မရောက်သေးတဲ့ မနက်ဖြန်ကို တွေးပြီးပူမနေပါနဲ့...

 

မရောက်သေးတဲ့ မနက်ဖြန်ကို တွေးပြီးပူမနေပါနဲ့...

"အသင်တို့သည် အလျင်မလိုကြနှင့်။"(ကုရ်အာန် ၁၆း၁)

မဖြစ်သေးတဲ့အရာတစ်ခုကို အချိန်မတိုင်ခင်ကတည်းက ကြိုတွေးပြီးပူမနေပါနဲ့။ သင်ကိုယ်ဝန်မရှိခင်ကတည်းက ကိုယ်ဝန်ဖျက်ချမလို့လား? ဒါမှမဟုတ် သစ်ပင်မှာ အသီးမသီးသေးဘဲ အသီးကို ခူးမလို့လား ?

 တကယ်တော့ မနက်ဖြန်ဆိုတာရှိမနေသေးပါဘူး။ မနက်ဖြန်ကို သင်အခုအချိန်မှာ အရသာအနေနဲ့ရော အရောင်အနေနဲ့ပါ ခံစားလို့မရနိုင်ပါဘူး။ ဒါကြောင့်မနက်ဖြန်အတွက်ဘာကို အတင်းစိတ်ပူနေမှာလဲ? မိမိဘာဖြစ်မလဲ မသေချာသေးတဲ့ အချိန်ကို ဘာလို့ ကြိုပြီးစိတ်ပူနေမှာလဲ?

ကျွန်တော်တို့ တံတားမရောက်ခင် တံတားကို ဖြတ်ကူးလို့ မရပါဘူး။ တံတားကိုဖြတ်ကူးခြင်ရင် တံတားရောက်တဲ့ အထိစောင့်ဖို့လိုပါမယ်။ ကျွန်တော်တို့တံတားကို ဖြတ်ကူးဖို့ မလိုတော့တာလည်း ဖြစ်နိုင်သလို တံတားနေရာကိုရောက်ပြီးမှ တံတားက မရှိတော့တာ၊ ကျိုးပျက်နေတာလည်း ဖြစ်နိုင်ပါတယ်။ တွေးတောဖို့ပါ။  

တကယ်တော့ ကိုယ်မမြင်ရသေးတဲ့ အရာတခုကို စိတ်ထဲကနေပုံဖော်ပြီး အဆိုးဘက်ကချည်း တွေးနေတာက ကြိုးကြောင်းဆီလျှော်မှုလုံးဝမရှိပါဘူး။ မနက်ဖြန်ရောက်ရင် ဆင်းရဲ ဒုက္ခရောက်တော့မလား၊ နေမကောင်းဖြစ်တော့မလား၊ ငတ်မွတ်ခေါင်းပါးတော့မလား စသဖြင့် အတွေးတွေဟာ ရှိုင်သွာန် (စာတန်) မိစ္တာကောင်ရဲ့လမ်းစဉ်ပဲ ဖြစ်ပါတယ်။  

"ရှိုင်သွာန်သည် အသင်တို့အား ဆင်းရဲမှုနှင့် ခြိမ်းခြောက်သည်၊ ၎င်းပြင် အရှက်မရှိသည့်အရာများ ကိုပြုလုပ်ရန် အသင်တို့အား ညွှန်ကြားသည်။ ဖန်ဆင်းရှင်ဘုရားသခင်ကမူ အသင်တို့အား မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့်အပြင် အကျိုးကျေးဇူးများကိုပါ အသင်တို့အား(ပေးသနားရန်) ကတိပြုတော်မူသည်။  ဖန်ဆင်းရှင်ဘုရားသခင်သည် အသိဉာဏ်ပညာနှင့် ကရုဏာကျယ်ဝန်းလျက် အရာအားလုံးကို ဝန်းခြုံထားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။"(ကုရ်အာန် ၂း၂၆၈)

 မနက်ဖြန်ကို မရောက်သေးခင်အထိ မေ့ထားလိုက်ပါ။ ဒီနေ့အတွက်သင်ကကောင်းတာတွေနဲ့ အချိန်ကုန်ဆုံးလိုက်ပါ။ ဒီနေ့ကိုပဲ အကောင်းဆုံးကြိုးစားဖြတ်သန်းလိုက်ပါ။ လူ့ဘဝဆိုတာ အဖြစ်အပျက်တွေ ဆက်တိုက်ဖြစ်ပျက်နေတဲ့ ဘဝဖြစ်ပါတယ်။ ကိုယ့်မှာလက်ရှိ ဖြစ်ပျက်နေတာကို အကောင်းဆုံး အပျော်ရွှင်ဆုံးဖြစ်အောင်လုပ်ပါ။ ကျွန်တော်တို့ဘဝရဲ့ ရည်ရွယ်ချက်တွေ ပြည့်မြောက်အောင်လုပ်နေတဲ့ အခိုက်အတန့်အားလုံးမှာ ပျော်ရွှင်နေသင့်ပါတယ်။ ပန်းတိုင်ကိုပဲ ကြည့်မနေပါနဲ့။ ပန်းတိုင်ကို သွားရာလမ်းတစ်လျှောက်မှာလည်း ပျော်နေလိုက်ပါ။  

အနာဂတ်ကို လုံးဝလစ်လျူရှုဖို့ ပြောနေတာမဟုတ်ပါဘူး။ အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်ပါ။ ကြိုးစားပါ။ သို့သော် မဖြစ်လာသေးတဲ့ အနာဂတ်က မကောင်းတဲ့အရာတွေကို တွေးတောနေပြီး မိမိရဲ့ ကောင်းမွန်ပျော်ရွှင်တဲ့ အချိန်တွေကို မဖျက်ဆီးလိုက်ပါနဲ့။

မနက်ဖြန်ဆိုတာ မသေချာပါဘူး။ 

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ