိုဆုံးမခဲ့တာရှိပါတယ်။
“(အို- တမန်တော်မိုဟာမဒ်)အသင်ပြောလိုက်ပါ- (ထိုအရာများသည်) အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်နှင့် အရှင်မြတ်၏သနားကရုဏာတော်ကြောင့် ဖြစ်သည်။ ထိုအရာများကို အကြောင်းပြု၍ သူတို့သည် ဝမ်းမြောက်ဝမ်းသာဖြစ်သင့်သည်။ ထို(ကျေးဇူး၊ ကရုဏာတော်)များသည် သူတို့စုဆောင်းနေကြသောအရာ (လောကီပစ္စည်း)များထက် သာပိုကောင်းသည်။” (ကုရ်အာန် - ၁၀:၅၈)
ထိုပညာရှင်က
ပြောကြားခဲ့တာရှိပါသေးတယ်။
တကယ်စစ်မှန်တဲ့ပျော်ရွှင်ခြင်းဆိုတာ ကျွန်တော်တို့ရဲ့ စိတ်ဝိဉာဉ်ထဲမှာသာ ရှိပါတယ်တဲ့။
အဲ့ဒီ့ပျော်ရွှင်ခြင်းက
ကိုယ့်ရဲ့စိတ်နှလုံးဝိဉာဉ်မှာရှိနေပြီးသားဆိုရင် တခြားသော ပြင်ပပျော်ရွှင်မှုတွေဖြစ်တဲ့ ကျန်းမာရေးတွေ ခွန်အားတွေကလည်း သူ့အလိုလို ရောက်ရှိ လာမှာပါ။ အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်ကို လိုက်နာသူ မည်သူမဆို စစ်မှန်တဲ့ပျော်ရွှင်ခြင်းကို တစ်နေ့နေ့တော့ ရလာမှာပါ။ ဒါကြောင့် ဒီလိုရှာဖွေတတ်ဖို့ဆိုတာဟာလည်း ကျွန်တော်တို့ရဲ့ ဉီးစားပေးမှုနဲ့သာ သက်ဆိုင်ပါတယ်။