အစ္စလာမ်ဘာသာ၀င်တွေ တစ်နေ့ ငါးကြိမ် ဘာကြောင့်၀တ်ပြုရတာလဲဆရာ။ အဲဒီလို ၀တ်ပြုရတဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲ။

 အစ္စလာမ်ဘာသာရဲ့ ကျင့်စဉ်အရ သစ္စာဓမ္မရဲ့ အကြောင်းခံဖြစ်တဲ့ အလ္လာ့ဟ်ဘုန်းတော်ရိပ်မှာ ခိုလှုံမှ နှစ်ဘ၀ အောင်မြင်မှုရမယ်လို့ ခံယူထားပါတယ်။ အဲဒီတော့ အသင်္ခတဂုဏ်တော်ရှင် အလ္လာဟ်နဲ့ ဆက်သွယ်မှုဆိုတာလိုအပ်တယ်။ အလ္လာဟ်ဟာ စိတ်ကူးယဉ်ရှိနေတာ မဟုတ်ဘူး။ အဟုတ်ရှိ၊တကယ်ရှိနေတဲ့ အရှိတရားဖြစ်တယ်။ အလ္လာဟ်ဟာ ရုပ်နာမ် ဓမ္မသင်္ခါရကိုဖြစ်စေတော်မူတဲ့ အကြောင်းခံဖြစ်တယ်။ အလ္လာဟ်ဟာ မမြဲရာ သင်္ခတဓာတ်၊ရုပ်၊ နာမ်တွေနဲ့ ကင်းစင်လွန်မြောက်ပါတယ်။ သို့သော် ပကတိအရှိဖြစ်တယ်။ အာရုံနဲ့လည်း ထိတွေ့လို့မရဘူး။ နှလုံးညဏ်နဲ့ ဓမ္မရသကို ခံစားရပါတယ်။ အဲဒီ အရှိတရားနဲ့ ကျွန်တော်တို့ ဆက်သွယ်ဖို့ လိုအပ်တယ်။ အလ္လာဟ်နဲ့ထိတွေ့ဆက်သွယ်မှုဆိုတာက အဲဒီလို ဆက်သွယ်မှု လမ်းကြောင်းအဖြစ်နဲ့ တစ်နေ့ငါးကြိမ်(ဆွလသ်) ဆိုတဲ့ ဘာ၀နာပေါ့။ ဥပမာ - ကျွန်တော်တို့က အသံလွှင့်ရုံကနေပြီးလွှင့်ထုတ်လိုက်တဲ့ လှိုင်းတွေကို ဖမ်းစက် (Receiver) နဲ့ ဖမ်းယူရမယ်။ လူ့ရဲ့မူရင်း မူလအစဖြစ်တဲ့ လူ့ရဲ့တည်ရှိမှုရဲ့ အကြောင်းခံ အရှိတရားကြီးက မေတ္တာဓာတ်တွေ၊ ကရုဏာတော်တွေ ဒါတွေကို ကက်နက်ရှင်ယူတဲ့ အနေနဲ့ ကျွန်တော်တို့က တစ်နေ့ ငါးကြိမ် ၀တ်ပြုကြတယ်။ အဲဒီလိုပြောခြင်းအားဖြင့် ကျန်တဲ့အချိန်မှာ အလ္လာဟ်ကို သတိမရဘူးလို့ ပြောတာမဟုတ်ဘူး။ လူတစ်ယောက်ရဲ့စိတ်ကို လွှမ်းမိုးနိုင်တဲ့ ကာလလေးတွေကို သတ်မှတ်ထားတယ်။ အရုဏ်တက်အချိန်ဆိုတာ လူက လန်းလန်းဆန်ဆန်းနဲ့ တစ်နေကုန်အလုပ်လုပ်ဖို့ အားယူရမယ့်အချိန်၊ နေ့လယ်ပိုင်းရောက်လာပြီ။ ထိနမိဒ္ဓလို့ ခေါ်တဲ့ ငိုက်မြည်းလာတဲ့ အချိန်၊ အစားအသောက်တွေ စားပြီး လူဟာ အိပ်ချင်လာပြီ။ သတိတစ်ခါ ပြန်ကပ်လာအောင်လို့ နှိုးဆော်လိုက်တယ်။ နောက်တစ်ခါ နေ၀င်ချိန်ရောက်လာပြီ။ နည်းနည်း ဖောက်ပြန်ချင်လာပြီ။ အဲဒီအချိန်မျိုးမှာ လူရဲ့စိတ်က ဖောက်ပြန်တတ်တယ်။ အဲဒီအချိန်မှာ စိတ်ကို ပြန်ပြုပြင်ထိန်းကျောင်းလိုက်တယ်။ နေ၀င်ချိန်ကို ရောက်လာပြီဆိုရင် လူ့ရဲ့စိတ်က ပိုပြီးတော့ ဖောက်ပြန်တယ်။

ဒါကြောင့် လူကြီးတွေက ဘာပြောသလဲဆိုတော့ နေ၀င်တဲ့အချိန်က နွားရိုင်းသွင်းချိန်တဲ့။ အဲဒီအချိန်မှာ လူဟာ ဖောက်ပြန်မှု အမျိုးမျိုးစပြီး လုပ်ချင်လာတယ်။ နောက်ဆုံး အိပ်ရာမ၀င်ခင် အချိန်အထိပေါ့။ အဲဒီတော့ ၂၄ နာရီ အပိုင်းအခြားမှာ ကာလငါးပါးဟာ လူ့စိတ်ကို ပြောင်းလဲနိုင်သော အချိန်တွေဖြစ်တဲ့အတွက်ဒါကို ထိန်းချုပ်ပြီးတော့ လမ်းမှားကို ရောက်မသွားအောင်လို့ စိတ်ကို ပြုပြင်သန့်စင် တည့်မတ်စေဖို့အတွက် အသင်္ခတအရှင်နဲ့ ဆက်သွယ်တဲ့ ပုံစံမျိုးနဲ့ ငါးကြိမ်ဘာ၀နာပွားဖို့ကို ရည်ရွယ်ချက်ကျကျနဲ့သတ်မှတ်ထားတာပါ။

ဒီတရားကျင့်စဉ်ရဲ့ ဟန်ပန်အနေအထားပုံသဏ္ဌာန်အားလုံးရဲ့နောက်မှာ လေးနက်တဲ့ တရားသဘောတွေ ရှိတယ်။


မတ်တတ်ရပ်တာက ဘာကိုညဏ်ပွားဖို့ ဖြစ်တယ်။ ထိခြင်းငါးပါးနဲ့ နဖူးမြေစိုက်ဦးတိုက်လိုက်တာက ဘယ်ညဏ်စဉ်ဖြစ်တယ်။ ထိုင်ခြင်းဟာ ဘယ်ဓမ္မစခန်းကို အာရုံပြုရမယ်ဆိုတဲ့ သမာဓိရော၊ ၀ိပဿနာရော နှစ်ခုစလုံး ဆွလသ်ဘာ၀နာအထဲမှာပါတယ်။ စိတ်ကို တည်ငြိမ်အောင်ကို ဘယ်လိုလုပ်မလဲ။ စိတ်တည်ငြိမ်သွားရင် စိတ်ကို သန့်စင်အောင် ဘယ်လိုလုပ်မလဲ။ စိတ်သန့်စင်သွားပြီးတဲ့အခါ နာမ်မှာ ညဏ်ကပ်ရတဲ့စခန်းဆိုတဲ့ ၀တ်ပြုတဲ့အခါမှာ သမထရော၊ ၀ိပဿနာရောပါသွားတယ်။ အဲဒီတော့ အစ္စလာမ်ဘာသာ၀င် တစ်ယောက်အနေနဲ့ နေ့စဉ်၀တ်ပြုရတဲ့အခါမှာ တိကျတဲ့ စည်းကမ်းချက်နဲ့ ၀တ်ပြုရတယ်။ တစ်ဦးတည်း၀တ်ပြုခွင့်ရှိပေမယ့် လူအများနဲ့ ၀တ်ပြုခြင်းကို ပိုပြီးတော့ တရားတော်ကနှစ်သက်တယ်။ လူအများစုနဲ့ ၀တ်ပြုတဲ့အခါမှာ ရှေ့ဆောင်ဆရာက ဦးဆောင် ရပါတယ်။ လောကီ၊ လောကုတ္တရာ နှစ်ဘ၀ တည်ဆောက်တဲ့အခါမှာ မတိမ်းစောင်းအောင် ထိန်းကျောင်းဖို့၊ ဦးဆောင်မှုတစ်ခုအောက်မှာ နောက်လိုက်ခြင်းဆိုတာ အင်မတန်အရေးကြီးပါတယ်။ အာရဗစ်လိုဆိုရင် 'ဂျမာအသ်' လို့ ခေါ်ပါတယ်။ အဲဒီတော့ အတ္တကို ပါးရှားစေချင်ရင် ပရနဲ့မျှအောင်လုပ်မှ အတ္တဟာ ပါးရှားသွားမယ်။ တစ်ယောက်တည်း၊ တစ်ကိုယ်ကောင်းပဲ လုပ်မယ်ဆိုရင် အတ္တက မကင်းပျောက်ဘဲနဲ့ ပိုကြီးထွားလာလိမ့်မယ်။ ကျွန်တော်တို့က အတ္တကို ပယ်မှာလား၊ အတ္တကို မွေးမြူမှာလား၊ အတ္တကို ပယ်ချင်ရင် မိမိအတ္တကိုကင်းကုန်သွားအောင်၊ ပါးရှားသွားအောင်၊ နည်းသွားအောင်၊ လျော့သွားအောင်ဘာလုပ်ရမလဲဆိုရင် ဖြန့်ကြက်ပစ်လိုက်ရမယ်။ အဲဒါက ဘယ်မှာရှိသလဲဆိုရင်လူအများစုပေါင်း ဘာ၀နာပွားမှုမှာ ရှိတယ်။ လူအများစုနဲ့ ၀တ်ပြုခြင်းမှာ တစ်ဦးချင်းရဲ့ အတ္တတွေ ရောယှက် ကျယ်ပြန့်လာခါ 'အတ္တ'ပျောက်ပြီး 'ပရ' တောက်လာလိမ့်မယ်။ ဘာအဓိပ္ပာယ်လည်းဆိုရင် အတ္တကို ပါးရှားသွားအောင်လျော့နည်းသွားအောင် လုပ်ခြင်းဖြစ်တယ်။ 'ပရ'ဘက်ကို ဖြန့်ကြည့်လိုက်တဲ့အခါမှာ မိမိအတ္တက ပါးရှားသွားမှာဖြစ်တယ်။ ဒါကြောင့်မို့ ဘာ၀နာပွားဖို့၀တ်ကျောင်းတော်ဟာ မရှိမဖြစ် လိုအပ်တယ်။ အချိန်နဲ့ သတ်မှတ်ပြီး လုပ်ရတယ်။ စည်းကမ်းနဲ့ လုပ်ရတယ်။ ဒါကြောင့်မို့ အစ္စလာမ်သာသနာနဲ့ ဗလီကျောင်းတော်ဆိုတာက ဘယ်လိုမှ ခွဲခွာလို့မရဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ဗလီ၀တ်ကျောင်းတော်များရဲ့ အခန်းကဏ္ဍကို အင်မတန်အလေးအနက်ထားတာဖြစ်ပါတယ်။ ဆုတောင်း ၀တ်ပြုကြတယ်။ ဘာလုပ်ကြတာလဲဆိုတော့ ညဏ်ပွားတာဖြစ်သလို မေတ္တာဘာ၀နာလည်း မည်ပါတယ်။ ကိုယ့်ကိုယ်ကိုကောင်းအောင်၊ နှလုံးသားသန့်အောင် လုပ်ကြတာတော့ မှန်တယ်။ အဆုံးသတ်မှာ ဘာလုပ်ရသလဲဆိုရင် ညာဘက်နဲ့ ဘယ်ဘက်ကို လှည့်ပြီး ဆလ္လာမ်မေတ္တာပို့ပါတယ်။ မိမိကိုယ်ကို စောင့်ကြပ်နေတဲ့ ကိုယ်စောင့်နတ်ကြီးများ အပါအ၀င်မိမိရဲ့ လက်ယာခြမ်းမှာရှိတဲ့ အနန္တစကြ၀ဠာ၊ ဘယ်ဘက်ကို လှည့်လိုက်တဲ့အခါမှာ မိမိရဲ့ ကိုယ်စောင့်နတ်သားကြီးအပါအ၀င် လက်၀ဲခြမ်းမှာရှိတဲ့ အနန္တစကြ၀ဠာစတဲ့ အနန္တစကြ၀ဠာတွင်း မှီတင်းနေထိုင်နေကြတဲ့ သဗ္ဗေသတ္တာဝေနေယျအားလုံး တစ်ဦးမကျန်ငြိမ်းအေးပါစေဆိုတဲ့ မေတ္တာဘာ၀နာနဲ့ ဆလ္လာမ်ပို့အဆုံးသတ်ပါတယ်။ အဲဒီတော့ ဗလီမှာ တစ်နေ့ ငါးကြိမ် ဘာလုပ်ကြတာလည်းဆိုရင် ကိုယ့်ကိုလည်း ကောင်းအောင်လုပ်တယ်၊ ပတ်၀န်းကျင်ကိုလည်း ကောင်းအောင်လုပ်တယ်။ မေတ္တာဘာ၀နာလည်း ဖြန့်ကြက်ပါတယ်။ အဲဒါပါပဲ။ ကျွန်တော်တို့အစ္စလာမ်ဘာသာ၀င်တွေ တစ်နေ့ ငါးကြိမ်၀တ်ပြုတယ်ဆိုတာ။ လူတစ်ဦးချင်းရဲ့အဇ္ဈတ္တနှလုံးသားသန့်စင်အေးငြိမ်းရေးမှသည် ပတ်၀န်းကျင် အရပ်ရှစ်မျက်နှာ

တစ်ခွင်တစ်ပြင်လုံး ဆင်းရဲခပ်သမ်း၊ ဒုက္ခခပ်သိမ်း၊ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းပြီး ဗဟိဒ္ဓ အနန္တစကြ၀ဠာနှင့် အနန္တေ၀နေယျသတ္တ၀ါတို့ သန္တိသုခ 'အပ်(စ)ဆလမ်' စိုက်စေဖို့အတွက်ဖြစ်ပါတယ်။


စာအုပ် - အစ္စလာမ်ဘာသာကို သိရှိလေ့လာလိုသူတိုင်း အတွက်

ရေးသားပြုစုသူ - အလ်ဟဂျ်ဦးအေးလွင်

အစ္စလာမ့်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး


ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ