ရမသွာန် မိတ်ဆက်

ရမသွာန် မိတ်ဆက်

ရမသွာန်ဆိုသည်မှာ...

            ရမသွာန်လဟာ အစ္စလာမ်သာသနာဝင်တွေရဲ့ ဥပုသ်လ (ဝါတွင်း) ဖြစ်ပါတယ်။ ကမ္ဘာနှင့်အဝှမ်းက ဘီလီယံနဲ့ချီတဲ့ အစ္စလာမ်သာသနာဝင် မွတ်စလင်မ်တွေဟာ ရမသွာန်လမြတ် ကျရောက်လာတဲ့အခါမှာ ဥပုသ်သီလ ဆောက်တည်ကြပါတယ်။  ဒီလမှာ ဒီလို ဥပုသ်ဆောက်တည်ရခြင်းဟာ အစ္စလာမ့် ယုံကြည်မှုရဲ့ မဏ္ဍိုင်ကြီးတွေထဲက တစ်ခု ဖြစ်ပါတယ်။ အစ္စလာမ် သာသနာမှာ ဥပုသ်သီလဆောက်တည်ခြင်းဟာ အရေးကြီးတဲ့ ခဝပ်ကိုးကွယ်မှုတစ်ခုဖြစ်ပြီး ဘုရားသခင်ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်စေဖို့၊  စိတ်နှလုံးထဲမှာ ဖန်ဆင်းရှင်ကို သတိရနေစေဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ရမသွာန်ဆိုတဲ့ စကားလုံးဟာ လောင်ကျွမ်းခြင်း အနက်အဓိပ္ပာယ်ကို ဆောင်ပါတယ်။ ဒီလမှာ ဥပုသ်ဆောက်တည်ခြင်းကြောင့် ဆာလောင်မွတ်သိပ်ခြင်းနှင့် ဥပုသ်ဆောက်တည်ခြင်းကြောင့် အပြစ်ဒုစရိုက်များလောင်ကျွမ်းသွားခြင်းကို အကြောင်းပြုပြီး ဒီလို အမည်မှည့်ခေါ်ရခြင်း ဖြစ်ပါတယ်။ (အလင်းပြကျမ်း)

နှစ်တစ်နှစ်ရဲ့ ဘယ်အချိန်မှာ ရမသွာန် ကျရောက်သလဲ?

            ရမသွာန်လဟာ လရဲ့လှည့်ပတ်မှုကို အခြေခံထားတဲ့ အစ္စလာမ့် ပြက္ခဒိန်ရဲ့ ကိုးလမြောက်လ ဖြစ်ပါတယ်။  လပြက္ခဒိန်ရဲ့ နှစ်တစ်နှစ်ဟာ နေပြက္ခဒိန်ရဲ့နှစ်ထက် ၁၀ရက် (သို့မဟုတ်)၁၁ရက် တိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အသုံးပြုနေကြတဲ့ ပြက္ခဒိန်နဲ့ဆို နှစ်တိုင်း ရမသွာန်လဟာ ရှေ့နှစ်ထက် ၁၀ရက် (သို့မဟုတ်) ၁၁ရက် စောပြီး ကျရောက်လေ့ရှိပါတယ်။ ဒါကြောင့် ရမသွာန်ဟာ ဥတုရာသီတိုင်းမှာ ကျရောက်နိုင်ပြီး မွတ်စလင်မ်တို့ဟာလည်း ဥတုရာသီမရွေး ရမသွာန်လ ကျရောက်လာတဲ့အခါ ဥပုသ်စောင့်ကြရပါတယ်။  ရက်အတိအကျကိုတော့ ဆန်းဦးစလကို ကြည့်ပြီး ဆုံးဖြတ်ပါတယ်။ ရမသွာန်ဟာ ၂၉ရက်(သို့မဟုတ်) ရက်၃၀၊ လပြက္ခဒိန်အရ တစ်လတိတိ ကြာမြင့်ပါတယ်။

မွတ်စလင်မ်တွေက ဘာကြောင့် ရမသွာန်လမှာ ဥပုသ်စောင့်ထိန်းကြတာလဲ?

            အစ္စလာမ် သာသနာရဲ့ကျမ်းစာ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်က-

“ရမသွာန်လသည် ကုရ်အာန်ကျမ်းတော်မြတ် ကျရောက်ခဲ့သည့်လ ဖြစ်သည်။ ထိုကျမ်းတော်သည် လူသားများအားလုံးအတွက် လမ်းမှန်ညွှန်ကြားပြသချက်၊ ၎င်းပြင် တရားလမ်းမှန်နှင့် အမှားအမှန် ခွဲခြားသိစေမှု၏ ထင်ရှားသည့်သက်သေလက္ခဏာများပင်ဖြစ်သည်။ ထိုသို့ဖြစ်ရာ အသင်ထဲမှ မည်သူမဆို ထိုလနှင့် ကြုံကြိုက်ခဲ့လျှင် ထိုသူသည် ထိုလတွင်(တစ်လလုံး)စွောင်မ် ဥပုသ်စောင့်ထိန်းရမည်။…”(၂:၈၁၅)  ဟူ၍ မိန့်ထားတော်မူပါတယ်။  ဒီလို တစ်နှစ်မှာ တစ်လ ဥပုသ်သီလစောင့်ထိန်းဖို့ အမိန့်ပညတ်ထားခြင်းဟာ လူသားတွေရဲ့ စိတ်နှလုံးသားကိုရော ခန္ဓာကိုယ်ကိုပါ သန့်စင်စေဖို့၊ လိုချင်တပ်မက်မှု လောဘစိတ်တွေကို ထိန်းချုပ်ဖို့၊ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ တိုးတက်ကောင်းမွန်စေဖို့ ၊ အရှင်မြတ်ကို ပိုပြီး သတိရစေဖို့၊ ဆင်းရဲချို့တဲ့သူများကို စာနာတတ်စေဖို့ စတဲ့ ရည်ရွယ်ချက်များ အားလုံးပါဝင်ပါတယ်။ ဒီဥပုသ်လရဲ့ အဓိကအကျဆုံးရည်ရွယ်ချက်ကတော့ လောကီကိစ္စများကို လျှော့ချပြီး ဖန်ဆင်းရှင်ဘက်ကို ပြန်လှည့်ကြဖို့ပဲ ဖြစ်ပါတယ်။

အစ္စလာမ်သာသနာဝင်တွေက ဥပုသ်လကို ဘယ်လိုဖြတ်သန်းကြသလဲ?

ဥပုသ်စောင့်ထိန်းခြင်း

             ဥပုသ်သီလဆောက်တည်ခြင်းကို အရဗီဘာသာစကားမှာ "ဆွိယာမ်" (သို့မဟုတ်) "ဆွောင်မ်"လို့ သုံးနှုန်းပါတယ်။ မူရင်းအဓိပ္ပာယ်မှာ ဆိုင်းငံ့ခြင်း၊ ချုပ်တည်းခြင်း၊ တားဆီးခြင်း ဟူ၍ ဖြစ်ပါတယ်။ (အလင်းပြကျမ်း)

            ရမသွာန် ဥပုသ်လရဲ့ နေ့ဘက်တွေမှာ အစ္စလာမ်သာသနာဝင်တွေဟာ အစာစားခြင်း၊ ရေအပါအဝင် သောက်စရာများ သောက်သုံးခြင်း၊ မေထုန်အမှုပြုခြင်း၊ ဆေးလိပ်သောက်ခြင်း စသည်တို့မှ ရှောင်ကြဉ်ကြပါတယ်။  ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုများလည်း ပြုလုပ်ရပါတယ်။ လိမ်လည်ခြင်း၊ အတင်းပြောခြင်း၊ ဆဲဆိုခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း စတဲ့မကောင်းမှုတွေဟာ တစ်နှစ်ပတ်လုံးမှာလည်း လုပ်ခွင့်မရှိသလို ရမသွာန်မှာတော့ ပိုမိုသတိထား ရှောင်ရှားရမှာ ဖြစ်တယ်။ အခြေအနေအရပ်ရပ်ကို သည်းခံခြင်း၊ ခွင့်လွှတ်နားလည်ပေးခြင်းတို့နှင့် တုံ့ပြန်ကြရမှာ ဖြစ်ပါတယ်။ အစားအသောက် အငတ်ခံပြီး အထက်ဖော်ပြပါ ကိစ္စများ ပြုလုပ်နေပါကလည်း ဥပုသ်စောင့်ခြင်းကို အလဟဿ ဖြစ်စေပါတယ်။ တမန်တော်မုဟမ္မဒ်(ﷺ)က “မည်သူမဆို ဆွောင်မ် ဥပုသ်စောင့်ထိန်းနေစဉ် မုသားစကားနှင့် မုသားလုပ်ရပ်ကို မစွန့်လွှတ်ခဲ့ရင် သူ့ရဲ့ စားသောက်ခြင်းကို စွန့်လွှတ်မှု (အငတ်ခံမှု)ကို အလ္လာဟ်အရှင်မြတ်က အလိုမရှိဘူး” ဟူ၍ မိန့်ကြားတော်မူခဲ့ပါတယ်။ (ဆွဟီးဟ် ဗုခါရီကျမ်း - ၁၉၀၃)

 

- ဥပုသ်ဆောက်တည်ရတဲ့အချိန်က ဘယ်လောက်ကြာသလဲ?

            မွတ်စလင်မ်တို့ဟာ မနက် အာရုဏ်မတက်မီ အချိန်မှ ညနေ နေဝင်ချိန်အထိ ဥပုသ်သီလ စောင့်ထိန်းကြရပါတယ်။  "စုဟူးရ်"ခေါ် မနက် အာရုဏ်မတက်မီ စားသောက်ခြင်း ပြုလုပ်ကြပြီးနောက် တစ်နေကုန် အစားစားခြင်း၊ ရေသောက်ခြင်း၊ မေထုန်အမှုတို့ကို မပြုလုပ်ရပါဘူး။ ညနေ နေဝင်သည့်အချိန်မှာ ဥပုသ်ထွက်ရပြီး နောက်နေ့မနက် အာရုဏ်တက်ချိန်အထိ စားသောက်ခြင်းနှင့် မေထုန်အမှုတို့ကို ပြုလုပ်နိုင်ပါတယ်။

 

- ဘယ်သူတွေမှာ ဥပုသ်စောင့်ဖို့ တာဝန်ရှိတာလဲ?

            အရွယ်ရောက်ပြီး ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းကာ စိတ်ကျန်းမာသည့် တတ်စွမ်းနိုင်သူ မွတ်စလင်မ်တိုင်း တစ်နှစ်မှာ ရမသွာန်တစ်လ မဖြစ်မနေ ဥပုသ်သီလ ဆောက်တည်ကြရပါတယ်။

 

- ဘယ်သူတွေက ဥပုသ်စောင့်ထိန်းဖို့ မလိုအပ်ဘူးလဲ?

            အစ္စလာမ်သာသနာမှာ ဥပုသ်စောင့်ထိန်းဖို့ အခက်အခဲရှိနေသူများအတွက် ကင်းလွတ်ခွင့်နှင့် ရက်ရွှေ့ခွင့်တွေ ရှိပါတယ်။

·         အရွယ်မရောက်သေးသော ကလေးငယ်များဟာ ဥပုသ်စောင့်ဖို့ တာဝန်မရှိပါဘူး။

·         ခရီးသွားနေသူနှင့် ခဏတာနာမကျန်းဖြစ်နေသူများအနေနှင့် ဉပုသ်သီလစောင့်ခြင်းမှ ကင်းလွတ်ခွင့်ရှိပြီး နောက်တတ်စွမ်းနိုင်တဲ့ အချိန်မှ ပြည်လည် ဆောက်တည်နိုင်ပါတယ်။

·         အသက်အရွယ်ကြီးရင့်သူများနှင့် နာတာရှည် ရောဂါဝေဒနာခံစားနေရတာကြောင့် အစားဖြည့်ပြီး ဥပုသ်မဆောက်တည်နိုင်သူများဟာ သူပျက်ကွက်တဲ့နေ့တိုင်းအတွက် သူဆင်းရဲ တစ်ယောက်ကို ကျွေးမွေးဖို့ ရွေးချယ်နိုင်ပါတယ်။

·         ဓမ္မတာသွေးဆင်းနေတဲ့ အမျိုးသမီးများဟာ အဲဒီအချိန်အတွင်း ဥပုသ်သီလဆောက်တည်ခြင်းနှင့် ဝတ်ပြုခြင်းကနေ အနားယူလို့ ရပါတယ်။ ဓမ္မတာပြီးဆုံးသွားတဲ့အခါ ဥပုသ်သီလကိုတော့ ပြန်အစားထိုး စောင့်ထိန်းရမှာဖြစ်ပြီး ဝတ်ပြုမှုများကိုတော့ အစားဖြည့်ဖို့ မလိုအပ်ပါဘူး။

·         ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်ကျွေးနေရတဲ့ မိခင်များဟာ ဥပုသ်မစောင့်ဘဲ နေခွင့်ရှိပါတယ်။

·         ကလေးမီးဖွားပြီး သွေးဆင်းနေသော မိခင်များလည်း ကင်းလွတ်ခွင့် ရှိပါတယ်။

·         စိတ်ရောဂါ ခံစားနေရသူများလည်း ဥပုသ်စောင့်ဖို့ တာဝန်မရှိပါဘူး။

            ဒီအချက်တွေကိုကြည့်ပြီး အစ္စလာမ်သာသနာဟာ စာနာကရုဏာတရားရှိပြီး လက်တွေ့ကျတဲ့၊ ကျင့်သုံးဖို့ လွယ်ကူတဲ့ သာသနာဖြစ်ကြောင်း သိနိုင်ပါတယ်။

 

ဥပုသ်သီလဆောက်တည်ခြင်းရဲ့ အကျိုးကျေးဇူးများ

အစ္စလာမ်သာသနာမှာ ဥပုသ်သီလဆောက်တည်ခြင်းဟာ ကုသိုလ်များစွာရရှိသော၊ ဖန်ဆင်းရှင် ကျေနပ်နှစ်သက်စေသော မွန်မြတ်တဲ့ ခဝပ်ကိုးကွယ်မှုဖြစ်သည့်အပြင် လောကီရှုထောင့်က ကြည့်ရင်လည်း ကိုယ်စိတ်နှစ်ပါးအတွက် အင်မတန်ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဥပုသ်သီလဆောက်တည်ခြင်းကနေ ရရှိနိုင်မယ့် ရုပ်ခန္ဓာပိုင်းဆိုင်ရာနှင့် စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများမှာ-

၁။ စိတ်ဝိဉာဉ်ကို သန့်စင်စေခြင်း - ဉပုသ်သီလစောင့်ထိန်းခြင်းကြောင့် စိတ်ဝိဉာဉ်ဟာ မကောင်းမှုများမှသန့်စင်ပြီး ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို ပိုမို သတိရစေပါတယ်။

၂။ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်း - ဥပုသ်စောင့်ခြင်းက မိမိရဲ့စိတ်ကို တဏှာရာဂ၊ အလိုရမ္မက်များမှ ချုပ်တည်းနိုင်ဖို့ လေ့ကျင့်ပေးပါတယ်။

၃။ ကိုယ်ချင်းစာနာစိတ် - ဆာလောင်မှုကို ကိုယ်တိုင်တွေ့ကြုံ ခံစားရတဲ့အတွက် သူဆင်းရဲတို့ကို ကိုယ်ချင်းစာနိုင်ပြီး မျှဝေပေးကမ်းလိုစိတ် ဖြစ်ပေါ်စေပါတယ်။

၄။ ကျန်းမာရေး အကျိုးကျေးဇူးများ - ဥပုသ်စောင့်ခြင်းဟာ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း၊ သွေးတွင်းအဆီထိန်းပေးခြင်း၊ ကိုယ်အလေးချိန်ထိန်းပေးခြင်းနှင့် ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေခြင်း စတဲ့အကျိုးကျေးဇူးတွေရှိကြောင်း ဆေးပညာသုတေသနတွေကနေ သိရှိနိုင်ပါတယ်။

၅။ စိတ်ကြည်လင်ခြင်း - အစားအစာ စားသောက်ခြင်းကို လျှော့ချလိုက်တဲ့အခါ စိတ်ပိုမိုကြည်လင်ပြီး အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာကြောင်း  စစ်တမ်းတွေအရ သိရပါတယ်။

၆။ ဖန်ဆင်းရှင် ကျေးဇူးတော်များကို သိမြင်လာခြင်း -  နေ့စဉ်ပုံမှန်စားသောက်နေချိန်ရတဲ့အချိန်တွေထက် အချိန်ကြာမြင့်စွာ မစားမသောက်ဘဲနေရာမှ ပြန်လည်စားသောက်ရတဲ့အခါ အစားအသောက်ကို ပိုမိုတန်ဖိုးထားတတ်ပြီး အစားအသောက် ချီးမြှင့်ထားတော်မူတဲ့ ဖန်ဆင်းရှင်ရဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်ကို ပိုမိုသိမြင်လာပါတယ်။

 

ရမသွာန်လမှာ ဥပုသ်စောင့်ခြင်းအပြင် တခြားဘာတွေ လုပ်ကြသလဲ?

 ဆွလာသ်ဝတ်ပြုမှု

            မွတ်စလင်မ်တို့ဟာ မွန်မြတ်တဲ့ ဥပုသ်လမှာ တစ်နှစ်ပတ်လည်လုံးဝတ်ပြုရတဲ့ နေ့စဉ်ဆွလာသ် ငါးကြိမ်အပြင် ထပ်ဆောင်းဝတ်ပြုမှုများကိုလည်း ကြိုးစားဝတ်ပြုကြပါတယ်။ ရမသွာန်လရဲ့ ညများမှာ အထူးတလည် စုပေါင်းဝတ်ပြုကြတဲ့"သရာဝီဟ်" နှင့် ညရဲ့နောက်ဆုံးယံမှာ"သဟဂျ်ဂျုဒ်" လို့ခေါ်တဲ့ ဝတ်ပြုမှုများကို ဆောက်တည်ကြပါတယ်။ အချို့သူများက"အိသိကာဖ်"ခေါ် ဗလီဝတ်ကျောင်းတော်များမှာ တရားစခန်းဝင်ခြင်း ပြုလုပ်ကြပါတယ်။ ကုရ်အာန်ကျမ်းမြတ် ဖတ်ရွတ်လေ့လာမှုကိုလည်း တိုးမြှင့်ပြီး လုပ်ဆောင်ကြပါတယ်။


 

အလှူဒါနများစွာပြုလုပ်ခြင်း

            မွတ်စလင်မ်တို့ဟာ ရမသွာန်လမှာ မိမိတို့ရဲ့ ကောင်းမှုတွေအားလုံးကို ပိုမိုပွားများပြီး ဆောင်ရွက်ကြပါတယ်။ အထူးသဖြင့် အလှူအတန်းများကို ရက်ရောစွာ ပြုလုပ်ကြပါတယ်။ လိုအပ်နေသူများကို ကူညီခြင်း၊ အစားအသောက်ချို့တဲ့သူများအတွက် အကျွေးအမွေးအစီအစဉ်များအပြင် တတ်နိုင်သူများအပေါ် ချမှတ်ထားတဲ့ တစ်နှစ်တာအတွင်း မပေးမနေရအလှူ (ဇကားသ် အလ်-ဖိသ်ရ်) ကိုလည်း ရမသွာန်လ မကုန်ခင် ပေးလှူကြပါတယ်။ ဇကားသ် အလ်-ဖိသ်ရ်ကို အီးဒ်(ဝါကျွတ်ပွဲတော်နေ့)မရောက်ခင် ပေးကမ်းရပါတယ်။ ငွေကြေးချို့တဲ့သူများနှင့် ဆင်းရဲနွမ်းပါးသူများလည်း ဝါကျွတ်အီးဒ်ပွဲတော်မှာ ပျော်ရွှင်စွာ ဆင်နွှဲပါဝင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

ရမသွာန်နှင့် ကုရ်အာန်

            ရမသွာန်လမြတ်ဟာ အစ္စလာမ်သာသနာဝင်တို့ရဲ့ ကျမ်းစာဖြစ်တဲ့ ကုရ်အာန်ကျမ်းတော်မြတ် အပြည့်အစုံ ကျရောက်ခဲ့တဲ့ လလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလမှာ ကုရ်အာန်ကျမ်းမြတ် ဖတ်ရွတ်ခြင်း၊ လေ့လာခြင်းများကို အထူး ပြုလုပ်ကြပါတယ်။ မွတ်စ်လင်မ်တို့ဟာ နေ့စဉ်ဝတ်ပြုမှုတွေမှာ ကျမ်းမြတ်ကုရ်အာန်ကို အနည်းနှင့်အများ ဖတ်ရွတ်ကြပါတယ်။ ရမသွာန်လရဲ့ ညတွေမှာတော့ အထူးဝတ်ပြုမှုဖြစ်တဲ့ "သရာဝီဟ်ဆွလာသ်"ကို ကမ္ဘာ့အဝှမ်းက ဗလီတိုင်းမှာ ဝတ်ပြုကြပြီး အဲဒီလို ဝတ်ပြုတဲ့အခါမှာ ကုရ်အာန်ကျမ်းမြတ်ကို အစမှအဆုံးထိ ဖတ်ရွတ်ကြပါတယ်။ ဒါဟာ တမန်တော်မုဟမ္မဒ်(ﷺ) လက်ထက်ကတည်းက ရှိခဲ့တဲ့အစဉ်အလာ ဖြစ်ပါတယ်။ နှစ်စဉ် ရမသွာန်လမှာ တမန်တော်ဟာ ကောင်းကင်တမန်တော် ဂျီဗ်ရာအီလ်နှင့်အတူ ကုရ်အာန်ကျမ်းမြတ်မှ သူ့ထံကျရောက်ပြီးသည်အထိကို တစ်ဖန်ပြန်လည် ဖတ်ရွတ်လေ့ ရှိခဲ့ပါတယ်။

လိုင်လသွလ်ကဒရ်

            ရမသွာန်လမြတ်ဟာ အစ္စလာမ့်လများမှ အမွန်မြတ်ဆုံးလ ဖြစ်ရတဲ့ အကြောင်းတွေထဲက တစ်ခုကတော့ သူ့မှာ လပေါင်းတစ်ထောင်ထက် သာမြတ်တဲ့ ညတစ်ည ပါဝင်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီညကို အရဗီဘာသာနဲ့ "လိုင်လသွလ် ကဒရ်" လို့ ခေါ်ပါတယ်။ "နဖူးစာ သတ်မှတ်သောည" လို့ အဓိပ္ပာယ်ရပါတယ်။  လူတစ်ယောက်ချင်းစီရဲ့ တစ်နှစ်တာအတွင်း ရရှိမယ့် ရိက္ခာနှင့် ဥစ္စာပစ္စည်း၊ သူ့ရဲ့သက်တမ်းနှင့် အခြားအရေးကြီး ကိစ္စများကို ဆုံးဖြတ်သတ်မှတ်တယ်လို့ ဆိုကြပါတယ်။ အချို့ပညာရှင်များက "ကဒရ်"ကို အစွမ်းထက်သောလို့ အဓိပ္ပာယ်ယူပြီး ဒီညမှာပြုလုပ်တဲ့ ကောင်းမှုတွေဟာ ပိုမိုအစွမ်းထက်တာကြောင့် "အစွမ်းထက်သောည" လို့ အနက်ဖွင့်ဆိုကြပါတယ်။ ဒီညဟာ ရှေးကတမန်တော်များလက်ထက်မှာ မရှိခဲ့ဘဲ တမန်တော်မုဟမ္မဒ်(ﷺ) ရဲ့ နောက်လိုက်တွေကို သီးသန့်ချီးမြင့်ထားတဲ့ ဖန်ဆင်းရှင်မြတ်အလ္လာဟ်ရဲ့ လက်ဆောင်ပဲ ဖြစ်ပါတယ်။ တမန်တော်မုဟမ္မဒ်(ﷺ) ရဲ့ နောက်လိုက်တွေဟာ ဘဝသက်တမ်းအနေနဲ့ တိုတောင်းတာကြောင့် အခြားတမန်တော်တွေရဲ့ နောက်လိုက်တွေလောက် ကောင်းမှုကုသိုလ်တွေပြုလုပ်ဖို့ အချိန်မရတဲ့အတွက် အခုလို လပေါင်းတစ်ထောင်ထက် သာမြတ်တဲ့ ညကို ချီးမြင့်ခံရတာ ဖြစ်ပါတယ်။ လိုင်လသွလ်ကဒရ်ရဲ့ ရက်အတိအကျကိုတော့ အလ္လာဟ်အရှင်မြတ်က ဖုံးကွယ်ထားတော်မူပါတယ်။ ရမသွာန်လမြတ်ရဲ့ နောက်ဆုံး ၁၀ညမှ မ,ညများမှာ အထူးတလည်ရှာဖွေဖို့ တမန်တော်က တိုက်တွန်းထားပါတယ်။ ဒီလို အတိအကျမဖော်ပြထားတာက လူသားတွေဟာ ဒီညကိုကြုံကြိုက်ဖို့ မျှော်လင့်ချက်နဲ့ တစ်လလုံး ကောင်းမှုကုသိုလ်တွေ ပွားများဖို့ ကြိုးစားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

 

အီဒုလ် ဖိသိရ် (ဝါကျွတ်ပွဲတော်)

ရမသွာန်ဥပုသ်လ ပြီးဆုံးသွားတဲ့အခါမှာ အိဒ်ဒုလ်ဖိသ်ရ်လို့ခေါ်တဲ့ ဝါကျွတ်အိဒ်ပွဲတော်နေ့ ရောက်ရှိလာပါတယ်။ မွတ်စလင်မ်တို့ဟာ တစ်လလုံး ဥပုသ်သီလ ဆောက်တည်၊ ကောင်းမှုကုသိုလ်များပွားများပြီး စိတ်တည်ငြိမ်အေးချမ်းမှုကို ပေးစွမ်းတဲ့ ရမသွာန်လကို နှုတ်ဆက်ခွဲခွာရတော့မှာဖြစ်တဲ့အတွက် စိတ်မကောင်းကြသလို ဝါကျွတ်ပွဲတော်ဖြစ်တဲ့ အီးဒ်ဒုလ်ဖိသ်ရ်ကို ဆင်နွှဲကြဖို့လည်း စိတ်လှုပ်ရှားနေကြပါတယ်။ အိဒ်ပွဲတော်ရဲ့ မနက်ခင်းများကို “သက်ဗီရ်”ခေါ်တဲ့ “အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံး ဖြစ်တော်မူသည်”ဟူသော ကြွေးကြော်သံများနှင့်အတူ အိဒ်ဆွလာသ် စုပေါင်းဝတ်ပြုမှုနှင့် စတင်ကြပါတယ်။ မွတ်စလင်မ်တို့ဟာ အိဒ်ပွဲတော်နေ့မှာ အလှပဆုံး၊ အကောင်းမွန်ဆုံး အဝတ်အစားများကို ဝတ်ဆင်ကြပြီး ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများထံ သွားရောက်တွေ့ဆုံကြကာ "အိဒ်မုဘာရက်" လို့ ဖက်လှဲတကင်း နှုတ်ဆက်ကြပါတယ်။ အိဒ်ဆွလာသ်အပြီးမှာတော့ နေရာဒေသအလိုက် ဓလေ့ထုံးစံတွေအပေါ်မူတည်ပြီး ပုံစံအမျိုးမျိုးနဲ့ ဆင်နွှဲကြပါတယ်။ အရသာရှိတဲ့ အစားအစာတွေ ပြုလုပ်ပြီး ကျွေးမွေးဝေငှတာ၊ လက်ဆောင်တွေ လဲလှယ်ကြတာ၊ လူကြီးတွေက ကလေးတွေကို "အီဒီ"မုန့်ဖိုးပေးကြတာ စသဖြင့် အမျိုးမျိုးတွေ့နိုင်ပါတယ်။မြန်မာနိုင်ငံမှာတော့ စမိုင်နှင့် အခြားမြန်မာမုန့်တွေ လုပ်ကြပြီး မွတ်စလင်မ်အချင်းချင်းရော၊ ဘာသာခြားမိတ်ဆွေများကိုပါ ဖိတ်ခေါ်ကျွေးမွေး ဝေငှတဲ့ ဓလေ့ ရှိပါတယ်။

ကမ္ဘာ့အဓိကဘာသာတရားများနှင့် ကိုးကွယ်ရာအရှင်အယူအဆ