အစ္စလာမ်၏ မဏ္ဍိုင်ကြီး (၅) ခု

 

၁။ ယုံကြည်ချက်ကို ကြေညာခြင်း

ယုံကြည်ချက်ကို ကြေညာခြင်းဟူသည် အလ္လာဟ်ရှင်မြတ်(ဖန်ဆင်းရှင်) မှလွဲ၍ အခြား ကိုးကွယ်ထိုက်သောအရှင် မရှိကြောင်းနှင့် တမန်တော် မုဟမ္မဒ်သည် အရှင်မြတ်၏အစေတော်၊ အရှင်မြတ်စေလွှတ်တော်မူသော တမန်တော်ဖြစ်ကြောင်း သက်သေခံခြင်းဖြစ်ပါတယ်။ ဤသို့သက်သေခံခြင်းဟာ နှုတ်မှ ရွတ်ဆိုခြင်းသာမကပဲ စစ်မှန်၍ ခိုင်မြဲသော နှလုံးသားထဲမှ ယုံကြည်မှု ဖြစ်ရပါမယ်။

ကြေညာချက်ပထမအပိုင်း၏ ဆိုလိုရင်းမှာအောက်ပါအတိုင်းဖြစ်ပါတယ် :

• အလ္လာဟ်တစ်ပါးတည်းမှလွဲ၍ မည်သည့်ပုဂ္ဂိုလ်၊ မည့်သည့် အရာဝတ္ထုကမျှ ခဝပ်ကိုးကွယ်ခြင်း မခံထိုက်ပါ။ အရဗီဘာသာအရ “အလ္လာဟ်” ဟူသောနာမတော်သည် လူသားမျိုးနွယ်တစ်ခုလုံးနှင့် လောကတွင် တည်ရှိနေသောအရာအားလုံး၏ တစ်ပါးတည်းသော စစ်မှန်သည့် ဖန်ဆင်းရှင်ကို ရည်ညွှန်းပါတယ်။

• အလ္လာဟ်တစ်ပါးတည်းကသာ လောကတွင်တည်ရှိနေသော အရာအားလုံးကို ဖန်ဆင်းတော်မူသော၊ ထောက်ပံ့တော်မူသော အရှင်၊ အနန္တတန်ခိုးတော်ရှင် ဖြစ်ပါတယ်။

• ပြီးပြည့်စုံသော ဂုဏ်တော်များသည် အလ္လာဟ်တစ်ပါးတွင်သာ ရှိတော်မူပြီး ၊ အရှင်မြတ်သည် ချို့တဲ့ခြင်းအပေါင်းမှ ကင်းစင်တော်မူပါတယ်။

• အလ္လာဟ်ထံတော်တွင် တွဲဖက်၊ ဂုဏ်ရည်တူ၊ ဖခင်၊ မိခင်၊ သားဟူ၍ အလျှင်းမရှိပါ။

ကြေညာခြင်း၏ ဒုတိယအပိုင်းမှာ တမန်တော်မုဟမ္မဒ် (ဆွ) သည် အလ္လာဟ်အရှင်မြတ်၏ အစေတော်နှင့် တမန်တော် ဖြစ်ကြောင်း ကြေညာခြင်း ဖြစ်ပါတယ်။ သူဟာ လူသားတို့အား အလ္လာဟ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်၍ နာခံကြရန် ဖိတ်ခေါ်ဖို့ စေလွှတ်တော်မူခြင်း ခံရတဲ့ မြောက်မြားစွာသော တမန်တော်တွေထဲက နောက်ဆုံးတမန်တော်ဖြစ်ပါတယ်။ ထိုတမန်တော်များမှ အချို့မှာ တမန်တော်အာဒမ်၊ တမန်တော်နူးဟ်၊ တမန်တော်အီဗရာဟီမ်၊ တမန်တော်အိစ်မာအီလ်၊ တမန်တော်အိစ်ဟာက်၊ တမန်တော်ယူစွဖ်၊ တမန်တော်မူဆာ၊ တမန်တော်ဒါဝူးဒ်၊ တမန်တော်စုလိုင်မာန်နှင့် တမန်တော်အီဆာ တို့ ဖြစ်ကြပါတယ်။ (သူတို့အားလုံးထံသို့ ငြိမ်းချမ်းမှု အဖြာဖြာ ကျရောက်ပါစေ) ။

တမန်တော်မုဟမ္မဒ်(ဆွ)ဟာ ကုရ်အာန်ကျမ်းမြတ်နှင့်အတူ စေလွှတ်တော်မူခြင်းခံခဲ့ရပါတယ်။ လူသားတို့အား အလ္လာဟ်အရှင်မြတ်၏ အဆုံးအမများကို လူသားတို့အား သင်ကြားပေးရန် နှင့် လူသားတို့ အတုယူရန် စံပြလူသားအဖြစ် ဆောင်ရွက်ရန် ဖြစ်ပါ တယ်။

ယုံကြည်ချက်ကို ကြေညာခြင်း၏ အကျိုးကျေးဇူးများမှ အချို့မှာ

• မိမိ၏စိတ်ဆန္ဒကို အလ္လာဟ်ထံ အပြည့်အဝ ပုံအပ်ထားပြီး အလ္လာဟ်၏ စစ်မှန်သော ကျေးကျွန် ဖြစ်လာခြင်း ။

• နှိမ့်ချရိုကျိုးစွာနေထိုင်ရင်းဖြင့်လည်း မိမိကိုယ်ကို လေးစားမှုနှင့် ယုံကြည်မှုကို ပေးစွမ်းခြင်း ။

• ဆုံးဖြတ်ချက်ခိုင်မာစွာ ချနိုင်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ ဇွဲလုံ့လတို့ကို ပေးစွမ်း၍ ရဲစွမ်းသတ္တိရှိသော၊ တာဝန်သိ၍ ဖြောင့်မတ် မှန်ကန်သော သူတစ်ဦး ဖြစ်လာစေပါတယ်။

• အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို သိရှိ၍ နာခံတတ်သော သူတစ်ဦး ဖြစ်လာစေပါတယ်။

၂။ ဆွလာသ် ဝတ်ပြုခြင်း

နေ့စဉ်ငါးကြိမ်ဝတ်ပြုခြင်းဟာ မုစ္စလင်မ်တစ်ဦး၏ ဘဝတွင် အရေးအကြီးဆုံး ခဝပ်ကိုးကွယ်ခြင်း ဓလေ့ ဖြစ်ပါတယ်။ မနက်အာရုဏ်တက်တစ်ကြိမ်၊ မွန်းလွဲတစ်ကြိမ်၊ နေစောင်းချိန်တစ်ကြိမ်၊ နေဝင်ချိန်တစ်ကြိမ်၊ ညဦး ပိုင်း တစ်ကြိမ် ဝတ်ပြုရပါတယ်။ တမန်တော်မုဟမ္မဒ် (ဆွ) မိန့်ကြား တော်မူခဲ့ပါတယ် : “ဝတ်ပြုမှုသည် ဘာသာတရား(အစ္စလာမ်) ၏ မဏ္ဍိုင် ဖြစ်သည်။ မည်သူမဆို ဝတ်ပြုမှုကို ဆောက်တည်သူသည် ဘာသာတရားကို ဆောက်တည်သူဖြစ်ပြီး၊ ဝတ်ပြုမှုကို ဖျက်ဆီးသူ (လျစ်လျူရှုသူ) သည် ဘာသာတရားကို ဖျက်ဆီးသူဖြစ်သည်။”

ဝတ်ပြုမှုဟာ မုစ္စလင်မ်တို့နှင့် သူ၏ဖန်ဆင်းရှင်အကြား ယုံကြည်မှု၊ ချစ်ခင်မှု၊ မျှော်လင့်မက်ထားမှုနှင့် ရိုသေကျိုးနွံ့မှုတို့ကို အခြေခံသော ပုဂ္ဂိုလ်ရေးနှင့် ဝိဉာဉ်ရေးရာ ဆက်သွယ်မှုကို ဖန်တီးပေးပါတယ်။ ဝတ်ပြုမှုကို အာရုံစူးစိုက်မှုအပြည့်နှင့် ကျိုးနွံစွာ၊ စိတ်စေတနာဖြူစင်စွာဖြင့် ဆောက်တည်ပါက ဝတ်ပြုမှုသည် ထိုသူ၏ နှလုံး သားကို ရောင့်ရဲခြင်း ၊ ငြိမ်းချမ်းခြင်းတို့ဖြင့် ပြည့်ဝစေပြီး အလ္လာဟ်နှင့် နီးကပ်စေပါတယ်။

“ဧကန်စင်စစ် ငါအရှင်သည်သာ ခဝပ်ကိုးကွယ်ခြင်း ခံထိုက်သည့် အလ္လာဟ်ပင် ဖြစ်သည်။ ငါအရှင်မှအမ အခြားသော ကိုးကွယ်ထိုက်သည့်အရှင် အလျှင်းမရှိ ။ ထို့ကြောင့် ငါ့ကိုသာ အသင် ခဝပ်ကိုးကွယ်လော့။ ထို့ပြင် ငါ့အားသတိရဖို့အတွက် စွလာသ်ဆောက်တည်လော့။ (ကုရ်အာန်-၂၀:၁၄)

ဝတ်ပြုမှုဟာ မုစ္စလင်မ်တစ်ဦးရဲ့ဘဝမှာ ဗဟိုချက်ဖြစ်ပြီး အလ္လာဟ်ထံ ခိုလှုံရန် အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဝတ်ပြုမှုကို လယ်ကွင်းများ၊ ရုံးခန်းများ၊ စက်ရုံများနှင့် တက္ကသိုလ်များ စသဖြင့် သန့်ပြန့်သော နေရာတိုင်းမှာ ပြုလုပ်နိုင်ပြီး မိနစ် အနည်းငယ်သာ ကြာမြင့်ပါတယ်။ ဝတ်ပြုမှုအတွင်းမှာ ကုရ်အာန်ကျမ်းမြတ် ဖတ်ရွတ်ခြင်း၊ အလ္လာဟ်ထံ အသနားခံပန်ကြားခြင်း ၊ အလ္လာဟ် အရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်း နှင့် မတ်တပ်ရပ်ခြင်း၊ ဦးညွတ်ခြင်း၊ ဦးချခြင်း၊ ထိုင်ခြင်း စသည့်ခန္ဓာကိုယ်၏ လုပ်ရှုားမှု အမျိုးမျိုးတို့ပါဝင်ပါတယ်။ ဝတ်ပြုမှုမှ တဆင့်၊ မုစ္စလင်မ်တို့ဟာ ဖန်ဆင်းရှင်၏ ကြီးကျယ်မြင့်မြတ်မှုကို သတိရ၍ မိမိတို့၏ လိုအင်ဆန္ဒ များကို ဖန်ဆင်းရှင်ထံ တောင်းခံ ပန်ကြားကြပါတယ်။

ဖန်ဆင်းရှင်၏ ရှေ့တော်မှောက်တွင် အကြိမ်ကြိမ် ရိုကျိုးခစားခြင်းက ပြစ်မှုများကျူးလွန်ခြင်းမှ ကာကွယ်တားဆီးပေးပါတယ်။ မိမိစိတ်နှလုံးကို သန့်စင်ရာလည်း ရောက်ပါတယ်။ ကုရ်အာန်တွင် ဤသို့ ဖော်ပြထားပါတယ်။ “ဧကန်စင်စစ် ဆွလာသ် ဝတ်ပြုမှုသည် စက်ဆုပ်ရွံ့ရှာဖွယ်ကိစ္စနှင့် မကောင်းမှုများမှ တားဆီးပေး သည်။” (ကုရ်အာန်-၂၉:၄၅) ဝတ်ပြုမှုဟာ အမှားဝန်ချတောင်းပန်ခြင်းနှင့် ဖန်ဆင်းရှင်၏ ခွင့်လွှတ်မှုကို တောင်းခံခြင်းလည်း မည်ပါတယ်။

အလ္လာဟ့် တမန်တော် (ဆွ) က သူ့ရဲ့ အဆွေတော်တွေကို ဤသို့ မေးခဲ့ပါတယ်၊ “အသင်တို့ထဲက တစ်ဦးတစ်ယောက်ရဲ့ အိမ်ရှေ့မှာ မြစ်တစ်စင်းရှိပြီး ထိုသူဟာ ထိုမြစ်ထဲမှာ တစ်နေ့ငါးကြိမ် ရေချိုးမယ်ဆိုရင် ထိုသူ့ထံမှာ အညစ်အကြေးတွေ ပေကျံနေပါဦးမလား?”၊ ထိုအခါ အဆွေတော် များက “ပေကျံနေမည်မဟုတ်ပါ။” လို့ဖြေကြားခဲ့ပါတယ်။ “ထိုကဲ့သို့ပင်၊ ဆွလာသ်ဝတ်ပြုမှု ငါးကြိမ်နှင့် အတူ အလ္လာဟ်က အပြစ်တွေကို ဖယ်ရှားပေးတော်မူတယ်” လို့ တမန်တော်က ဆက်လက်မိန့်ကြားခဲ့ပါတယ်။

၃။ ဇကားသ် ပြဌာန်းထားသော အလှုဒါန

ဥစ္စာပစ္စည်းများ အပါအဝင် အရာအားလုံးဟာ အလ္လာဟ့်ထံမှ ဖြစ်ပါတယ်။ ထိုအရာများဟာ အရှင်မြတ် ထံမှ အပ်နှံထားသော အရာများအဖြစ် သတ်မှတ်ထားပါတယ်။ ပြဌာန်းထားသော အလှူဒါန (ဇကားသ်)ဟာ သတ်မှတ်ထားသည့်အချက်များနှင့် ကိုက်ညီသောမုစ္စလင်မ်တိုင်းအတွက် ဝတ္တရား ဖြစ်ပါတယ်။ (ဥပမာ_ အရွယ် ရောက်ပြီးသူ၊ စိတ်ကျန်းမာသူ၊ အတိုင်းအတာတစ်ခုထက်ပို၍ ငွေကြေးဥစ္စာကြွယ်ဝသူ)။ မိမိ၏ပိုင်ဆိုင်မှုထဲမှ ပမာဏ အနည်းငယ် (၂.၅%မျှသော ငွေကြေးပမာဏနှင့် အခြားပိုင်ဆိုင်မှုများလဲ ပါဝင်၍ရသည်) ကို ကုရ်အာန် တွင် ပြဌာန်းထားသော ထိုက်သင့်သူများ (ဥပမာ-သူဆင်းရဲများနှင့် လိုအပ်နေသူများ)အား နှစ်စဉ်ပေးလှူရတာ ဖြစ်ပါတယ်။

တမန်တော်မုဟမ္မဒ် (ဆွ) ကမိန့်ဆိုတော်မူခဲ့ပါတယ်။ “အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ ကျန်ရှိနေသော ဥစ္စာပစ္စည်းများကို သန့်ရှင်းစေရန် ဇကားသ်ကို တာဝန်အဖြစ် ပြဌာန်းထားခြင်းဖြစ်သည်။”

“ဇကားသ်”ဟူသောစကားလုံး၏ အဓိပ္ပာယ်မှာ “သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်ခြင်း”နှင့် “ကြီးပွားတိုး တက်မှု” နှစ်ခုစလုံးဖြစ်ပါတယ်။ ဒါဟာအပင်တွေကို ကိုင်းဖျားတိပေးရတာနဲ့တူပါတယ်။ အပင်တွေကို ပုံမှန် တိဖြတ်ပေးခြင်းက ညီညာစေပြီး ရှင်သန်ကြီးထွားမှုကို အားပေးပါတယ်။ ဒီတာဝန်ကို ဆောင်ရွက်ခြင်းကြောင့်၊ မုစ္စလင်မ်တို့ရဲ့ ရှိနေတဲ့ပစ္စည်းဥစ္စာကို သန့်ရှင်းစင်ကြယ်အောင်ပြုပြီးသားဖြစ်ပြီး စိတ်ဝိဉာဉ် ပိုင်းဆိုင်ရာရော၊ ငွေကြေးကြွယ်ဝမှုကိုပါ တိုးတက်စေမှာ သေချာပါတယ်။

ဇကားသ်၏ အကျိုးကျေးဇူးများထဲမှ အချို့မှာ

• တကိုယ်ကောင်းဆန်ခြင်း၊ စိတ်ကြီးဝင်ခြင်း၊ လောဘကြီးခြင်းတို့မှ ထိန်းသိမ်းပေးခြင်း။

• သူဆင်းရဲတို့နှင့် မပြည့်စုံသူများအား ကိုယ်ချင်းစာ သနားတတ်ရန် လေ့ကျင့်ပေးခြင်း။

• အလ္လာဟ်အရှင်မြတ်၏ ချီးမြှင့်ထားတော်မူသော ကောင်းချီးမင်္ဂလာများကို သတိရ၍ အရှင်မြတ် ကျေးဇူးတင်တတ်စေခြင်း။

• လူမှုစီးပွားရေးအဆင့်အတန်းနှင့် အဖွဲ့အစည်းများကြား ကွာဟမှုကို ဆက်နွယ်ပေးခြင်းဖြင့် လူမှုဖူလုံရေးကို အထောက်အကူဖြစ်စေခြင်း။

• ဆင်းရဲမှုကိုလျော့ကျစေပြီး ချမ်းသာသူများအား သူတို့၏ ဥစ္စာဓနများမှ အချို့ကို မရှိဆင်းရဲသားတို့အား ဝေမျှရန် တာဝန်ချထားခြင်းကြောင့် မျှတမှုကို ဖြစ်စေပါတယ်။ “…သို့မှသာ ယင်းအရာများ (ဥစ္စာပစ္စည်းများ) သည် အသင်တို့အနက် ကြွယ်ဝ ချမ်းသာသူများ အကြားတွင်သာ လည်ပတ်လျက်ရှိမနေစေရန်ဖြစ်သည်။”(ကုရ်အာန်-၅၉:၇)

မိမိဆန္ဒအလျောက် ထပ်မံ၍ မိမိနှစ်သက်သလောက် အလှူဒါနပြုနိုင်ပါတယ်။

“ယင်းကောင်းမှုပြုလုပ်သူတို့ဟူသည် စွလာသ်ဆောက်တည်ကြသည်။ ဇကားသ်ပေးဆောင်ကြသည်။” (ကုရ်အာန်-၃၁:၄-၅)

၄။ စွောင်မ် ဥပုသ်သီလဆောက်တည်ခြင်း

“အသင်တို့အလျင်က ရှိခဲ့သူများအပေါ်တွင် စွောင်မ်ဥပုသ်စောင့်ထိန်းခြင်းကို မလုပ်မနေရတာဝန်အဖြစ် သတ်မှတ်ခဲ့သကဲ့သို့ အသင်တို့အပေါ်တွင်လည်း သတ်မှတ်လိုက်ပေပြီ။ ထိုသို့သတ်မှတ်ရခြင်းမှာ အသင်တို့သည် ပြစ်မှုရှောင်ကြဉ်သူများဖြစ်ကြရန်ဖြစ်သည်။”(ကုရ်အာန်-၂:၁၈၃)
အခြားခဝပ်ဆည်းကပ်မှုများကဲ့သို့၊ ဥပုသ်သီလဆောက်တည်ခြင်းဟာလည်း ဖန်ဆင်းရှင်၏ အမိန့်တော်ကို စိတ်စေတနာအဖြူစင်ဆုံးထား၍ နာခံဖို့ လိုအပ်ပါတယ်။ နှစ်စဉ် ရမသွာန်လမြတ် (အစ္စလာ့မ် လ ပြက္ခဒိန်၏ ၉ လမြောက်လ)တွင် မုစ္စလင်မ်တို့ဟာ မနက်အာရုဏ်တက်မှ ညနေနေဝင်ချိန်ထိ ဥပုသ်သီလ စောင့်ထိန်းကြပါတယ်။ ဥပုသ်စောင့်ထားချိန်တါင် လူသားတို့၏ အဓိက လိုအပ်ချက် သုံးခုဖြစ်သော အစား၊ အသောက်နှင့် ကာမဆက်ဆံမှုတို့ကို ရှောင်ရှားရပါတယ်။ အပြစ်ထိုက်သော အမှုမှန်သမျှကိုလည်း ရှောင်ရှားသင့် ပါတယ်။
ရမသွာန်လတွင် ဥပုသ်စောင့်ရခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တတ်စွမ်းနိုင်သော အရွယ် ရောက်ပြီးသော မုစ္စလင်မ်တိုင်းအတွက် မပြုမနေရတာဝန်ဖြစ်ပါတယ်။ ကလေးများ၊ ကျန်းမာရေး မကောင်း သူများ၊ စိတ်မကျန်းမာသူများ၊ သက်ကြီးရွယ်အိုများ၊ ဓမ္မတာလာနေသော အမျိုးသမီးများနှင့် ခရီးသည်များ ကခြွင်းချက်ဖြစ်ပါတယ်။
ဥပုသ်သီလစောင့်ထိန်းခြင်း၏ အကျိုးကျေးဇူးများမှ အချို့မှာ :
• စိတ်ဝိဉာဉ်ကို သန့်ရှင်းစင်ကြယ်စေခြင်းနှင့် တိုးတက်စေခြင်း
• သိပ္ပံနည်းအရ သက်သေပြပြီးသော ကျန်းမားရေးအကျိုးကျေးဇူးများ။
• သူဆင်းရဲတို့ကို စာနာတတ်စေ၍ လှူဒါန်းလိုစိတ်ကို နှိုးဆော်ခြင်း။
• ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တတ်စေရန်နှင့် သည်းခံတတ်စေရန် သင်ကြားပေးခြင်း။
• စိတ်ဝိဉာဉ်ကို သန့်ရှင်းစင်ကြယ်စေပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်၍ ဖန်ဆင်းရှင်၏ အမိန့်တော်ကို နာခံတတ်စေခြင်း၊ တည်ကြည်ခိုင်မာသောသူ ဖြစ်လာစေခြင်း။
• ဥပုသ်သီလဆောက်တည်နေကြသူများအတွင်း တူညီသော၊ တစုတစည်းတည်းသော ခံစားချက် ဖြစ်ပေါ်စေခြင်း။
• ကမ္ဘာနှင့်အဝှမ်းခံစားနေကြရသော အခက်အခဲများအကြောင်းကို ပိုမိုသိရှိစေခြင်း။
• အပြစ်များကို ခွင့်လွှတ်ခံရခြင်း။
တမန်တော်မြတ် (ဆွ) ကဤသို့မိန်တော်မူခဲ့သည်။
“အလ္လာဟ်အရှင်မြတ်အားယုံကြည်၍ အရှင်မြတ်ထံမှ အကျိုးဆုလာဘ်ကို မျှော်ကိုး၍ ရမသွာန်လမြတ်တွင် ဥပုသ်သီလဆောက်တည်သူ၊ သူ၏ ယခင်ကကျူးလွန်ခဲ့သော အပြစ်များအားခွင့်လွှတ်ချမ်းသာပေးခြင်း ခံရမည်။”

၅။ ဖန်ဆင်းရှင်၏ အိမ်တော်သို့ သွားရောက်ဖူးမြှော်ခြင်း (ဟဂျ်)

“ထိုအိမ်တော်(ကအ်ဗဟ်ကျောင်းတော်) သို့အရောက်သွားရန် တတ်စွမ်းနိုင်သူအပေါ်တွင် ဟဂျ်ပြုရန်မှာ အလ္လာဟ်နှင့် ပတ်သတ်၍ လူသားများအပေါ်တွင်ရှိသည့် တာဝန်တစ်ရပ် ဖြစ်ပေသည်။” (ကုရ်အာန်-၃:၉၇)
ကျန်းမာသန်စွမ်း၍ ငွေကြေးတတ်နိုင်ပါက မိမိဘဝသက်တမ်းတွင် တစ်ကြိမ် ဆော်ဒီအာရေဗျနိုင်ငံ မက္ကဟ်မြို့တော်နှင့် အခြားသောထွတ်အမြတ်ထားသည့် နေရာများသို့ ဘုရားဖူးခရီးထွက်ခြင်း ( ဟဂျ်ခေါ် အလ္လာဟ့် အိမ်တော်သို့သွားရောက်ဖူးမြှော်ခြင်း ) ပြုလုပ်ရပါတယ်။
ဘုရားဖူးခရီးထွက်ရာတွင် လောကီရေးရာအလုပ်များအားလုံးကို ခနရပ်နားထားခဲ့ပြီး အလ္လာဟ်အရှင်မြတ်အား သတိရတသခြင်း၊ ခဝပ်ဆည်းကပ်ခြင်း၊ အရှင်မြတ်ထံမှ ခွင့်လွှတ်မှုကို တောင်းခံခြင်း၊ အရှင်မြတ်နှင့် နီးကပ်မှု ရယူခြင်းတို့ ပြုလုပ်ရန် အချိန်ဖြစ်ပါတယ်။
ဟဂျ်ခရီးသွားခြင်းဟာ တစ်နှစ်တစ်ခါ အစ္စလာမ့် ပြက္ခဒိန်၏ ၁၂ လမြောက်( အရဗီဘာသာဖြင့်-ဇုလ်ဟဂျ် ဂျဟ်)လတွင် သွားရောက်ရခြင်း ဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံမှ လူမျိုးပေါင်းစုံ ၊ အသားအရောင်ပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ၊ အခြေအနေမျိုးစုံသော သူတို့ဟာ တစ်ပါးတည်းသော စစ်မှန်သည့် ဖန်ဆင်းရှင်ကို တစုတစည်း တည်း တညီတညွှတ်တည်း ဝတ်ပြုကြပါတယ်။ လာရောက်ကြသူ အားလုံးဟာ ရိုးရှင်းသော တူညီသော အဝတ် အစားကို ဝတ်ဆင်ရပြီး ၊ မိမိ၏ ဂုဏ်သရေ အဆင့်အတန်း၊ ယဉ်ကျေးမှု အားလုံးကို ခဝါချကာ ဖန်ဆင်းရှင်၏ ရှေ့တော်မှောက်တွင် အတူတကွ ခစားကြရပါတယ်။
တမန်တော်မုဟမ္မဒ်(ဆွ) ကဤသို့မိန်တော်မူခဲ့ပါတယ်၊ “အကြင်သူသည် ညစ်ညမ်းသောစကားများကိုမဆိုပဲ၊ ပြစ်မှုများမကျူးလွန်ပဲ ဟဂျ်ပြု၍ပြန်လာခဲ့ပါက ထိုသူသည် အမိဝမ်းတွင်းမှ မွေးဖွားသကဲ့သို့ (အပြစ်များကင်းစင်၍) ပြန်ရောက်လာသည်”
ဟဂျ်ပြုလုပ်ခြင်းဟာ တမန်တော်အီဗ်ရာဟီမ် ၏ ခြေရာတော်များနောက်လိုက်ခြင်းလည်းပါဝင်ကြောင်း တမန်တော်မုဟမ္မဒ် ကျွန်ုပ်တို့အား သင်ကြားပေးခဲ့ပါတယ်။ ဤကြီးမြတ်သော ခရီးစဉ်တော်တွင် တိရစ္ဆာန်တစ်ကောင်ကို စွန့်လွှတ်အနစ်နာခံခြင်း၊ အလ္လာဟ် ထံပါးတွင် လေးနက်စွာ တောင်းပန်အသနားခံခြင်း၊ နေရာများစွာသို့ သွားရောက် ဝတ်ပြုဆုတောင်းရခြင်း၊ ကအ်ဗဟ် ကျောင်းတော်ကို လှည့်ပတ်ခြင်း၊ တောင်နှစ်ခုအကြား လမ်းလျှောက်ရခြင်းနှင့် အခြားဝတ်ပြုမှုများလည်း ပါဝင်ပါတယ်။ ၎င်းဝတ်ပြုမှုများအားလုံးကို ၆ ရက်တာ ကာလအတွင်း ဆောင်ရွက်ရတာဖြစ်ပါတယ်။
ဤကဲ့သိုသော အတွေ့အကြုံဟာ လူသားတစ်ယောက်၏ ဘဝကို ပြောင်းလဲစေနိုင်ပြီး မိမိကိုယ်ကို နှိမ့်ချတတ်စေ၍ သည်းခံခြင်းတရားနှင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတရား ကို ပိုမို နားလည်သိတတ် စေပါတယ်။ မုစ္စလင်မ်များအားလုံး မတူညီကြသော်လည်း တစ်စုတစ်စည်းတည်း တစ်နေရာထဲတွင်ဖြစ်၍ ညီနောင်အချင်းချင်း စည်းလုံးမှုတိုးပွားစေပါတယ်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ