ကျေးဇူးသိတတ်ခြင်း

 

ကျေးဇူးသိတတ်ခြင်း
=================
အဘူဟူရိုင်ရဟ် (ရသွေ့) ထံမှဟဒီးဆ်တစ်ပုဒ်ဆင့်ပြန်လာရှိသည်။
 “ ညတစ်ညတွင် တမန်တော်မြတ်(ဆွ) အပြင်ထွက်လာစဉ် အဘူဘဣရ် (ရသွေ့) နှင့် အုမ်မရ် (ရသွေ့) တို့နှင့်တွေ့ဆုံလေသည်။ ထိုအခါ တမန်တော်မြတ်(ဆွ) မှ ဘာလို့ဒီအချိန်မှာ အပြင်မှာရှိနေရတာလဲမေးသောအခါ“ ဗိုက်ဆာလို့” ဟုဖြေကြားလေသည်။ တမန်တော်မြတ်(ဆွ) သည်လည်း ထိုနည်းအတိုင်းဟုပြန်ဖြေလေသည်။
ထို့နောက် တမန်တော်မြတ်(ဆွ) နှင့်ဆွဟာဗာ နှစ်ဦးသည် အန်ဆွာတို့ထဲမှ လူတစ်ယောက်အိမ်ကိုသွားလေသည်။
သို့သော်ထိုသူသည် အိမ်၌ မရှိပေ။ အမျိူးသမီးတစ်ဦးသာ ရှိနေပေသည်။ ထိုအမျိူးသမီးမှ တမန်တော်မြတ်တို့အားနှုတ်ခွန်းဆက်၍ ထိုသူအိမ်မှာမရှိကြောင်းပြောနေစဉ် ထိုသူရောက်ရှိလာပြီး “ ဒီနေ့အဖို့ ဘယ်သူ့အိမ်မှာမှ သူ့အိမ်လောက် ဂုဏ်သရေရှိတဲ့ ဧည့်သည်ရှိမှာမဟုတ်ဘူး” လို့ပြောဆိုလေသည်။
ထိုသူသည် စွံပလွံ အစိုနှင့် အခြောက်များပါဝင်တဲ့ အကိုင်းတစ်ကိုင်းယူလာ၍ ဧည့်ခံလေသည်။

ထို့နောက် ထိုသူသည် ဓားတစ်ချောင်းထုတ်လာသည်။ တမန်တော်မြတ်(ဆွ)မှ ထိုဓားကို နို့တိုက်သတ္တဝါတွေနဲ့ ဝေးဝေးထားဖို့ပြောလေသည်။
ထိုနောက်ဆိတ်တစ်ကောင်လှီးဖြတ်၍ ဆိတ်သား၊နို့နှင့်စွံပလွံသီးများ စားကြလေသည်။
တမန်တော်မြတ်(ဆွ) နှင့်ဆွဟာဗာတို့ စားသောက်ပြီးသည့်အခါ တမန်တော်မြတ်(ဆွ)သည် အသင်တို့ကို ယနေ့ ဆုလာဘ်နှင့် ပတ်သက်ပြီး ပြန်လည်ရှင်ထမည့်နေ့တွင် မေးမြန်းခြင်းခံရမှာဖြစ်တယ်။ ဆာလောင်မွတ်သိပ်မှုသည် အသင်တို့ကို အိမ်ထဲမှ အိမ်ပြင်ကို ထွက်လာစေခဲ့သည်။ အသင်တို့အတွက် ဆာလောင်မွတ်သိပ်မှုကို ဖြေရှင်းပေးခဲ့လေသည်။
(မွတ်စ်လင်မ်ကျမ်း)

ကုရ်အာန်ကျမ်းတော်မြတ်တွင်လာရှိသည်
"ထို့နောက် အသင်တို့သည် စည်းစိမ်များနှင့် ပတ်သက်၍ အမှန်ပင် စစ်ဆေးမေးမြန်းခြင်းကို ခံကြရမည်ဖြစ်သည်။" ကုရ်အာန် (၁၀၂:၈)

အသင်တို့ တစ်နေ့တစ်နေ့ရနေတဲ့ အထောက်အပံ့တွေ က အရှင်မြတ်ဆီက လာတာဖြစ်တယ်။ အဲ့တာကြောင့် နည်းနည်းများများ အမြဲတမ်းကျေးဇူးတင်သင့်တယ်။
အများစုက မိမိမှာရှိနေတဲ့အချိန်မှာ တန်ဖိုးမထားဘဲ ပျောက်သွားတော့မှ တန်ဖိုးထားရမှန်း ကျေးဇူးတင်းရကောင်းမှန်း သိကြတယ်။

တမန်တော်မြတ်(ဆွ) သည် ကျန်းမားရေးကောင်းခြင်းသည် ပိုက်ဆံချမ်းသာခြင်းထက် ပိုကောင်းကြောင်း ပြောထားလေသည်။

ဘာသာတရားကိုင်းရှိုင်းသူက ပစ္စည်းဥစ္စာပါပေါကြွယ်ဝတာ ကောင်းပါတယ်။ သိုပေမဲ့ ဘာသာတရားကိုင်းရှိုင်းပြီး ကျန်းမာရေးကောင်းခြင်းသည် ပစ္စည်းဥစ္စာပေါကြွယ်ဝခြင်းထက် ပိုကောင်းပါတယ်။
(အိဗ်နုမာဂျဟ်)

တစ်ချို့သူတွေမှာ ပစ္စည်းဥစ္စာကြွယ်ဝသော်လည်း ကျန်းမာရေးမကောင်းတာကြောင့် အပြည့်အဝ မပျော်ရွှင်နိုင်၊ ဝတ်မပြုနိုင် စသဖြင့်ဖြစ်ကြတယ်။

အဲ့တာကြောင့်ကျန်းမာခြင်းက အရှင်မြတ်ဆီကရတဲ့ အကောင်းဆုံးချီးမြှင့်မှုတွေထဲက တစ်ခုဖြစ်တယ်။

ကုရ်အာန်ကျမ်းတော်မြတ်တွင်လာရှိသည်။

"(အို-တမန်တော်)အသင်ပြောလိုက်ပါ-အရှင်မြတ်ပင် အသင်တို့အား ဖန်ဆင်းတော်မူခဲ့သည့်အရှင်ဖြစ်တော်မူသည်။ ထို့ပြင် အသင်တို့အတွက်အရှင်မြတ်သည် နားများ၊ မျက်စိများနှင့် စိတ်နှလုံးများကို ပြုလုပ်ပေးသနားတော်မူခဲ့သည်။ အသင်တို့သည် အနည်းငယ်သာ ကျေးဇူးသိတတ်ကြသည်။" ကုရ်အာန် (၆၇:၂၃)

"ထိုဂျင်န်များသည် ၎င်းအတွက် ၎င်းအလိုရှိသော ကြီးကျယ်သည့်အဆောက်အအုံများ၊ ရုပ်တုများ၊ ရေကန်ကြီးခန့်ရှိသည့် ဇလုံများ၊ မပြောင်းမရွှေ့နိုင်သော အိုးကြီးများကို ပြုလုပ်ပေးကြသည်။ (ထို့ပြင် ငါအရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့သည်)။ အို- ဒါဝူဒ်၏မျိုးနွယ် အိမ်သူအိမ်သားအပေါင်းတို့၊ အသင်တို့သည် ကျေးဇူးသိတတ်သည့်အနေဖြင့် ကောင်းမှုပြုကြပါ။ ထို့ပြင် အရှင်မြတ်၏ကျွန်များထဲတွင် ကျေးဇူးသိတတ်သူများသည် အလွန်နည်းသည်။" ကုရ်အာန် (၃၄:၁၃)

အာအေရှာ (ရသွေ့) သခင်မထံမှ ဆင့်ပြန်လာရှိသည်။ အာအေရှာ သခင်မသည် တမန်တော်မြတ်(ဆွ) အား ညဘက်တွင်အချိန်ကြာမြင့်စွာ ခြေဖနောင့်ကွဲသည်အထိ မတ်တတ်ရပ်၍ ဝတ်ပြုနေတာကို တွေ့ရသောအခါ သူမသည် “ အရှင်မြတ်သည် ကိုယ်တော်မြတ်၏ အရင်နှင့်ရှေ့တွင်ရှိသော အပြစ်များကို ခွင့်လွှတ်ပြီးတာတောင် အဘယ်ကြောင့် ဤမျှအထိ ဝတ်ပြုနေတာလဲ” ဟုမေးမြန်းရာ ကိုယ်တော်မြတ်က “ငါကိုယ်တော်က ကျေးဇူးသိတတ်တဲ့ အရှင်မြတ်ရဲ့ ကျွန်တစ်ယောက်မဖြစ်သင့်ဘူးလား “ ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။ (ဗုခါရီကျမ်း)

ကုရ်အာန်ကျမ်းတော်မြတ်တွင်လာရှိသည်။

"ထို့ပြင် တစ်ခါက အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသိပေးတော်မူခဲ့သည်- အကယ်၍ အသင်တို့သည် အမှန်ပင် ကျေးဇူးတော်ကို သိတတ်ခဲ့ကြလျှင်၊ အမှန်ပင် ငါအရှင်မြတ်သည် အသင်တို့အား ပိုတိုးပြီး ပေးသနားတော်မူမည်၊ ၎င်းနောက် အကယ်၍ အသင်တို့သည် အမှန်ပင် ကျေးဇူးကန်းကြလျှင်၊ ငါအရှင်မြတ်၏ပြစ်ဒဏ်သည် အမှန်ပင် ပြင်းထန်လှသည်။" ကုရ်အာန် (၁၄:၇)

အကြင်သူဟာ အရှင်မြတ်အပေါ် ကျေးဇူးပိုသိတတ်လေ၊ အရှင်မြတ်၏ ကောင်းချီးများ ထိုသူအပေါ် ပို၍ကျရောက်လေဖြစ်ပါတယ်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ