အစ္စလာမ်ဘာသာအနေနဲ့ရော သည်းခံခြင်းတရားနဲ့ ပတ်သက်ပြီး ဘယ်လိုညွှန်ပြထားတာ ရှိပါသလဲ?

    အစ္စလာမ်ဘာသာက သည်းခံခြင်းတရားကို အများကြီး လက်ခံထားပါတယ်။ ဥပမာဆိုရင် မင်းတို့ကို မတရားလုပ်ရင် မင်းတို့ပြန်တုံ့ပြန်ရမယ်။ အဲဒီလိုတုံ့ပြန်ဖို့ဆိုတာက (Jewish Law) ထဲမှာလည်း ပါတယ်။ (Eye for an eye, Tooth for a tooth) ဆိုတာပဲ။ ဒါပေမယ့် ကုရ်အာန်ကျမ်းမြတ်မှာ မင်းမတရားအလုပ်ခံလိုက်တဲ့ အတိုင်းအတာအလျောက် မင်းတုံ့ပြန်လို့ရတယ်။ သို့သော် မင်းခွင့်လွှတ်လိုက်ရင် ပိုကောင်းတယ်။ နောက်တစ်နေရာမှာကြတော့ သူတစ်ပါးက မင်းကို မကောင်းမှုပြုရင် မင်းတုံ့ပြန်တဲ့။ ဘာနဲ့တုံ့ပြန်မလဲ။ အကောင်းနဲ့ တုံ့ပြန်ရမယ်။ အဲဒါဆိုရင် တစ်ချိန်က မင်းကို ရန်သူလို့ သတ်မှတ်ထားတဲ့လူက မိတ်ဆွေဖြစ်လာမယ်တဲ့။ အဲဒီလို ပြောထားပေမယ့်လို့ နောက်တစ်နေရာမှာ ဘယ်လိုပြထားသလဲဆိုရင် သည်းခံမှုဟာ မတရားပြုလုပ်သူကို အားပေးသလို ဖြစ်သွားရင်လည်း ဒါဟာ မလိုလားအပ်တဲ့ အကျိုးဆက်ဖြစ်လာမယ်။ မတရားပြုလုပ်သူက နှိပ်စက်မယ်၊ ရက်စက်မယ်၊ ကြမ်းကြုတ်မယ်။ အဲဒါကို ငါတို့က သည်းခံပါတယ်။ ခွင့်လွှတ်ပါတယ်ဆိုရင် သူက ဇက်ရဲလက်ရဲ အတင့်ရဲလာမယ်။အဲဒါကြောင့် အဲဒီရမ်းကားမှုနဲ့ အကြမ်းဖက်မှုတွေကို ကိုယ်က တရားသောတုံ့ပြန်မှုနဲ့ ခုခံခြင်းအားဖြင့် သူ့လုပ်ရပ် မှားတယ်ဆိုတာကို သိပြီး အမြန်ဆုံးပြန်လည် ပြုပြင်ကာ မတရားအဓမ္မမှုကို စွန့်လွှတ်လိမ့်မယ်။ သူက ဒီအဖျက်လုပ်ငန်းတွေကို ဆက်မလုပ်နိုင်အောင် သူ့အနေနဲ့ အမြင်မှန်ရလာအောင် ပြုပြင်ဆုံးမခြင်းလို့ပဲ တရားတော်က ခွင့်ပြုတယ်။ သည်းခံမှုဆိုတာဟာ အတိုင်းအတာတစ်ခုရှိတယ်။ သည်းခံမှုဟာ မိမိတင်မက မိမိပတ်၀န်းကျင်ကြီးတစ်ခုလုံးကိုပါ ဒီသည်းခံမှုကြောင့် အကျိုးမဖြစ်ထွန်းဘဲနဲ့ အဆိုးဖြစ်တယ်ဆိုရင် ဥပမာ - အဓမ္မ၀ါဒီတွေကို လွဲမှားတဲ့ အချက်ပြမှု Signal လို မဖြစ်စေဘဲ အဲဒီလူရမ်းကားရဲ့လုပ်ရပ်ကို ကိုယ်က ရပ်တန့်အောင် လုပ်ရမယ်။ ခုခံရမယ်။ အရာရာတိုင်းမှာသည်းခံလို့တော့ မရဘူး။ မှားနေတဲ့လူရဲ့ လုပ်ရပ်ဟာ ဆတက်ထမ်းပိုး တိုးတိုး ပြီးတော့ မှားသွားရင် ကိုယ်က သည်းခံလိုက်တဲ့အတွက် သူ့ကို အားပေးသလိုဖြစ်သွားရင် ကိုယ်ပါ တရားခံဖြစ်သွားမယ်။ ပူးတွဲတရားခံဖြစ်သွားမယ်။ အဲဒီလိုလက်တွေ့ကျကျ ကျွန်တော်တို့မှာ ရှိပါတယ်။ အာရဗီစာပေမှ 'ဆွဘ(ရ်)' လို့ကြံ့ကြံ့ခံခြင်း ဟုလည်း ဖွင့်ပါတယ်။ အရှင်မြတ် စမ်းသပ်တဲ့ လောကဓံတရားကို ကြံ့ကြံ့ခံခြင်းလည်း မည်ပါတယ်။ သူတစ်ပါးအပြစ်ကို ခွင့်လွှတ်ခြင်းမှာ အလွန်မြင့်မြတ်တဲ့ စိတ်ထားဖြစ်ပြီး အပြစ်ကျူးလွန်သူ အမှားမြင် အမှန်ပြင်ရန်လည်းအားထုတ်ရမယ်။ ဒီလိုကျယ်ပြန့်တဲ့ အနက်အဓိပ္ပာယ်နဲ့ ယှဉ်ပြီး 'ဆွဘ(ရ်)'ပြုသူနှင့်အတူ အလ္လာဟ်ရှိသည်ဟူသော တရားကို ကျင့်သုံးဆောက်တည်ရမှာဖြစ်၏။


စာအုပ် - အစ္စလာမ်ဘာသာကို သိရှိလေ့လာလိုသူတိုင်း အတွက်

ရေးသားပြုစုသူ - အလ်ဟဂျ်ဦးအေးလွင်

အစ္စလာမ့် ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး




ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ